သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၀ )

 အခန်း (၁၀)

ကျန်းယိမင်းနှင့် ကူမိုင်ခန်းတို့ နှစ်ယောက် တောရိုင်း တိရစ္ဆာန်များ အတက်အဆင်း ပြုလုပ်မှုကြောင့် ဖြစ်ပေါ်နေသော လမ်းကြောင်းဖုံဖုံလေးတစ်ခုအတိုင်း  ဤသို့ ပြေးဆင်းလာကြရာ လျှိုမြောင် အောက်ခြေပိုင်း တစ်နေရာသို့ အရောက်တွင် လူတစ်စုကို ရုတ်တရက် လှမ်းမြင် လိုက်သည်။

လူလေးယောက် ပါဝင်သောအစု။

တစ်ယောက်မှာ အဖြူရောင် ဝတ်စုံ ဝတ်ထားသော အသက်နှစ်ဆယ်ခန့်ရှိ လုလင်ပျို ဖြစ်သည်။


မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်သည့် အမူအရာများ အထင်းသား ပေါ်လွင်သိသာသည်။

ကျန်သုံးယောက်သည် ဝတ်စုံဖြူ ဝတ်လူရွယ်ကို တြိဂံပုံ သုံးဖက် သုံးတန်မှ ဝန်းရံ၍ ရပ်နေသည်။

သူတို့၏အဝတ်အစားများသည် မြေကြီးများ၊ ဖုန်မှုန့် များ ပေကျံညစ်ပတ်၍ နေ၏။

မည်သို့သော အရောင်အသွေး အဆင်အပြင် ရှိသည့် အဝတ်အစားများ ဖြစ်သည်ဆိုခြင်းကိုပင် ခွဲခြား သိနိုင်ရန် ခက်သည်။

ကြမ်းတမ်းခက်ထန်သည့် အသွင်အပြင် အမူအရာများလည်းရှိကြသည်။

ကျန်းယိမင်းနှင့် ကူမိုင်ခန်းတို့ တွေ့ရသည့် လူလေးယောက်မှာ ကျင်းကော့ထန်၊ အရိပ်မဲ့ အဆိပ်၊ငါးမန်းနက်နှင့် ငှက်မိစ္ဆာတို့ပင်ဖြစ်ကြ၏။


မြင်ရသည့် အချိန်ကလည်း တကယ့် အချိန်ကောင်း။

ကျင်းကော့ထန်ကိုခုပိုင်း လက်စတုံး စီရင်နိုင်ရန် အရိပ်မဲ့အဆိပ်က လခြမ်းပုံဓားပျော့ကို ကိုင်မြှောက်

သည့် အချိန်။

မည်သူမည်ဝါတွေဖြစ်သည်၊ မည်သည့်အရေးကိစ္စကြုံသည်ကို သေချာရေရာစွာ မသိသော်လည်း ငယ်ရွယ်သော လုလင်ပျိုတစ်ယောက်ကို လူကြမ်းကြီးသုံးယောက်ကဝန်းရံကာ ဓားဖြင့် ခုတ်ပိုင်းသတ်ဖြတ်ရန်ပြုလုပ်နေသည်ကို မကြည့်ရက်သည့်အတွက် ကျန်းယိမင်းသည် လှစ်ခနဲ ဝင်ကာ ဓားဖြင့် ခုတ်ပိုင်း ချတော့မည်ဖြစ်သော အရိပ်မဲ့အဆိပ်ကို တွန်းထုတ်ပစ်လိုက်လေ၏။

ကျန်းယိမင်း တိမ်မီးခိုးကိုယ်ပျောက်ပညာ တတ်မြောက်ထားမှုက ကျင်းကော့လန်၏အသက်ကို လက်မတင်ကလေး ကယ်တင်ပေးလိုက်သည်ဟု ဆိုရပေမည်။

 ဓားဖြင့် ခုတ်ပိုင်းချနေလေပြီ ဖြစ်သော အရိပ်မဲ့အဆိပ်ကို အချိန်မီ တွန်းထုတ် ပစ်နိုင်ရန်မှာ အလွန်ပင် လျင်မြန် သွက်လက်စွာ လှုပ်ရှားလုပ်ဆောင်နိုင်မှဖြစ်ပေမည်။

