သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၂ )

အခန်း (၂) 


ကျန်းယိမင်းတို့ မိသားစုနေထိုင်ရာ နေအိမ် တဲပုတ် ကလေးသည် ရပ်ထဲရွာထဲတွင် တည်ရှိမနေပါ။ 

ရွာနှင့် တစ်ခေါ်သာသာလောက်သာ ဝေးသည့် စမ်း ချောင်း ကွေ့လေးတွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အိုမင်းနေလေပြီဖြစ်သော ဘိုးဘွားများနှင့် ကျန်းယိမင်း၏ နေမကောင်းသော ဖခင်ကြီးတို့ အေးအေးလူလူ နေထိုင်ရန် ကျန်းယိမင်းက သည်နေရာလေးကိုရွေးချယ်ကာ အိမ်ဆောက်ထားခြင်း ဖြစ်သည်။ 

စမ်းချောင်းလေးမှသောက်ရေသုံးရေများ အချိန်မရွေး လိုသလောက် ရရှိသည်။ 


ငါးများ၊ ပုစွန်များ၊ကဏန်းများလည်း ဖမ်းယူ စား သောက်နိူင်သည်။ 

စမ်းချောင်းဘေးတွင် ကိုင်းလုပ်ထားပြန်ရာ ဟင်းသီး ဟင်းရွက်များ ရနိူင်သည်။ 

အိမ်ရှေ့မျက်နှာစာတွင် ကျန်းယိမင်း တောထဲမှရှာဖွေ ရရှိလာသည့် သစ်ခွပန်းများ စိုက်ပျိုးထားပြန်ရာ တဲအိမ် ကလေးက စုတ်ချာသော်လည်း လှ ပသည့် ပန်းမျိုးစုံ တို့ တန်ဆာဆင်ထားရာ သာယာလှပ၍ နေချင့်စဖွယ် အိမ်ရာ ကလေးတစ်ခု ဖြစ်နေလေတော့သည်။ 

ယခုမူ...

သာယာလှပသော ထိုအိမ်ရာကလေးသည် အကျည်းတန် အရုပ်ဆိုး၍ နေပေပြီ။ 


အပြေးအလွှား ပြန်လာခဲ့သော ကျန်းယိမင်းသည် နေအိမ်ကို အဝေးမှလှမ်း၍ တွေ့မြင်ရသည်နှင့်ပင် ခါတိုင်းနှင့် မတူ တစ်ခုခုထူးခြားနေလေပြီမှန်း ရိပ်မိသည်။ 

သူလာသည်ကို အဝေးမှလှမ်းမြင်လျှင် အော်ဟစ်ဆီးကြိုဖြစ်သည့် ညီမငယ်၏အသံကို မကြားရ။ 

မိခင်ဖြစ်သူ ချက်ပြုတ်အလုပ်ရှုပ်နေတတ်သော မီးဖိုခန်း ဆီတွင်လည်း ဘာလှုပ်ရှားမှုမျှ မရှိ။ 


တဲအိမ်ကလေး၏ အနီးဝန်းကျင်သည် သုသာန်တစပြင် လို အသက်ကင်းမဲ့ကာ ငြိမ်ချက်သား ကောင်းလွန်းနေလေ သည်။ 

သည်လို ငြိမ်သက်လွန်းခြင်းမျိုးကို ကျန်းယိမင်းသဘော မကျပါ။ 

အသက်ကင်းမဲ့သလို ငြိမ်သက်ခြင်းသည် အေးချမ်းမှုထက် ကြောက်မက်ဖွယ်ရာ ကောင်းမှုက ပို၍နေသည်။ 

တဲအိမ်လေးနှင့် တစ်စစ ပို၍နီးကပ်လာလေလေ၊ ငြိမ် သက် တိတ်ဆိတ်လှုပ်ရှားမှု လုံးဝကင်းမဲ့နေခြင်းက ထင်ရှား သိသာလာလေလေ။ 

ကျန်းယိမင်း အနေဖြင့်လည်း စိုးရိမ်သောက စိတ်တွေ ပို၍ပို၍ များပြားလာရလေသည်။ 

တစ်ခုခုဖြစ်နေ သည်ကတော့ သိသာနေပေပြီ။ 

ဘာတွေ ဖြစ်နေသနည်းဟူ၍ သေသေချာချာ သိဖို့သာ လိုတော့သည်။ 

သိလည်း သိချင်သည်။ 

သိရမှာကိုလည်း ကြောက်၍နေသည်။ 

ဖြစ်ပျက်နေမှုသည် စိတ်မချမ်းသာစရာထက် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ဖို့က ပို၍အခွင့်အလမ်း များနေသည်မဟုတ်ပါလား။ 


ကျန်းယိမင်း တဲအိမ်လေးထဲသို့ အပြေးပင် ဝင်လာခဲ့၏။ အိမ်ရှေ့ခန်းတွင် မည်သူမျှ မရှိ။ 

ဘာမျှမရှိ။ 

ဟာလာဟင်းလင်း။ 

အိမ်အတွင်းဘက် အခန်းထဲတွင်လည်း မည်သူ့ကိုမျှ မတွေ့ရ။ 

လူသူကင်းဝေး၍ နေလေသည်။ အိမ်၏နောက်ဆုံးဘက် မီးဖိုခန်းထဲသို့ ရောက်လာသော အခါတွင်ကား... 

“ဟာ..” 


ကျန်းယိမင်း အလန့်တကြားပင် ရေရွတ်လိုက်မိလေ၏။ လူမှာလည်း ရုတ်တရက် ကျောက်ရုပ် ကြီး တစ် ခု လို မလှုပ်မရှား ရပ်လျက်သားကြီး ဖြစ်သွားသည်။ 

ကျန်းယိမင်း၏ အဘိုးနှင့်အဘွား၊ မိခင်နှင့်ဖခင်၊ ညီမလေး။ 


မိသားစု ငါးယောက်လုံး နောက်ဖေးမီးဖိုချောင်ထဲတွင် ရှိနေကြသည်။ 

ရှိနေကြသည့် အခြေအနေကတော့ လုံးဝမကောင်း။ ငါးယောက်သား မီးဖိုကြမ်းခင်းပေါ်တွင် အတုံးအရုံး လဲကျနေကြခြင်း ဖြစ်သည်။ 


မရှုရက်စရာ မြင်ကွင်းကြောင့် ကျန်းယိမင်းမှာ မှင်တက် မိကာ ခေတ္တမျှ မလှုပ်မယှက် ကျောက်ရုပ်တစ်ရုပ်လို ဖြစ်သွားခဲ့သည်။ 

အတုံးအရုံး လဲကျနေသူများကို မျက်လုံးအပြူးသားဖြင့် ငေးကြောင်ပြီး ကြည့်နေမိသည်။ 

မှင်တက်မိကာ ငေးကြောင်ကြည့်နေပြီး အတန်ကြာမှ ကုန်းယိမင်း သတိပြန်ဝင်လာသည်။ 

ကျန်းယိမင်းသည် ကျောက်ရုပ်တစ်ရုပ်လိုရှိနေရာမှ လှုပ် ရှားလာသည်။ 

အတုံးအရုံး လဲကျနေသူများကို ပြေး၍ စစ်ဆေးကြည့်ခဲ့ သည်။ 

အနီးဆုံးနေရာတွင် လဲကျနေသော ညီမငယ်လေးကို အရင်ဆုံး စစ်ဆေးကြည့်ရှုသည်။ 

အသက် ရှူနေသေးသည်။ 

ခပ်မျှဉ်းမျှဉ်းလေးသာ နှလုံးလည်း ခုန်နေသေးသည်။ 


သိပ်တော့ အားမကောင်း။ တစ်ကိုယ်လုံးသည် အေးစိမ့်၍နေသည်ကိုလည်း သတိ ထားမိသည်။ 

မိမိ လက်နက်ပုန်း အထိခံရပြီး အဆိပ်သင့်ခဲ့စဉ်က တစ်ကိုယ်လုံး အေးစိမ့်ထုံကျဉ်ခဲ့ရပုံကို ကျန်းယိမင်း ပြန်စဉ်းစား မိလေသည်။ 

ညီမငယ်၏ဘေးနားတွင် ခွေခွေကလေး လဲကျနေသော မိခင်ဖြစ်သူကို ဆက်လက် စစ်ဆေးကြည့်သည်။ 

မိခင်လည်း အသက်မသေဆုံးသေး။ 

အသက်မျှဉ်းမျှဉ်းရှူကာ အားနည်းစွာ နှလုံးခုန်နေ... တစ်ကိုယ်လုံးမှာမူ အတော်ပင် အေးစိမ့်နေလေတော့ 

သည်။ 

အဘိုး၊ အဘွားနှင့် ဒုက္ခိတဖခင်ကြီးတို့မှာမူ အသက် မရှိ ကြရှာတော့။ 

သူတို့သည် ပင်ကိုကျန်းမာရေး သိပ်မကောင်းလှသော ကြောင့် အဆိပ်ဒဏ်ကို ကြာရှည်ခံနိုင်ရည်မရှိဘဲ သေဆုံး သွားကြဟန်တူသည်။ 

မိခင်ကြီးနှင့် ညီမငယ်တို့မှာ အသက် မသေကြသေး သော်လည်း သတိကတော့ လစ်နေကြပြီဖြစ်သည်။ 

အချိန်မီ အဆိပ်ဖြေကုသခြင်း မပြုနိုင်လျှင် အသက်ဘေး ကြုံရစရာအကြောင်း ရှိနေသည်။ 

ကျန်းယိမင်းသည် အဆိပ်လည်း မဖြေတတ်။ ဖြေဆေးလည်း မရှိ။ 

အတော်ကို အကျပ်ရိုက်၍နေသည်။ 

မိမိ အဆိပ်သင့်ခဲ့စဉ် အေးစိမ့်မှုဝေဒနာ မရှုမလှခံနေရစဉ် ကူမိုင်ခန်းရောက်လာပြီး ဖြေဆေးတိုက်ကျွေးခဲ့၍ အဆိပ်သင့်နေသော အဆိပ်များ ပြယ်ကုန်လျက် ဝေဒနာသက်သာ ခဲ့ရပုံကို ရုတ်တရက် သတိရသည်။ 

ကူမိုင်ခန်းထံမှ ဖြေဆေးသွားတောင်းရမည်။ ဖြေဆေးတိုက်ကျွေးလျှင် မိခင်ကြီးနှင့်ညီမငယ် အသက် ပြန်ရှင်လာနိူင်မည်။ 

သို့သော်...... 

