သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၂ )
အခန်း (၁၂) ကျန်းယိမင်းတို့ ပြေးလွှား နေခြင်းကို ရပ်ကာ ခေတ္တနားနေလိုက်ကြသည်။ သူတို့နားနေသော နေရာသည် နေရာထိုင်ခင်းတော့ သိပ်ကောင်းမွန်ခြင်း မရှိလှပါ။ သစ်ပင်ကြီး တစ်ပင်အောက်တွင်သာ ဖြစ်၏။ ခေတ္တမျှသာ နားနေခြင်း ဖြစ်သောကြောင့် နေရာထိုင်ခင်း ကောင်းကောင်းမွန်မွန်လည်း မလိုအပ်ပေ။ ကျန်းယိမင်းနှင့် ကူမိုင်ခန်းတို့တွင် ရိက္ခာခြောက်များပါရှိလာကြလေရာ ထိုရိက္ခာခြောက်များနှင့်ပင်သုံးယောက်သား နံနက်စာကို ဖြစ်သလိုစားသောက်လိုက်ကြ၏။ “ကျွန်တော် နာမည် ကျင်းကော့ထန်ပါ” နံနက်စာ စားနေရင်း စကားပြောရန် အချိန်ရနိုင်ပြီဟု တွေးကာ ကျင်းကော့ထန်စတင်လိုက်၏။ “ကျွန်တော် နာမည်က ကျန်းယိမင်း၊ သူကတော့ ကူမိုင်ခန်း ၊ ကျွန်တော်တို့ နှစ်ယောက် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဆိုပါတော့ …” “ကျွန်တော်တို့ အဲ..ခရီးထွက်လာကြရင်း လျှိုမြောင်ထဲက အသံဗလံတွေကြားရလို့ ဆင်းအကြည့်မှာ ခင်ဗျား အန္တရာယ်တွေ့နေရတာ မြင်ရတာနဲ့ ဝင်ကူညီ ပေးခဲ့တာပါပဲ” ကျန်းယိမင်းကပြောသည်။ ကူမိုင်ခန်းကတော့ ကျင်းကော့ထန်နှင့် မိတ်ဆွေတွေ ဘာတွေမဖြစ်ချင်။ စကားလည်း ရှည်ရှည်ဝေးဝေး ပြောလိုသော ဆန္ဒမရှိ။ ကျင်းကော့ထန်နှင့်လမ်းခွဲကာ ကိုယ့်ဘာသာကိုယ်သွားစရာရှိတာကို ဆက်သွားလို...