ကျန်းယိမင်းက တိမ်မီးခိုး ကိုယ်ပျောက်ပညာကို သုံးကာအမြန်ဆုံး၊ အသွက်လက်ဆုံး ပြေးလွှားလှုပ်ရှားနိုင်သောကြောင့် ဓားခုတ်ချက်ပြည့်ပြည့်ဝဝခုတ်ပိုင်းမချနိူင်မီ အရိပ်မဲ့

အဆိပ်ကို တွန်းထုတ်ပစ်လိုက်နိူင်ခဲ့သည်။

အရိပ်မဲ အဆိပ် ကိုယ်ဟန်ယိမ်းယိုင်သွားသလို ဓားခုတ်ချက်လည်း လွဲချော်ထွက်သွား၏။

အရိပ်မဲ့အဆိပ်သည် ဝင်ရောက် စွက်ဖက်ပါဝင်လာသူ ကျန်းယိမင်းကို ဒေါသတကြီးပင် အတင်း ပြန်လည် တိုက်ခိုက်လေသည်။

ထိုအချိန်တွင်...

ကူမိုင်ခန်းလည်း ပြေးဝင်ရောက်ရှိလာလေရာ ငါးမန်းနက်နှင့် ငှက်မိစ္ဆာတို့နှစ်ယောက်ကို ဆီးကြို တိုက်ခိုက်ကြ လေတော့ သည်။

ဤသို့ဖြင့်...

ပြင်းထန်ကြမ်းတမ်းသည့်တိုက်ပွဲတစ်ခု ရုတ်တရက်ပေါ်ပေါက်၍ လာလေတော့သည်။


ကျန်းယိမင်းသည် အရိပ်မဲ့ အဆိပ်နှင့်ရင်ဆိုင်ကာ ကူမိုင်ခန်းကတော့ ငါးမန်းနက်နှင့်ငှက်မိစ္ဆာတို့ နှစ်ယောက်အား တိုက်ခိုက်နေ၏။

ကျင်းကော့ထန်ကတော့ တိုက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိ။

ဘေးမှရပ်ကာ ပွဲကြည့်သူသာလုပ်နေရ၏။

ကျန်းယိမင်းနှင့် ကူမိုင်ခန်းတို့နှစ်ယောက် မည်သူမည်

ဝါတွေ ဖြစ်ကြကြောင်းကို ကျင်းကော့ထန်မသိသေးပါ။

သို့သော်…

မိမိအသက်ဘေးအန္တရာယ် ကြုံရလုဆဲဆဲတွင် ဝင်ရောက် ကာကွယ်တိုက်ခိုက်ပေး၍ သေဘေးမှ သီသီလေး လွတ်ခဲ့သောကြောင့် ကျန်းယိမင်းနှင့်ကူမိုင်ခန်းတို့ကို ကျေးဇူးရှင်တွေဟု သတ်မှတ်ထားသည်။

အထူးတလည်ပင် ကျေးဇူးတင်သည်။

အရိပ်မဲ့အဆိပ် သုံးယောက်သား ကျန်းယိမင်းတို့ တိုက်ခိုက်၍ အလုပ်ရှုပ်နေစဉ် အခွင့်ကောင်းယူကာ ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်သော်လည်း ကျင်းကော့ထန်က ထွက်မပြေးခဲ့ပါ။.


 မိမိ၏အသက်ဘေးရန် ဝင်ရောက်ကူညီ ကာကွယ်ပေးသူတို့ကို အနည်းဆုံး ကျေးဇူးတင်စကားဖြစ်ဖြစ် ပြောလိုက်ချင်သေးသည်။

မိမိ၏ ကျေးဇူးရှင်တွေ မည်သူမည်ဝါဖြစ်သည်ကို မေးမြန်း ကြည့်ချင်သေး၏။

ထို့ကြောင့်...