ကူမိုင်ခန်းသည် စိမ်းလဲ့ရေတံခွန် တောအုပ်အစပ်တွင် ကျန်နေခဲ့သည်။ 

ကူမိုင်ခန်းထံသို့သွားကာ ဖြေဆေးယူပြီး ပြန်လာချိန် အထိ မိခင်ကြီးနှင့်ညီမငယ်တို့ ဆက်လက် အသက်ရှင်နေနိုင် ပါဦးမည်လား။ 

ထို့ပြင်... 


ကူမိုင်ခန်းမှာလည်း ရှိချင်မှရှိတော့မည်။ သူ့အတွက်ကလည်း အန္တရာယ် အချိန်မရွေး ကျရောက် နိူင်သည်မို့ ရှောင်တိမ်းထွက်သွားကောင်း ထွက်သွားနိုင် သည်။ 

ဤသို့ တွေးမိသောအခါ ကျန်းယိမင်းမှာ အလွန်ပင် ခေါင်းရှုပ်ထွေးလာသည်။ 

ဘာလုပ်ရမည်မှန်း မသိတတ်တော့။

သို့သော်...... 

ကျန်းယိမင်းတို့အတွက် ကုသိုလ်ကံက ထောက်မပေး လိုက်သည်ဟု ဆိုရပေမည်။ 

ကျန်းယိမင်း အကြံအိုက်ကာ ဘာလုပ်ရမည်မှန်း မသိတော့အောင် ဖြစ်နေချိန်တွင် ကူမိုင်ခန်းသည် အိမ်ထဲသို့ဆိုက်ဆိုက်မြိုက်မြိုက်ပင် ဝင်ရောက်လာခဲ့သည်။ 

ကူမိုင်ခန်း ရောက်လာသည်။

ကျန်းယိမင်းမှာ ကူမိုင်ခန်းရောက်လာသည်ကို တွေ့ရ သောအခါ ကယ်တင်ရှင် လူစွမ်းကောင်းတစ်ယောက်နှင့် တွေ့ရသလို အတော်ပင် အားတက်၍သွားသည်။ 


“ဟာ..ခင်ဗျားရောက်လာတာ - အတော်ပဲ၊ ဒီမှာကြည့် ပြီး အဆိပ်ဖြေကုသပေးပါဦး၊ သူတို့ ကျွန်တော့်လိုပဲ အဆိပ်သင့်နေကြတယ်” 

ကျန်းယိမင်းက အလောတကြီးပင် ပြောလိုက်သည်။ စကားပြော လောကြီးသောကြောင့် သူ့စကားများ သည် အလွန်ပင် မြန်၍နေသည်။ 

စကားလုံးပင် ကောင်းကောင်းမသဲကွဲ။ နားလည်ရန် ခက်သည် 

ကျန်းယိမင်း၏စကားကို သဲသဲကွဲကွဲ နားမလည်သော်လည်းတွေ့နေမြင်နေရမှုများအရ မိမိဘာလုပ်ပေးရမည်ကို ကူမိုင်ခန်း သိသည်။ 

အဆိပ်ဖြေဆေးကို အမြန်ထုတ်ကာကျန်းယိမင်း ၏ မိခင် နှင့် ညီမငယ်တို့၏ ပါးစပ်ထဲသို့ တစ်လုံးစီ ထည့်ပေးလိုက် သည်။ 

ကျန်းယိမင်း၏ အဘိုး၊ အဘွားနှင့် ဒုက္ခိတဖခင်ကြီးတို့မှာမူ အသက်သေဆုံးနေကြပြီ ဖြစ်သောကြောင့် ဖြေဆေး မတိုက်ကျွေးတော့ပါ။ 

“ရှင့်အမေနဲ့ညီမ အဆိပ်ဒဏ် ခံနေရတဲ့အချိန်က အတော်လေး ရှည်ကြာနေပြီ၊ ဒီတော့ အဆိပ်ဖြေဆေးရဲ့ အာနိသင် ပိုပြီး ထိရောက်ပျံ့ နှံ့အောင် ရှင်က အတွင်းအားထောက်ကူ ပြီး နှိပ်နယ်ပြုစုပေးလိုက်ပါလား”

ဖြေဆေး တစ်လုံးစီတိုက်ကျွေးပြီးနောက် ကူမိုင်ခန်းက ကျန်းယိမင်းကိုပြောသည်။ 

မိခင်နှင့် ညီမငယ်တို့၏ သေရေးရှင်ရေးကိစ္စဖြစ်နေသော ကြောင့် ကျန်းယိမင်းသည် ဘာဘာညာညာစဉ်းစားမနေ့နိုင်တော့ ။ 

ကဝိမနောအတွင်းအားကိုစုစည်းကာ သက်ဆိုင်ရာ သွေး ကြောကွက် နေရာများကို နှိပ်နယ်လျက် အတွင်းအားဖြင့် ထောက်ကူ ကုသမှု ပြုလုပ်ပေးရလေ၏။ 

မကြာမီပင် ကျန်းယိမင်း၏မိခင်နှင့် ညီမငယ်တို့ အခြေ အနေ အတော်ကောင်းလာသည်။ 

အေးစိမ့်နေမှုများသည်လည်း သိသာစွာလျော့ပါးသွား သည်။ 

“မေမေနဲ့ညီမလေးတို့ အသာငြိမ်ငြိမ်လေးဆက်နေကြပါ ဘာမှ လှုပ်လှုပ်ရှားရှား မလုပ်ကြပါနဲ့” သတိပြန်ရလာကြလေသော မိခင်နှင့်ညီမငယ်တို့ကို ကျန်း ယိမင်းက ပြောဆို သတိပေးသည်။ 

ကူမိုင်ခန်းက ဘေးနားမှ အကဲခတ်သလို အသာကြည့် နေသည်။ 


ဘာမျှတော့ ဝင်မပြောသေး။ 


ကျန်းယိမင်း၏မိခင်နှင့် ညီမငယ်တို့မှာ မိမိတို့ ဘာတွေ များကို ယူကာ မိခင်နှင့်ညီမငယ်တို့ကို တစ်ယောက် တစ် ဖြစ်နေသည်ကို ရေရေရာရာ နားမလည်ကြ။ 

သို့သော်....... 

ကျန်းယိမင်း၏ အမူအရာများသည် အထူးပင်လေးနက် အရေးကြီးနေသည်ကို အကဲခတ်မိလေသောကြောင့် ဘာမျှ မေးမြန်းပြောဆိုခြင်း ပြုမနေကြတော့ပေ။ 

ကျန်းယိမင်းပြောသည့်အတိုင်း လိုက်နာသည်။ လှုပ်လှုပ်ရှားရှားမလုပ်ဘဲ ငြိမ်၍နေကြသည်။ ကျန်းယိမင်းက အတွင်းအား ထောက်ကူ ကုသပေးမှုကို အချိန်အနည်းငယ်ကြာမျှ ဆက်လက်ပြုလုပ်သည်။ 

အတွင်းအား ထောက်ကူ ကုသပေးမှုကို ကျန်းယိမင်းက ရပ်နားလိုက်သည့်အချိန်တွင် သူ၏မိခင်နှင့် ညီမငယ်တို့မှာ အဆိပ်ဒဏ် အတော်ပင် သက်သက်သာသာ ရှိနေကြပေပြီ။ ဤအခါတွင်မှ သေဆုံးသွားကြသူတို့အကြောင်း သိကြကာ အမျိုးသမီးနှစ်ယောက်မှာ ဝမ်းပန်းတနည်း ငိုကြွေးကြ လေသည်။ 

“ရော့... သူတို့ကို ဒီဆေးလုံးတွေ တိုက်လိုက်ပါဦး” ကူမိုင်ခန်းက အစိမ်းရောင်ဆေးလုံးလေးနှစ်လုံး ထုတ်၍ ပေးသည်။

ကျန်းယိမင်းက ကူမိုင်ခန်း ပေးသော ဆေးလုံးစိမ်း နှစ်လုံးစီ တိုက်ကျွေးလိုက်သည်။ 

ဆေးသောက်ပြီးခဏအကြာတွင် အမျိုးသမီးနှစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျသွားကြသည်။ 

“သူတို့ အနားယူကြဖို့လိုတယ်၊ ကောင်းကောင်း အိပ်စက်ကြပါစေ၊ ရှင့်အဖေနဲ့ အဘိုးအဘွားတွေဟာ အဆိပ်သင့်ပြီး သေကြရတာ ဆိုတော့ အလောင်းတွေကို အချိန် ကြာကြာထားလို့ မကောင်းဘူး၊ ဒီတော့ အခုပဲ မြေမြှုပ် လိုက်ကြရအောင်” 


ကျန်းယိမင်း၏ မိခင်နှင့် ညီမငယ်တို့ အိပ်မောကျသွား ကြသောအခါ ကူမိုင်ခန်းကပြောသည်။ 

ကျန်းယိမင်းတို့သည် အိပ်ပျော်နေကြသော အမျိုးသမီး နှစ်ယောက်ကို သက်တောင့်သက်သာ အနေအထားရှိစေရန် ပြုလုပ်ပေးပြီးနောက် အလောင်းများကိုမြေမြှုပ်ရန် ဆက်လက်စီစဉ် လုပ်ဆောင်ကြသည်။ 

ကျန်းယိမင်းက အိမ်၏ အနောက်ဘက်ရှိ မြေကွက်လပ်ထဲတွင်ပင် ကျင်းတူးကာ အဘိုးအဘွားနှင့် ဖခင် တို့၏ အလောင်းများကို မြေမြှုပ်သည်။ 

“ရိုးသား အေးချမ်းစွာ နေထိုင်ကြတဲ့ ဘိုးဘိုးဘွားဘွား နဲ့ ဖေဖေတို့ကို ရန်ပြုသတ်ဖြတ်သွားကြတဲ့ လူယုတ်မာ လူရမ်းကားတွေကို ကျွန်တော် မတွေ့တွေ့အောင် စုံစမ်းရှာဖွေ ပြီး သူတို့အတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ်တွေ ခံရအောင် လုပ်ဆောင်ပါ့မယ်” 

အဘိုးအဘွားနှင့် ဖခင်တို့၏ မြေပုံများကို ဦးချကန်၏တော့ပြီး ကျန်းယိမင်း၏ စိတ်ထဲမှ တိုင်တည် ပြောကြား သည်။ ဆုမွန်များလည်းတောင်းသည်။ 

ကူမိုင်ခန်းကလည်း မြေပုံများကို ကျန်းယိမင်းနှင့် အတူ ကန်တော့သည်။ 

သူမ၏ စိတ်ထဲတွင် ဘာတွေကို တိုင်တည်ပြောကြား ဆုတောင်းသည်ကိုတော့ ကျန်းယိမင်းမသိပါ၊ 

ကူမိုင်ခန်းက အမွှေးတိုင် တစ်တိုင်ကိုလည်း ထွန်းညှိ ပူဇော်သည်။ 

အမွှေးတိုင်၏ မွှေးရနံ့သည် အတော်ပင် စူးစူးရှရှရှိလေသည်။ 

ထို့နောက် နှစ်ယောက်သား အိမ်လေးထဲသို့ ပြန်ဝင်လာခဲ့ကြသည်။ 

ကျန်းယိမင်း၏ မိခင်နှင့် ညီမငယ်တို့ကတော့ အိမ်နောက်ဘေးခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြဆဲ။ 

ကျန်းယိမင်းနှင့် ကူမိုင်ခန်းတို့ နှစ်ယောက် အိမ်ရှေ့ခန်းတွင် ထိုင်လိုက်ကြ၏။ 

“တကယ်လို့သာ ဟိုလူစုနဲ့ ရင်ဆိုင်ရတုန်းက ဖိဖိစီးစီး ကြမ္မာဆိုး ကျရောက်မှာမဟုတ်ဘူး ရှင်က အတွင်းအား တိုက်ခိုက် အနိူင်ယူလိုက်ရင် ရှင့်မိသားစုအပေါ် အခုလို ကောင်းပြီး အဆင့်မြင့် သိုင်းပညာတွေ တတ်ထားလျက်နဲ့ ဘာကြောင့် ကိုယ်တတ်ထားတဲ့ ပညာတွေကို မသုံးချင် ရတာလဲ” 

ဧည့်ခန်းတွင် ထိုင်မိသောအခါ ကူမိုင်ခန်းက မေးလိုက်သည်။


ကူမိုင်ခန်း ပြောသည်ကလည်း ဟုတ်သင့်သလောက် ဟုတ်သည်။ 

မိမိကိုရန်ပြု တိုက်ခိုက်ခဲ့ကြသူများကို ထိထိရောက်ရောက် တုံ့ ပြန်ရင်ဆိုင်တိုက်ခိုက်ခြင်း 

မပြုခဲ့သည်မှာ မှားများ မှား နေခဲ့လေသလားဟုလည်း ကျန်းယိမင်းတွေးသည်။ 



“ကျွန်တော်က အေးအေးချမ်းချမ်း နေချင်တာကြောင့်၊ သိုင်းပညာတွေ ထုတ်မသုံးဘဲ နေလိုက်မိတာပါ” 

အတန်ကြာ နှုတ်ဆိတ်နေပြီးမှ ကျန်းယိမင်းက ခပ်တိုးတိုးအဖြေပေးသည်။ 

“ရှင်က အေးအေးချမ်းချမ်း နေချင်ပေမယ့် အေးအေး ချမ်းချမ်းမနေရအောင် လာအနှောင့်အယှက်ပေး ရန်ပြုတဲ့ လူတွေနဲ့တွေ့ရတဲ့အခါမျိုးမှာကျတော့ ရှင့်အနေနဲ့ တုံ့ပြန် တိုက်ခိုက်သင့်ရင် တိုက်ရမှာပေါ့၊ပုံသေကားကျ တရားသေကြီး လုပ်နေလို့ ဘယ်သင့်တော်မှာလဲ” 

“အင်း...ခင်ဗျား ပြောတာလဲ ဟုတ်တာပဲ” 

“ကျွန်မသဘောပြောရရင်တော့ အတတ်နိူင်ဆုံး အေးအေးချမ်းချမ်းဖြစ်အောင်လို့ နေမယ်၊ ကိုယ်က အေးအေး ချမ်းချမ်းနေပါလျက်နဲ့ အတင်းလာပြီး ရန်ပြု တိုက်ခိုက်မယ်. ဆိုရင်တော့ မှတ်လောက် သားလောက်အောင် တုံ ့ပြန်ပြီး တိုက်ခိုက်ပစ်လိုက်မှာပဲ၊ ဒီအတိုင်း သူများရမ်းကား အနိုင် ကျင့်သမျှတော့ ငြိမ်ပြီး ခံမနေဘူး၊ ကိုယ့်မှာလဲ အစွမ်းအစ မရှိတာမှ မဟုတ်တာ”

..“အင်း...ဟုတ်ပါတယ်” 

ကျန်းယိမင်း ခပ်တိုးတိုးပြောလိုက်ပြန်သည်။


“ဒါဆိုရင် သိုင်းပညာကို ထုတ်မသုံးဘူးဆိုတဲ့ ရှင့်ဆုံးဖြတ်ချက်ကို ပြင်လိုက်တော့မှာပေါ့ ဟုတ်လား”

“အင်း..ပြင်ရမှာပဲလေ . လိုအပ်လာတဲ့ အခါကျရင် သိုင်းပညာကို သုံးသင့်ရင် သုံးရတော့မှာပေါ့” 

ကျန်းယိမင်းက ခပ်လေးလေး ပြောချလိုက်လေ၏။ 

“ဒါပေါ့ရှင်၊ ဒီလိုမျိုးလုပ်စမ်းပါ” 

ကူမိုင်ခန်းက ပါးစပ်မှပြောရင်း ကျေနပ်အားရသည့် အသွင်ဖြင့် လက်ခုပ်တစ်ချက်ပင် တီးလိုက်၏၊ 

မိမိကိုယ်တိုင်သာမက ရိုးသားအေးဆေးစွာ နေထိုင်ကြ သည့် မိမိ၏မိသားစုများကိုပါ အကြောင်းမဲ့ သက်သက် ရမ်းကား တိုက်ခိုက်သွားလေသူများကို ရှာဖွေဖော်ထုတ်အပြစ် ဒဏ်ခတ်ရန် ကျန်းယိမင်းက စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပေရာ သူတတ်မြောက်ထားလေသော အဆင့်မြင့် သိုင်းပညာများကို အသုံးမပြုချင်လျှင်လည်း မရတော့။ 

ငမိုက်သားလူရမ်းကား သိုင်းသမားဆိုးများကိုရင်ဆိုင်ရာတွင် ထုတ်၍ သုံးရပေတော့မည်။


ထိုအချိန်မှာပင် ပြေးလွှား လာကြသည့် ခြေသံများကိုကြားကြရသည်။ 


ပြေးလာသံများ ကြားရသည်။ 

ထို့နောက်... 

ကျန်းယိမင်းနှင့် ကူမိုင်ခန်းတို့ ထိုင်စကား ပြောနေကြ သော အိမ်လေးရှေ့သို့ လူငါးယောက် ရောက်ရှိလာ၏။ ခရမ်းရောင်အင်္ကျီ ဖားဖားကြီးဝတ်ထားသော အသက် လေးဆယ်ခန့်ရှိ ယောက်ျားကြီး တစ်ယောက်နှင့် အညိုရောင် သိုင်းဝတ်စုံများ ဝတ်ထားကြသော အသက်နှစ်ဆယ် ဝန်းကျင်ခန့်ရှိ လူရွယ်လေးယောက်။ 

စိမ်းလဲ့ရေတံခွန် တောအုပ်အစပ်နားတွင် ကျန်းယိမင်း အား ဘာမပြောညာမပြော ဝင်ရောက်တိုက်ခိုက်ခဲ့ကြသော လူစုပင်တည်း။

ထိုလူစုကိုမြင်ရသည်နှင့် 'ကျန်းယိမင်း၏သွေးများ ပွက်ပွက် ဆူလာသည်။ 

ဒေါသအမျက် အပြင်းအထန် ထွက်သည်။

“တောက်…”

ကျန်းယိမင်းသည် တောက်တစ်ချက်ပြင်းထန်စွာခတ်ကာ တဲအိမ်လေးပေါ်မှ လွှားခနဲ ခုန်ဆင်းသွားသည်။ 

ကူမိုင်ခန်းလည်း ကျန်းယိမင်း၏နောက်မှ လိုက်ပါ ဆင်းလာခဲ့သည်။ 

သည်တစ်ခါတော့ ကျန်းယိမင်း၏ အလှည့်ဟု ဆိုရလေ မည်လား မပြောတတ်။ 

ကျန်းယိမင်းသည် အိမ်ပေါ်မှခုန်လွှားဆင်းလာပြီးသည် နှင့် တစ်ဖက်လူစုကို အတင်းဝင်ရောက် တိုက်ခိုက်လေတော့ သည်။ 