ဘယ်ကိုမှ ထွက်ပြေးမသွားဘဲ ဘေးနားမှရပ်ကာ တိုက်ခိုက်မှုများကို ကြည့်နေ၏။

တစ်ယောက်ချင်း တိုက်ခိုက်နေသော ကျန်းယိမင်းထက် နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေသော ကူမိုင်ခန်းကိုပို၍ အာရုံဝင်စား၏။

ကူမိုင်ခန်း ရုပ်ရည်အတော်လှပသည်ကိုလည်း သတိပြုမိသည်။


ငယ်ရွယ်နူပျိုကာ ချောမောလှပသော မိန်းကလေး တစ်ယောက်က လူကြမ်းလူရမ်းကြီးနှစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေပေရာ ယှဉ်မှယှဉ်နိုင်ပါ့မလား။ အရေးရှုံးနိမ့်ကာ ထိခိုက်အနာတရများ ဖြစ်သွား

မည်လားဟုလည်း ကျင်းကော့ထန် တွေးပူနေသည်။

ထို ပြင်...


ကျင်းကော့လန်၏ စိတ်ထဲတွင် ကျန်းယိမင်းထက် ကူမိုင်ခန်းက သိုင်းပညာစွမ်းရည် ပိုမိုထက်မြက်လေသလားဟု ထင်မိနေ၏။

ကျန်းယိမင်း၏ ကဝိမနောအတွင်းအားမှာ ကူမိုင်ခန်း အတွင်းအားထက် ပိုမို၍ မြင့်မားနက်ရှိုင်း၏။

ကျန်းယိမင်း ယခုအသုံးချနေသော    နဂါးတောင်သိုင်းမှာလည်း. ထိပ်တန်းသိုင်းပညာရပ် တစ်ခုဖြစ်ကာ ကူမိုင်ခန်း ထုတ်သုံးနေသော သိုင်းပညာများထက် ပိုမိုအစွမ်း ထက်မြက်၏။


သို့သော်…

ကျန်းယိမင်းသည် ထိပ်တန်းအဆင့်မြင့် သိုင်းပညာအချို့ ကို တတ်မြောက်ခဲ့သော်လည်း အခြေခံမှစ၍ သိုင်းပညာကို စနစ်တကျ သင်ကြားခဲ့သည်တော့ မဟုတ်ပါ။ သိုင်းပညာတတ်မြောက်မှု မပြည့်စုံ။

တစ်ခုကောင်း နှစ်ခုကောင်း  တတ်မြောက်ထားသည့် သဘောမျိုး ဖြစ်နေ၏။

ကူမိုင်ခန်းကတော့ ဘီလူးဂိုဏ်း၏ သိုင်းပညာရပ်မျိုးစုံကို အခြေခံမှစကာ စုံစုံလင်လင် လေ့ကျင့်သင်ကြား တက်မြောက်ခဲ့သူ ဖြစ်၏။

အတိုက်အခိုက် သိုင်းပညာများ၊ အရှောင်အတိမ်း သိုင်းပညာများ၊ ကိုယ်ဖော့ပညာများသာမက အထောက်အကူ သိုင်းကွက်မျိုးစုံနှင့် တိုက်နည်း ပရိယာယ်များကိုပါ ပြည့်ပြည့်ဝဝ သင်ကြားလေ့ကျင့် ထားခဲ့၏။

ထို့ပြင်...


တိုက်ပွဲအတွေ့ အကြုံတွင် ကူမိုင်ခန်းက ကျန် ယိမင်းထက် ပိုမိုများပြားကာ တိုက်နည်းဗျူဟာတွင်လည်း ကူမိုင်ခန်းက ပိုမိုကျွမ်းကျင် လိမ္မာသည်။

တိုက်ခိုက်ရာတွင်လည်း ကျန်းယိမင်းက နဂါးတောင်သိုင်းကို တစ်ကွက်ချင်း ရိုးရိုးစင်းစင်းသာ အသုံးပြုခဲ့သည်။

သိုင်းကွက် အပြောင်းအလဲများ မလုပ်တတ်။

သိုင်းကွက်များ ပေါင်းစည်းမှု၊ ကွက်ကျော်လုပ်မှု၊ အကွက်ဖျောက်မှု စသည်တို့တွင် မကျွမ်းကျင်။

တိုက်နည်းဗျူဟာ အခင်းအကျင်းများကတော့ လုံးဝမရှိ။

ကူမိုင်ခန်းကတော့ တစ်ဖက်လူတို့၏ အ ခြေအနေကို ကြည့်ကာ သိုင်းကွက်သိုင်းဟန်များအား အလျဉ်းသင့်သလို ပြောင်းလဲ အသုံးချ၏။