ခံပြင်းစိတ်၊ နာကြည်းစိတ်၊ ဒေါသစိတ်များ အား အခေါင်အဖျားသို့ ရောက်နေလေချိန် ဖြစ်၍လားမသိ။ 

ကျန်းယိမင်း၏ တိုက်ခိုက်မှုများသည် လေပြင်းမုန်တိုင်း တိုက်ခတ်သည့်နယ် ပြင်းထန်လှသည်။


ကျန်းယိမင်း တဲအိမ်ပေါ်မှ `ခုန်လွှားဆင်းလာသည်ကိုမြင်သည်နှင့် ခရမ်းရောင်အင်္ကျီ ဖားဖားကြီးကို ဝတ်ထား သော ယောက်ျားကြီးက လေချွန်သံပြုကာ အချက်ပေး လိုက်သည်။ 

အညိုရောင် သိုင်းဝတ်စုံဝတ် လူရွယ်လေးယောက်တို့ လူစုခွဲဖြန့် နေရာယူလိုက်ကြသည်။ 

ကျန်းယိမင်း၏ တိုက်စစ် ဝင်လာသောအခါ တစ်ဖက် လူစုသည်လည်း ခွဲဖြန့်နေရာယူကာ အသင့်ရှိနေကြလေပြီ။ တစ်ဖက်လူ ငါးယောက်တို့သည် ကျန်းယိမင်း၏ တိုက် ခိုက်မှုကို အကွက်ကျကျပင် ဆီးကြိုရင်ဆိုင်ကြသည်။ 


ဤသို့ဖြင့်... 

တဲအိမ်လေး၏ရှေ့ မြေတလင်းပြင်တွင် ကြမ်းတမ်းရက်စက်သည့် ရင်ဆိုင်တိုက်ပွဲတစ်ခု ရုတ်ခြည်းပေါ်ပေါက် သည်။ 

ကျန်းယိမင်းက ကဝိမနောအတွင်းအားကို အပြည့်အဝ ထုတ်သုံးကာ နဂါးတောင်ဖြိုသိုင်းဖြင့် ခပ်ကြမ်း ကြမ်း တိုက်ခိုက်သည်။ 

ကဝိမနော အတွင်းအားသည် အလွန်ပင် သန့်စင်နက်ရှိုင်းသည်။ 

ကြည်လင်တည်ငြိမ်သော စိတ်အစဉ်ဖြင့် အသုံးချဖို့ လိုသည်။ 

ဒေါသ၊ မေါဟ စသော စိတ်ခံစားမှုများနှင့် မလိုက် ဖက်ပေ။ 

ယခု.... 

မိမိနှင့် မိမိ၏မိသားစုကို ယုတ်မာရမ်းကားစွာ တိုက် ခိုက်ခဲ့ကြလေသော လူရမ်းကား သိုင်းသမားများကို ရင်၊ ဆိုင်ရသည်မို့ ကျန်းယိမင်းသည် အလွန်ပင် ဒေါသထွက်၍ နေသည်။ 

သူ၏ စိတ်အစဉ်သည် ခါတိုင်းလို မဟုတ်တော့။ 

ချွတ်ယွင်း ဖောက်ပြန်နေသည်ဟုပင် ဆိုရမည်။ ကဝိမနောအတွင်းအားနှင့် လိုက်လျော ညီထွေသော စိတ်အစဉ် မဟုတ်တော့။ 

ထို့ကြောင့်.. 

ကျန်းယိမင်း တိုက်ခိုက်လိုက်သော ဓားချက်များတွင် ကဝိမနောအတွင်းအား၏ စွမ်းအင်များ ပြည့်ပြည့်ဝဝ ပါ ဝင်ခြင်း မရှိ။ 

သုံးပုံ တစ်ပုံမျှသာ ပါဝင်နေသည်။ 

ကဝိမနော အတွင်းအားသည် အလွန်မြင့်မား နက်ရှိုင်းပေရာ သုံးပုံနှစ်ပုံမျှသော အင်အားသည် အတော်လေးတော့ ထိရောက် ပြင်းထန်သည်။

ကျန်းယိမင်းနှင့် အရင်ဆုံး ရင်ဆိုင်တွေ့မိလေသူ အညိုရောင် သိုင်းဝတ်စုံဝတ် လူရွယ်မှာ လက်ဝါးရိုက်ချက် အထိခံရပြီး ယိမ်းယိုင်လဲကျသွားသည်။ 

ရှေ့ဆက်တိုးလာသော ကျန်းယိမင်းကို ခရမ်းရောင် အင်္ကျီ ဖားဖားကြီး ဝတ်ထားသော ယောက်ျား ကြီး နှင့် အညိုရောင် သိုင်းဝတ်စုံဝတ် လူရွယ်တစ်ယောက်တို့ နှစ ယောက်ပေါင်းကာ ဘယ်ညာညှပ်၍ တိုက်ခိုက်လာကြ၏။ သူတို့သည် လက်နက်များကို ထုတ်မသုံးကြသေးပေ။ သူ တို့ဘက်က လူအင်အား များသည့်အပြင် ကျန်းယိမင်းကို တိုက်ခိုက် အနိုင်ယူခဲ့သည့် အရှိန်ကလည်းရှိနေသေးရာ ယခုလည်း အလွယ်နှင့် အနိူင်ရလိမ့်မည်ဟု ထင်နေကြပုံရလေ သည်။ 

ယခု ကျန်းယိမင်း၏ အခြေအနေနှင့် စိတ်နေစိတ်ထား သည် တောစပ်တွင် ရင်ဆိုင်တိုက်ခိုက်ခဲ့စဉ်ကနှင့် မတူဘဲ တစ်မျိုးတစ်ဖုံ ပြောင်းလဲနေသည်ကိုတော့ သိကြဟန်မတူပေ။ 

ကျန်းယိမင်းကလည်း ဘယ်လက်ဝါးရိုက်ချက် တစ်ချက် ညာလက်ဝါးရိုက်ချက်တစ်ချက် ဆင့်ကဲ ရိုက်ထုတ်လိုက်လေ 

သည်။


"ဖန်း...."

"အား...." 

အဖြူရောင်သိုင်းဝတ်စုံဝတ် လူရွယ်မှာ ကျန်းယိမင်း ဘယ်လက်ဝါးရိုက်ချက် အထိခံရကာ လွင့်စဉ်ယိမ်းယိုင်ထွက် သွားသည်။

ခရမ်းရောင်ဝတ်စုံဝတ် ယောက်ျားကြီးကမူ ကျန်းယိမင်း ညာလက်ဝါးရိုက်ချက်ကို လွတ်အောင် ရှောင်နိုင်လေ သည်။ 

ရှောင်တိမ်းနိုင်ရုံသာ မဟုတ်၊ တန်ပြန်တိုက်ခိုက်မှုပင် ပြုလုပ်နိူင်သည်။ 

ခရမ်းရောင်ဝတ်စုံဝတ် ယောက်ျားကြီးက ကျန်းယိမင်း အား ညာဘက်လက်ဝါးဖြင့် ရိုက်ချလိုက်ကာ တစ်ပြိုင်နက် လိုလိုမှာပင် ဘယ်ဘက်ခြေထောက် မြှောက်ကာ ခြေတစ် ဖြတ်ကန်သည်။ 

ညာလက်ဝါးရိုက်ချက်က အယောင်ပြ လှည့်စားကွက်၊ ဘယ်ခြေထောက် ကန်ချက်ကမှ တကယ့်တိုက်ခိုက်မှု။ 

ကျန်းယိမင်းသည် ခုမ်းရောင်ဝတ်စုံဝတ် ယောက်ျား ကြီးထက် သိုင်းပညာစွမ်းရည် ပိုမိုသာလွန် မြင့်မားနေလေသည်။ 

သို့သော်.... 

တိုက်ပွဲ အတွေ့အကြုံတွင်တော့ များစွာနူနယ်နေသေးသည်။ 

အတွေ့ အကြုံ မရှိလှပါ။ 

ထို့ကြောင့်... 

ကျန်းယိမင်းမှာ ခရမ်းရောင်ဝတ်စုံဝတ် ယောက်ျားကြီး ၏ တိုက်နည်းပရိယာယ် ထောင်ချောက်ထဲသို့ ကျကျနနကြီး ပင်တိုးဝင်သွားရလေသည်။ ကျန်းယိမင်းသည် ခရမ်းရောင်ဝတ်စုံဝတ်ယောက်ျားကြီး၏ ညာလက်ဝါးရိုက်ချက်ကို အဓိကထားကာ ခုခံလေသည်။ ညာလက်ဝါးရိုက်ချက်ကို ကောင်းမွန်ထိမိစွာ ခုခံတား ဆီး ချေဖျက်နိူင်သည်။ 

သို့သော် ဘယ်ခြေကန်ချက်ကိုမူ ထိထိမိမိ မတားဆီးနိူင်ပေ။ 

ညာဘက်နံစောင်းတွင် ခြေကန်ချက် အထိခံလိုက်ရလေသည်။ 

ခြေကန်ချက်တွင် ပါဝင်သော အားအင်က အတော် လေး ပြင်းထန်သည်။

ကျန်းယိမင်းသည် ကဝိမနော အတွင်းအားကို စုစည် အသုံးချနေချိန်ဖြစ်ပေရာ ခြေပုံကန်ချက်အထိခံရမှု ဒဏ်ကို ကောင်းစွာ တောင့်ခံနိူင်သည်။ 

ကိုယ်ဟန် အနည်းငယ် ယိမ်းယိုင်သွားသည်မှလွဲ၍ တစ်စုံ တစ်ရာ ထိခိုက်အနာတရဖြစ်ခြင်း မရှိပေ။ 

ကျန်းယိမင်း ဤသို့ယိမ်းယိုင်သွားရမှုကြောင့်တစ်ဖက်လု များအပေါ် လွှမ်းမိုးထားသည့် သိုင်းကွက်အင်အားက တော့ သိသိသာသာပင် လျော့ပါးကျဆင်းသွားရလေသည်။ 

ထိုအချိန်မှာပင် ကျန်းယိမင်း၏အနီးသို့ ကူမိုင်ခန်းရာက်လာသည်။

ကျန်းယိမင်း ယိမ်းယိုင်လဲပြိုကျမသွားအောင် ဖေးမ ထိန်းပေးလိုက်ခြင်းဟု ဆိုနိုင်သော်လည်း တစ်ဖက်တွင် ကျန်းယိမင်းအား ဝင်၍ချုပ်ပေးလိုက်သလိုမျိုးလည်း ဖြစ် နေသည်။ 

ကျန်းယိမင်းသာ တကယ့် သိုင်းသမားစစ်စစ် တစ် ယောက် ဖြစ်လျှင် ရင်ဆိုင်တိုက်ပွဲအတွင်း မိမိ၏ လက်မောင်း တစ်ဖက်ကို ဆွဲကိုင်လာသူကို ဖယ်ကာ တွန်းထုတ်လိုက်မည် မလွဲပေ။ 

ကျန်းယိမင်းသည် အကြောင်းကံဖန်တီးမှုကြောင့်အဆင့် မြင့် သိုင်းပညာအချို ့ တတ်မြောက်နေသော်လည်း တကယ် စင်စစ် သိုင်းသမားတစ်ယောက် မဟုတ်။ 

သိုင်းသမား တစ်ယောက်၏ အမူအကျင့် တုံ့ပြန်မှုမျိုး လည်းမရှိ။ 

ထို့ပြင်... 

ကူမိုင်ခန်းကို ကျန်းယိမင်းက မိမိကိုယ်တိုင်နှင့် မိမိ၏ မိသားစုကို ကူညီပေးခဲ့သော ကျေးဇူးရှင် တစ်ယောက် အဖြစ် အသိအမှတ်ပြု မှတ်ယူထား၏။ 

ကူမိုင်ခန်းက ကိုယ်ဟန် ယိမ်းယိုင်သွားသော ကျန်းယိမင်း၏ ညာလက်မောင်းကို ဆတ်ခနဲဆုပ်ကိုင်ကာ ဖေးမ ထိန်းပေးလိုက်သည်။ 

ထို့ကြောင့်.. 

ကူမိုင်ခန်းအား ဖယ်ခါတွန်းထုတ်မှု မပြုလုပ်ခဲ့ပေ။ 


ဤလိုအခြေအနေမှာပင် ခရမ်းရောင်ဝတ်စုံ ဝတ်သော ယောက်ျားကြီးက ထပ်ဆင့်တိုက်ကွက်ဆင်၍လာလေ၏။ 

“အီး....ယား....ယား” 

“အီး” 

ခရမ်းရောင် ဝတ်စုံဝတ် ယောက်ျားကြီးသည် ဝမ်းခေါင်းသံကြီးနှင့် မာန်သွင်းဟစ်ကြွေးကာ ကျန်းယိမင်းကို အတင်းဝင်တိုက်ခိုက်သည်။ 

လက်ဝါးရိုက်ချက်များနှင့် အတူ ခြေပျံကန်ချက်များကလည်း ရောယှက် ပါဝင်လာသည်။ 

ရိုက်ချက်နှင့်ကန်ချက်များက မြန်ဆန်လှ၏။ ကူမိုင်ခန်းက ညာလက်မောင်းကို ဆုပ်ကိုင်ဆွဲထားလေ သောကြောင့် ကျန်းယိမင်းမှာ စိတ်ကြိုက် လွတ်လွတ်လပ်လပ် လှုပ်ရှားခြင်း မပြုနိုင်။ 

သူလှုပ်ရှား နေရာပြောင်းရာနောက်သို့ ကူမိုင်ခန်း တစ်ယောက် ဒရွတ်တိုက် ပါလာမှာကိုလည်း ကျန်းယိမင်းစိုး ရိမ်သည်။ 

ထို့ကြောင့်.... 

ကျန်းယိမင်းသည် ကိုယ်ဟန်လှုပ်ရှား ရှောင်တိမ်းခြင်း မပြု။နေရာတွင်ပင် ရပ်မြဲရပ်နေကာ ဘယ်လက်ကိုသာ ဆန့် ထုတ်ပြီး ခရမ်းရောင်ဝတ်စုံဝတ် ယောက်ျားကြီး၏ တိုက် ခိုက်မှုများကို ရင်ဆိုင်သည်။ 

“ဖုန်း...” 


ကျန်းယိမင်း၏ ဘယ်လက်ဝါးနှင့် ခရမ်းရောင် ဝတ်စုံ ဝတ်ယောက်ျားကြီး၏ ညာလက်ဝါးတို့ လက်ဝါးချင်း ဆိုင်ကာရိုက်မိသည်။ ထို့ပြင်... 

ရိုက်ချက်နှင့် ခြေပျကန်ချက်တို့ ကတော့ ကျန်းယိမင်းကို ခရမ်းရောင်ဝတ်စုံဝတ်ယောက်ျားကြီး၏ ဘယ်လက်ဝါး ကျကျနန ထိမိသည်။ 

ကျန်းယိမင်း၏ ကဝိမနောအတွင်းအားက ခရမ်းရောင် ဝတ်စုံဝတ် ယောက်ျားကြီး၏ အတွင်းအားထက် များစွာ သာလွန်မြင့်မားနက်ရှိုင်းသည်။ 

လက်ဝါးချင်းဆိုင် ရိုက်မိခြင်းသည် အတွင်းအားချင်း ဆိုင်ကာ အားပြိုင်ခြင်းပင်ဖြစ်ပေရာ ခရမ်းရောင် ဝတ်စုံ ဝတ်ယောက်ျားကြီးမှာ ကျန်းယိမင်း၏ အတွင်းအားဒဏ် ကိုမခံနိုင်ဘဲ နောက်သို့ ခြေလှမ်း ယိမ်းယိုင်ကာ ဖင်ထိုင်လျက် လဲကျသွားလေတော့သည်။ 


ကျန်းယိမင်းမှာမူ ခရမ်းရောင် ဝတ်စုံဝတ် ယောက်ျား ကြီး၏ ဘယ်လက်ဝါးရိုက်ချက်နှင့် ခြေပျံကန်ချက်များအထိ ခံရသော်လည်း ဘာမျှထိခိုက်ဒဏ်ရာရခြင်းမရှိ။ ကိုယ်ဟန် ယိမ်းယိုင်သွားခြင်းပင် မဖြစ်ပေ။ မားမားမတ်မတ်ပင် ဆက်လက်၍ ရပ်မြဲရပ်နေနိုင်လေ 

သည်။ 

ဖင်ထိုင်လျက် လဲကျသွားသော ယောက်ျားကြီးကို အဖြူရောင် သိုင်းဝတ်စုံဝတ် လူရွယ်တစ်ယောက်ကပြေး၍ တွဲထူပေးသည်။ သို့သော်... 

ယောက်ျားကြီးသည် လူရွယ်တွဲထူခြင်းမပြုမီကပင် သူ့ ဘာသာသူ ပြန်လည်ထရပ်လာ၏။ 

သူတို့လူစုသည် ကျန်းယိမင်းကို ဆက်လက် တိုက်ခိုက်ခြင်းလည်း မပြုကြတော့။ 

ကျန်းယိမင်းကထွက်ပြေးသွားသူတို့ကို လိုက်လံတိုက်ခိုက် ဖမ်းဆီးရန် ကြံရွယ်သေးသည်။ 

သို့ရာတွင်... 

“အား....လုပ်ပါဦး”

ကျန်းယိမင်းက ပြေးလိုက်မည်အပြုတွင် ကူမိုင်ခန်းသည် ပါးစပ်မှ အော်ဟစ်ရင်း ယိမ်းယိုင် လဲကျသွားရာ ကျန်းယိ မင်းမှာ ထွက်ပြေးသွားလေသူများ၏ နောက်သို့ လိုက်လံ ခြင်းမပြုနိုင်တော့၍ 

လဲကျသွားသော ကူမိုင်ခန်းကိုသာ ကမန်းကတန်း ပြေးပွေ့ထူဖေးမလိုက်ရသည်။ 

ကူမိုင်ခန်း၏ မျက်နှာလေး ရှုံ့မဲ့နေ၏။ ချွေးသီး ချွေး ပေါက်များလည်း ထွက်လျက်ရှိသည်။ 

“ကူမိုင်ခန်း...ဘာဖြစ်တာလဲဟင်၊ ဘာဖြစ်တာလဲ၊ ကျွန် တော် ဘာလုပ်ပေးရမလဲ” 

ကူမိုင်ခန်းကို ဖေးမ ထူထားပြီး ဘာ ဆက်လုပ်ရမည်မသိဖြစ်နေသော ကျန်းယိမင်းကမေးသည်။ 

“ဟိုလူကြီး တိုက်ခိုက်လိုက်တဲ့အတွင်းအားလှိုင်း အရိုက်ခံရတာပါ၊ ရင်ဘတ်ထဲကဲ အရမ်းအောင့်ပြီး အသက်ရှူရ ကျပ်နေတယ်၊ အတွင်းအား ထောက်ကူပြီး မြန်မြန်ကုပေးပါ။”


ကူမိုင်ခန်းက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြော၏။ ကျန်းယိမင်းသည် သိုင်းပညာ အကြောင်း သေသေ ချာချာမသိသလို တိုက်ခိုက်မှုများတွင် ဒဏ်ရာရရှိပုံတို့ ကို လည်း ကောင်းစွာနားမလည်ပေ။ 

ထို့ကြောင့်.. 