                

တောဘီလူးရိုင်းသိုင်းဖြင့် တိုက်ခိုက်နေရာမှ တစ်မုဟုတ် ချင်း မိုးကြိုးဘီလူးသိုင်းကို ပြောင်းသုံးကာ တစ်ဖန် ဘီလူး မိုးပျံသိုင်းကိုသုံး၍ တိုက်ခိုက်မှုများ ပြုလုပ်သည်။

ကျန်းယိမင်းသည် နဂါးတောင်ဖြိုသိုင်းဖြင့် တိုက်ခိုက်ရာတွင် သိုင်းကွက်များကို သူ့အစီအစဉ်အတိုင်းသာ တစ်ကွက်ပြီး တစ်ကွက် ရိုက်ထုတ်တိုက်ခိုက်သည်။

နဂါးတောင်ဖြိုသိုင်း၏ ပထမသိုင်းကွက်ပြီး၍ ဒုတိယ သိုင်းကွက်ကို ဆက်၏။

ထို့နောက် တတိယသိုင်းကွက်ကို သုံးသည်။

သိုင်းကွက် အစီအစဉ်ကျော်ကာ တိုက် ခိုက် မှု မျိုးပင် မလုပ်

နဂါးတောင်ဖြိုသိုင်းမှာ ထိပ်တန်းပညာရပ်တစ်ခုဖြစ်ရာ တိုက်နည်းဗျူဟာ မသုံး။

သိုင်းကွက် အပြောင်းအလဲ လှုပ်ရှားမှု မလုပ်သည့်တိုင် သိုင်းစွမ်းရည်ကတော့ ပေါ်လွင်သင့်သလောက်ပေါ်လွင်၏။

အရိပ်မဲ့အဆိပ်မှာ ကျန်းယိမင်း၏ နဂါးတောင်ဖြိုသိုင်းဖြင့် တစ်ကွက်ချင်း တိုက်ခိုက်လာမှုကို ပြန်၍မလှန်နိူင်။

အလူးအလဲပင် ခံနေရသည်။

တန်ပြန်တိုက်စစ် တစ်ကွက်တလေမျှပင် မပြုနိူင်။

ခံစစ်ကိုသာ အသေအလဲ ပြုလုပ်နေရ၏။

အကယ်၍…

ကျန်းယိမင်းကသာ သိုင်းကွက်အလှုပ်အရှား အပြောင်အလဲဖြင့် တိုက်နည်းဗျူဟာ ပရိယာယ်ကြွယ်ကြွယ်တိုက်ခိုက်လျှင် သိုင်းကွက်ငါးကွက် မပြည့်မီပင် အရိပ်မဲ့အဆိပ်ကို အနိူင်ယူ ပွဲသိမ်းနိူင်ပေသည်။

ယခုတော့ ထိုသို့မဟုတ်။

ကျန်းယိမင်းအနေဖြင့် အရိပ်မဲ့အဆိပ်ကို သိုင်းပညာစွမ်းရည်ဖြင့် အုပ်စီးလွှမ်းမိုးထားနိူင်ပြီ ဖြစ်သော်လည်း ထိထိမိမိ ပိုင်ပိုင်နိုင်နိုင်တော့ချေမှုန်းနိုင်ခြင်း မရှိသေးပါ။


အရိပ်မဲ့ အဆိပ်မှာလည်း နာမည်ရသိုင်းအကျော်အမော် တစ်ယောက်ဖြစ်ရာ တိုက်စစ် လုံးဝမဆင်ဘဲ

ရှိသမျှ စွမ်းရည်တို့ကို ခံစစ်တွင် စုပြုံသုံးထားရာ ခုခံကာကွယ်မှု အထူးပင် လုံခြုံ ကောင်းမွန်နေသည်။

လုံခြုံစေ့စပ်လှသော ခုခံကာကွယ်မှုအား ထိုးဖောက်တိုက်ခိုက်ဖို့က မလွယ်လှပါ။

Comments

Popular posts from this blog

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၂ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၃ )