 

ကူမိုင်ခန်း ပြောသည်တို့ကို ယုံကြည်လက်ခံကာ ကူမိုင် ခန်းအား အတွင်းအားထောက်ကူ နှိပ်နယ်ပြုစုပေးရလေ သည်။ 

ထွက်ပြေးသွားသူတို့ နောက်သို့ မလိုက်နိုင်တော့ပါ။ ခရမ်းရောင်ဝတ်စုံဝတ်သူ ယောက်ျားကြီးနှင့် အပေါင်းအပါများသည် ဝေးရာသို့အရောက် ထွက်ပြေးသွားနိုင်ကြသည်။

အစပိုင်းတွင် ကူမိုင်ခန်း အတွက် စိုးရိမ်သောကများနေ ရာ ကျန်းယိမင်းသည် အတွင်းအားထောက်ကူနှိပ်နယ်ပြုစုမှု ကို အဓိကအာရုံစိုက်ကာ ပြုလုပ်ပေးနိူင်ခဲ့သည်။ ကျန်းယိမင်း၏ အတွင်းအားထောက်ကူ နှိပ်နယ်ကုသမှာ အထူးထိရောက်လှသောကြောင့်လားတော့ မပြောတတ်၊ ခဏအကြာတွင် ကူမိုင်ခန်း၏ အခြေအနေ အတော်ပင် ကောင်းကောင်းမွန်မွန် ဖြစ်၍လာသည်။ 

မျက်နှာရှုံမဲ့နေမှုမရှိတော့။ 

ချွေးသီးချွေးပေါက်တွေလည်း မထွက်တော့။ အသက်ရှူလည်း မှန်လာသည်။ 

မှေးစင်းနေသော မျက်လုံးများလည်း အနည်းငယ်ပွင့်၍ လာသည်။ ကိုယ်ခန္ဓာကတော့ ကျန်းယိမင်း၏ရင်ခွင်ထဲတွင် မှီ၍နေဆဲ။

ကူမိုင်ခန်း၏ အခြေအနေကောင်းလာပြီမို့ ကျန်းယိမင်း မှာလည်း စောစောကလောက် စိုးရိမ်စိတ်အားမကြီးတော့။ ဤအခါတွင် ကျန်းယိမင်းသည် ကူမိုင်ခန်း၏ အလှအပ အချောအမောများကို သတိပြုမိလာသည်။ 

အိစက်နွေးထွေးသော အထိအတွေ့တို့ကိုဝဲတွင် မှီကာသည်။ 

ကူမိုင်ခန်းသည် ကျန်းယိမင်းနှင့် အသက်လည်း မတိမ်းမယိမ်း ဖြစ်သည်။ 

ရုပ်ရည်ကလည်း အတော်ပင်ချောမောလှပသည်။ ကိုယ်နေဟန်ထား ကျစ်လျစ်တောင့်တင်း၍ အချိုးအစား ကျနသည်။ 

 

ကျန်းယိမင်းသည် စိမ်းလဲ ရေတံခွန်တောအုပ်ထဲတွင်သာ အနေများပေရာ တစ်ကိုယ်တော် နေထိုင်နေသူဟုပင် ဆိုနိုင်သည်။


ကျောင်းပိယောင်နှင့် တွေ့ဆုံသိကျွမ်း ခင်မင်ရင်းနှီးခဲ့ သည်မှလွဲ၍ အခြားမိန်းကလေးများနှင့် တွေ့ဖူးသိဖူးခြင်း မရှိ။

ယခု မိန်းမချောလေး ကူမိုင်ခန်း၏ တောင့်တင်းကျစ်လျစ် လေသော ကိုယ်လုံးကို ဖေးမဖက်ထားရသောအခါ စိုးရိမ်ပူပန်သည့်စိတ်များ လျော့ပါးသွားသည်နှင့်အမျှ ဖိုဓာတ်နှင့်မဓာတ်တို့ ထိတွေ့မိကြလျှင် ဖြစ်သည့် သဘာဝအတိုင်း ကျန်းယိမင်းမှာ အမျိုးမျိုးအဖုံဖုံ စိတ်လှုပ်ရှား၍ နေရလေ 

သည်။

ကူမိုင်ခန်း၏ အခြေအနေ စိတ်ချရလောက်အောင်ကောင်းမွန်လာခြင်း ရှိမရှိ ကျန်းယိမင်းခွဲခြားမသိတတ်ပေ။ စိတ်ချလောက်သော အခြေအနေမရှိသေးမီ မိမိကကုသပေးမှု ရပ်တန့်လိုက်ပါက ကူမိုင်ခန်း၏ဒဏ်ရာများ အခြေအနေ ဆိုးကုန်ကြမှာကိုလည်း စိုးရိမ်ရသေးသည်။

ထို့ကြောင့် ကျန်းယိမင်းသည် ကူခိုင်ခန်း၏ အိအိထွေးထွေး .. ကိုယ်ခန္ဓာလေးကို ရင်ခွင်ထဲတွင် ဆက်ထားကာ အတွင်းအားထောက်ကူ ကုသပေးမှုကိုလည်း ဆက်လက်ပြုလုပ်နေရလေသည်။


ကူမိုင်ခန်း ချွေးသီးချွေးပေါက်များ မထွက်တော့ဘဲ အခြေအနေ ကောင်းသွားသည့်အချိန်တွင် ကျန်းယိမင်းမှာ ဇောချွေးပြန်ချင်သလို ဖြစ်လာသည်။

အသက်ရှူ ကျပ်သယောင်ယောင်၊ ရေငတ်သလိုလိုမျိုး လည်း ဖြစ်၍နေသည်။

ကူမိုင်ခန်းသည် - ကျန်ုးယိမင်း၏ ရင်ခွင်ထဲတွင် မှီကာ ငြိမ်၍နေသည်။ ကျန်းယိမင်း စိတ်လှုပ်ရှား၍ နေသည်ကိုလည်း ကူမိုင်ခန်း အကဲခတ်မိသည်။

အတော်လေးလည်း ကျေနပ်ပီတိဖြစ်၍ နေသည်။

အချိန်အတော်ကြီး ကြာညောင်းပြီးသောအခါမှ ကူမိုင်ခန်းသည် အိပ်ရာမှနိူးထလာသည့် အသွင်မျိုးဖြင့် “အင်း”ခနဲ အသံလေးပြုကာ မပွင့်တပွင့်ဖြစ်နေသော မျက်လုံးများကို ပုံမှန်မူလ အနေအထားမျိုးဖြစ်အောင် ဖွင့်သည်။ 

ပြီးတော့... 

မှီ၍နေသည့် ကျန်းယိမင်း၏ရင်ခွင်ထဲမှ အသာဖယ်ခွာ၍ ထထိုင်သည်။

ကျန်းယိမင်းမှာ မျက်နှာထူပူကာ အနေရအထိုင်ရ ခက်၍ နေသည်။

ဣန္ဒြေမပျက်ရအောင် ကြိုးစား၍ ထိန်း နေရ ပေရာ ရုတ်တရက် စကားပင်မပြောတတ်အောင် ဖြစ်၍နေလေ၏။
“ရှင်က... အတွင်းအား တော်တော် ကောင်း တယ်။အတွင်းအားကောင်းအောင် ကုသပေးတာလဲ သိပ်ကို ထိရောက် မှန်ကန်တာပဲ၊ ကျွန်မ အတော်ကို သက်သာ နေ ကောင်းသွားပြီ၊ အများကြီး ကျေးဇူးတင်ပါတယ်ရှင်”

ကူမိုင်ခန်းကသာ တောက်ပသောမျက်လုံးများဖြင့် ကျန်းယိမင်းကို ကြည့်၍ စကားရွှန်းရွှန်းဝေအောင် ပြောလိုက်လေသည်။

“ဪ.....အင်း...ဟုတ်ကဲ့” 

မိမိ စိတ်လှုပ်ရှားခဲ့သည့်အတွက် မလုံသလို ဖြစ်နေသော ကျန်းယိမင်းမှာကူမိုင်ခန်းကို မကြည့်၊ မျက်စိအကြည့်လွှဲ ထားလျက် ပါးစပ်မှသာ ရေရွတ်ပြောဆိုလိုက်သည်။ 


ကူမိုင်ခန်းက သူမ၏ အဝတ်အစားများ သေသေသပ်သပ် ပြန်ဖြစ်သွားအောင် ဆွဲဆန့်ပြုပြင်နေသည်။

ကျန်းယိမင်းကတော့ အသာခေါင်းငုံ့ကာ ထိုင်၍နေ၏။

ကူမိုင်ခန်း သူမ၏ အဝတ်အစားများ သေသေသပ်သပ် ဖြစ်အောင် ပြုပြင်နေသည့်အတွက် ကျန်းယိမင်းအဖို့ တည်ငြိမ်အောင်လုပ်ရန် အချိန်ပေးသလို ဖြစ်သွားသည်။

“ကျွန်မကို ကူညီပြုစုပေးနေရတာနဲ့ ရှင့်ရဲ့ ရန်သူတွေနောက်ကိုတောင် မလိုက်နိူင်အောင်ဖြစ်ပြီး လက်လွတ် ထွက်ပြေးသွားနိူင်ကြတာကို ကျွန်မ စိတ်မကောင်းပါဘူးရှင်”

အဝတ်အစားများကို သေသေသပ်သပ်ဖြစ်အောင် ပြုပြင်ပြီးနောက် ကူမိုင်ခန်းက တောင်းပန်စကားဆိုသည်။

“ခင်ဗျားက ကျွန်တော်နဲ့အတူတူတွဲပြီး ရန်သူတွေကို ရင်ဆိုင်ရင်း အနာတရ ဖြစ်ခဲ့ရတာပဲ၊ ကျွန်တော်က ကူညီပြုစုပေးရမှာပေါ့” 

“ကျွန်မမှာ အရင်ကရထားတဲ့ ဒဏ်ရာအခံကလဲ ရှိနေတာကြောင့် အခုလို အခြေအနေ ဆိုးရွားသွားရတာပါ၊ဟိုလူတွေ အလွတ်ရုန်း ထွက်ပြေးသွားနိုင်ကြတာကတော့ နာတယ်၊ သူတို့ကို ကောင်းကောင်းဆုံးမဖို့ ကောင်းတာ” 

“ကျွန်တော် သူတို့ကိုတွေ့အောင်လိုက်ရှာပြီး ဆုံးမဒဏ် ခတ်မှာပါ၊ သူတို့ ကျူးလွန်ခဲ့တဲ့ရမ်းကားမှုတွေအတွက် ထိုက်သင့်တဲ့အပြစ် သူတို့ခံရပါလိမ့်မယ်”


“ရှင်က သူတို့ကို လိုက်ရှာမလို့လား” 

“ဟုတ်တယ်၊ လိုက်ရှာမယ်” 

“လိုက်ရှာလို့ အလွယ်နဲ့ ခြေရာခံနိူင်ပါ့မလား”

“လွယ်တော့ လွယ်မှာမဟုတ်ဘူး၊ ဒီလိုပဲ ကြိုးစားစုံစမ်း ပြီး လိုက်ရှာရမှာပေါ့” 

“ဟ....နေဦးနေဦး၊ အဲဒီလူတွေကို ခြေရာခံလိုက်နိူင် တဲ့ သဲလွန်စတစ်ခု ထည့်စဉ်းစားမိတယ်” 

“ပြောစမ်းပါဦး၊ ဘယ်လို သဲလွန်စများလဲ”

“ဟို..တောစပ်မှာတုန်းက ရှင်ဘယ်လိုဖြစ်ပြီး အဆိပ် သင့်သွားရတာလဲ” 


“ဟိုလူတွေပစ်လိုက်တဲ့ လက်နက်ပုန်းတစ်ခု အထိခံရပြီး အဆိပ်သင့်သွားခဲ့တာပဲ” 

“ဟုတ်ပြီ၊ လက်နက်ပုန်းအထိခံရတဲ့ နေရာက...“

“ညာဘက် ပခုံးစွန်းမှာ”

“အဲဒီနေရာကို ကြည့်ရအောင်” 

ကျန်းယိမင်းက ဝတ်ထားသောအင်္ကျီ၏ ညာဘက်ပိုင်း ကို အသာဖယ်ချွတ်၍ ပြသည်။ 

ကူမိုင်ခန်းက ညာဘက်ပခုံးစွန်းနေရာကို စစ်ဆေးကြည့်ရာ အသားတွင် စူးနစ်စိုက်ဝင်နေသော လက်နက်ပုန်းလေး ကို အသာထွင်၍ ထုတ်ယူသည်။ 

လက်နက်ပုန်းကလေးသည် အတော်ပင်သေးငယ်သည်။ တစ်လက်မ၏ လေးပုံတစ်ပုံခန့်သာ ရှိသည်။ 

အရင်းဘက်တွင် ကျယ်ကာ အဖျားဘက်ပိုင်းတွင် သေး ချွန်သည်။ 

အရွယ်အစား သေးငယ်သော်လည်း .. အလေးချိန်က အတော်စီးသည်။ 

“ဒီလိုလက်နက်ပုန်းမျိုး ရှင်တွေ့ဖူးသလား” 

ကူမိုင်ခန်းက ထွင်ယူလိုက်သော လက်နက်ပုန်းလေးကို ကျန်းယိမင်းအား ပြသပြီး မေးသည်။ 

“ဟင့်အင်း...မတွေ့ဖူးဘူး” 

“ဒါ... ဘီလူးဂိုဏ်းဝင်တွေ သုံးလေ့ရှိတဲ့ ဘီလူးလက်သည်း လက်နက်ပုန်းပဲ”

“ဟင်..ဟုတ်လား” 

“ဒီလက်နက်ပုန်း ကို သေသေချာချာသိမ်းထား၊ ဘီလူးဂိုဏ်းချုပ် ကျောင်းပိယောင်ကို သွားတွေ့ပြီး အရေးဆို ပေတော့” 

“ဗျာ...ဘယ်လို” 

ကျန်းယိမင်း အတော်လေးအံ့ဩသွားသည်။ 

ဘီလူးဂိုဏ်းချုပ် ကျောင်းပိယောင်သည် မိမိနှင့်တွေ့ဆုံ သိကျွမ်းရင်းနှီး ခင်မင်ခဲ့လေသော ကျောင်းပိယောင်များ ဖြစ်နေလေမည်လားဟုလည်း ရုတ်တရက် တွေးမိသည်။ 


သို့သော်... 

“ငါနဲ့ရင်းနှီးခင်မင်တဲ့ ကျောင်းပိယောင်က ရိုးသားတယ်၊ ပြီးတော့ ဘီလူးဂိုဏ်းကို လိုလားသဘောကျတာလဲ မဟုတ်ဘူး၊ ဒီတော့ သူဟာ ဘယ်နည်းနဲ့မှဘီလူးဂိုဏ်းချုပ်မဖြစ်နိူင်ဘူး၊ နာမည်တူတာပဲ ဖြစ်ရမယ်” 


ဤသို့ တွေးမိသောအခါတွင်မူ ကျန်းယိမင်း၏ တအံ့တသြဖြစ်သွားမှု အတော်ပင် လျော့ပါးသွားသည်။

“ဪ...ဘီလူးလက်သည်း လက်နက်ပုန်းကိုသုံးတာကိုထောက်ရင် ရှင့်ကို ရန်ပြုတိုက်ခိုက်တဲ့လူတွေဟာဘီလူးဂိုဏ်း ဝင်တွေဖြစ်ဖို့ များတယ်လေ ဒါကြောင့် ဘီလူးဂိုဏ်းချုပ် ကျောင်းပိယောင်ကိုသွားတွေ့ပြီးအ ရေးဆုံဖို့ပြောတာပ၊”


ကျန်းယိမင်း အံ့အားသင့်သွားမှုကြောင့် ရေရွတ်ပြော တာကို မိမိပြောကြားချက်အား ကောင်းစွာမကြား၍ ရေရွတ်ခြင်းဖြစ်သည်ဟု ထင်သွားလေသလားမသိ။ကူမိုင်ခန်းက သေသေချာချာ ပြန်လည်၍ ရှင်းပြသည်။

“ဪ...အင်း..အင်း...ဟုတ်ကဲ့” 

ကျန်းယိမင်းက ခေါင်းဆတ်ခနဲညိတ်ကာ ပြန်ပြောလိုက်သည်။ 

“ဘီလူးဂိုဏ်း ဘယ်မှာရှိတယ်ဆိုတာကိုကော ရှင် သိရဲ့ လား” 

“ဘီလူးဂိုဏ်းဆိုတဲ့နာမည်ကိုဘော့ ကြားဖူးတယ်၊ဒါပေမယ့် ဘယ်နေရာမှာ ရှိတယ်ဆိုတာကိုတော့ မသိဘူး”

“မြောင်နယ် အလယ်ပိုင်း ကျားသေချောင်းမြောက်ဘက် မှာ ရှိတယ်”

ကျန်းယိမင်းလည်း ကူမိုင်ခန်းပြောပြသော ဘီလူးဂိုဏ်း  တည်ရှိရာနေရာကို စိတ်ထဲတွင် ကောင်းစွာ မှတ်သားထား လိုက်လေ၏။


ကူမိုင်ခန်းသည် ကျန်းယိမင်းတို့၏ တဲအိမ်လေးတွင်ပင် တစ်ညတာ တည်းခိုနေထိုင်သည်။ 

ကျန်းယိမင်း၏ မိခင်နှင့် ညီမငယ် တို့သည် နောက်တစ် နံနက်ကျမှပင် အိပ်ပျော်နေရာမှ နိုးလာကြသည်။ 


အသက်သေဆုံး ကွယ်လွန်သွားကြရသူတို့အတွက် ဝမ်းနည်းကာ စိတ်မကောင်းဖြစ်နေကြသည်က လွဲ၍ သူတို့သည် အဆိပ်များ ပြယ်ကာ ကျန်းကျန်းမာမာ ရှိနေကြလေသည်။ 

ယခုမှပင်... 

ကျန်းယိမင်းသည် မိမိ၏ မိခင်နှင့် ညီမငယ်တို့အား ကူမိုင်ခန်းနှင့် မိတ်ဆက်ပေးရလေ၏။

“ဒါက ကျွန်တော့်အမေ ယိုင်ကျိဆန်း၊ သူကတော့ ကျွန်တော် ညီမလေး ကျန်းကွေးယိန်းတဲ့၊ သူက ကူမိုင်ခန်း တဲ့”


မိမိတို့သိရသလောက် မိတ်ဆွေ အပေါင်းအသင်း ဟူ၍ပင် မည်မည်ရရ မရှိလေသော ကျန်းယိမင်းသည် ငယ်ရွယ် နူပျိုသော မိန်းကလေးတစ်ယောက်အား အိမ်သို့ခေါ်လာ လျက် မိမိတို့နှင့် မိတ်ဆက်ပေးသည့် အတွက် ယိုင်ကျိဆန်း နှင့် ကျန်းကွေးယိန်းတို့နှစ်ယောက် အတော်လေး အံ့ဩနေကြသည်။

သူတို့၏ စိတ်ထဲတွင် ကူမိုင်ခန်းသည် ကျန်းယိမင်း၏ ချစ်သူ ရည်းစားဖြစ်လေမည်လားဟုပင် ထင်မိကြသည်။ 

သို့သော်...... 

ဘာမျှတော့ အထွေအထူး ထုတ်ဖော် မေးမြန်းခြင်း မပြုပေ။ 

နံနက်စာ စားသောက်ပြီးနောက် ကူမိုင်ခန်းသည် ကျန်းယိမင်းတို့ မိသားစုကို နှုတ်ဆက်ကာ ထွက်ခွာ သွားလေ တော့သည်။ 

ကျန်းယိမင်းက ကူမိုင်ခန်းကို အိမ်နှင့်ခပ်လှမ်းလှမ်းသို့ ရောက်သည်အထိ လိုက်ပို့ပေး၏။ 

“ခင်ဗျားကိုတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းမိတ်ဆွေ ရင်းချာ တစ်ယောက်လို သတ်မှတ် လိုက်ပြီဗျာ၊ ခင်ဗျား အတွက်ကျွန်တော် ကူညီနိုင်တာမှန်သမျှအားလုံး ကူညီလုပ် ဆောင်ပေးမယ်” 

နှစ်ယောက်သား လမ်းခွဲကြရတော့မည့်အခါ ကျန်းယိမင်းက ပြော၏။ 

“ဒီစကားကြားရတာ ဝမ်းသာပါတယ်၊ ကျွန်မတို့နှစ်ယောက် သူငယ်ချင်းတွေပေါ့၊ ဟုတ်လား” 

ကူမိုင်ခန်းက ကျေနပ်အားရသည့် အသွင်ဖြင့် ပြုံးရယ်ကာပြော၏။


“ဟုတ်တယ်” 

“ကောင်းပြီ၊ အကြောင်းဆုံရင် ပြန်တွေ့ကြ သေးတာပေါ့၊ ရှင့်ရန်သူတွေ အကြောင်းကိုလဲ ကျွန်မတတ်နိူင်သမျှ စုံစမ်းကြည့်ပါမယ်၊ ကဲ..သွားမယ်”

“ကောင်းပါပြီ”

ကူမိုင်ခန်းသည် လျှောက်လှမ်း ထွက်သွားမည် ပြုပြီးမှ တစ်စုံတစ်ရာကို တွေးမိဟန်ဖြင့် ကျန်းယိမင်းဘက်ပြန်လှည့်ကြည့်ကာ

“ဪ....ဒါနဲ့ဘီလူးဂိုဏ်းဝင် သိုင်းသမားတွေ နဲ့ပတ်သက်ပြီး အကြောင်းထူးတဲ့ သဲလွန်စ သတင်းတွေ ဘာတွေရရင် ရှင့်ကို ဘယ်မှာလိုက်ပြီး ဘယ်လိုရှာဖွေဆက်သွယ်ရမှာလဲ....” 

“ရှင်ရှိနေတဲ့ နေရာကို ခြေရာခံလိုက်နိူင်မယ့် လျှို့ဝှက် ချက် အမှတ် အသားတွေ ဘာတွေကို ပြောပြ ထားပါလား”

သိုင်းလောကတွင် ကျင်လည်နေကြသော သိုင်းသမား အများစုတွင် ဤသို့သော လျှို့ဝှက်ချက်ပြမှုအမှတ်အသားများ အနည်းနှင့်အများ ဆိုသလို ရှိတတ်ကြသည်။             

ကျန်းယိမင်းမှာမူ အဆင့်မြင့် သိုင်းပညာအချို့ကို ကံအားလျော်စွာ တတ်မြောက်ထားခဲ့သော်လည်းသိုင်းသမား စစ်စစ်တစ်ယောက် မဟုတ်လေသောကြောင့် လျှို့ဝှက် ချက်အမှတ်အသားများ မရှိပေ။

“ဟို...ခင်ဗျားပြောတာမျိုး ကျွန်တော် နားမလည်ဘူး၊ ရှိလဲ မရှိဘူး” 

ကျန်းယိမင်းက ဘွင်းဘွင်းပင် ဝန်ခံလိုက်လေသည်။ ကူမိုင်ခန်းက ခေါင်းကိုဆတ်ခနဲညိတ်ကာ.... 

“ဒီလိုဆိုရင် ကျွန်မသုံးတတ်တဲ့လျှို့ဝှက်အချက်ပြအမှတ် အသားတွေအကြောင်း ပြောပြထားမယ်၊ ရှင်လဲ အဲဒါမျိုး သုံးပေါ့၊ မကောင်းဘူးလား” 

“အင်း....ကောင်းသားပဲ” 

ထို့နောက် ကူမိုင်ခန်းသည် မိမိအသုံးပြုသော လျှို့ဝှက် အချက်ပြမှု အမှတ်အသားလုပ်ပုံနည်းများအကြောင်း ကျန်းယိမင်းကို သေသေချာချာပင် ပြောဆို ရှင်းလင်းပြသသည်။ ဤအချက်ပြ အမှတ်အသားပြုမှုများသည် ဘာမျှ ထွေထွေ ထူးထူး ဆန်းပြားလှသည်တော့ မဟုတ်ပါ။

သစ်ပင်တစ်ပင်တွင် ဓားဖြင့် မသိမသာလေးထစ်ထားမှု၊ ကျောက်တုံးလေးများ စီထပ်ထားမှု၊ သစ်ကိုင်းလေးများ ချိုးထားမှု စသည့်အကြောင်း မသိလျှင် တွေ့မြင်နိူင်ဖို့ပင် ခဲယဉ်းသော လုပ်ဆောင်မှုလေးများသာ ဖြစ်ပေတော့၏၊ 

ရိုးစင်းလွယ်ကူသော လုပ်ဆောင်မှုများဖြစ်သောကြောင့် ကျန်းယိမင်းသည် အလွယ်တကူပင် နားလည်တတ်သိသွားခဲ့ လေသည်။ 

“ကဲ....ကျွန်မသွားတော့မယ်နော်” 

“ဪ...ဟုတ်ကဲ့၊ အခုလို စိတ်ရှည်လက်ရှည်နဲ့ ရှင်းလင်းသင်ပြပေးတာ အများကြီး ကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော့အတွက် အတတ်ပညာတစ်မျိုး တိုးလာရတာပေါ့”

ကျန်းယိမင်းက ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ရပါတယ်ရှင်”

“အထွေအထူး ကျေးဇူးတင်နေစရာမလို ပါဘူး၊ ရှင်နဲ့ကျွန်မနဲ့က သူငယ်ချင်းမိတ်ဆွေတွေပဲ၊ ကျွန်မ တတ်စွမ်းတာကို ရှင့်ကိုကူညီသင်ပြပေးသလို ရှင်ကလဲကျွန်မ အတွက်ကူညီစရာရှိရင် အင်တိုက်အားတိုက်ကူညီဆောင်ရွက် ပေးမှာပဲ မဟုတ်လား” 

ကူမိုင်ခန်းသည် ဤစကားများကို သေသေ ချာချာအလေးအနက်ထားကာ ကျန်းယိမင်းကို စူးစူးစိုက်စိုက် ကြည့်ပြီး ပြောလိုက်ခြင်း ဖြစ်ပေသည်။

“ဟာ...ဒါကတော့ ပြောနေစရာ လိုသေးလားဗျာ 

ခင်ဗျားအတွက် ကျွန်တော်က တတ်နိုင်တာတွေ အားလုံး ကူညီဆောင်ရွက်ပေးရမှာပေါ့၊ ဒီအတွက် စိတ်ချပါ” 

စိတ်ထား ရိုးဖြောင့်လေသော ကျန်းယိမင်းကလည်း လှိုက်လှိုက်လှဲလှဲပင် ပြန်လည်ပြောကြား ကတိပြုလိုက်သည်။

သူသည်... 

ကူမိုင်ခန်းကို မိမိနှင့်တကွ မိမိတို့မိသားစု၏အသက်သခင် ကျေးဇူးရှင်တစ်ယောက်ဟု အသိအမှတ်ပြုထားလေရာ ကူမိုင်ခန်းအတွက် အစွမ်းကုန်ကူညီလုပ်ဆောင် ပေးရန် အသင့် ရှိနေပေသည်။ 

ထို့နောက် ကူမိုင်ခန်းနှင့် ကျန်းယိမင်းတို့ လမ်းခွဲလိုက် ကြသည်။ 

ကူမိုင်ခန်းသည် မြောက်ဘက်စူးစူးသို့ ရှေးရှုကာထွက် သွားသည်။ 

ကျန်းယိမင်းကမူ အိမ်ဘက်သို့ ပြန်လာခဲ့သည်။ ကျန်းယိမင်းသည် အချိန်သိပ်မဆိုင်းတော့ပေ။ 


မိမိတို့၏ မိသားစုအပေါ် တမင်သက်သက် ရမ်းကား တိုက်ခိုက် ရန်ပြုသွားလေသော ခရမ်းရောင်ဝတ်စုံဝတ် လူကြီးနှင့် အပေါင်းအပါများကို စုံစမ်းရှာဖွေရန် စိတ်ပိုင်း ဖြတ်ထားသည့်အတိုင်း လိုအပ်သည့် စီစဉ်မှုများကိုအမြန်ဆုံး လုပ်လေတော့သည်။ 

မိခင် ယိုင်ကျိုဆန်းနှင့် ညီမငယ် ကျန်းကွေးယိန်းတို့ အတွက် ဘေးရန်ကင်းရှင်းစွာ နေထိုင်နိူင်ရေး စိတ်ချရလေအောင် စီမံလုပ်ဆောင်မှုများ ပြုလုပ်သည်။ 

ထိုသို့ လုပ်ဆောင်ပြီးနောက် ထိုနေ့ညနေစောင်းလောက်မှာပင် နေအိမ်မှ ထွက်ခွာ၍လာခဲ့သည်ဟု ဆိုရပေသည်။

ကူမိုင်ခန်းထက် နေ့ဝက်ခရီး ကျော်ကျော်လောက်သာ နောက်ကျကာ ထွက်ခွာလာခဲ့သည်ဟု ဆိုရပေမည်။ 

ကျန်းယိမင်းသည် ဘယ်နေရာသို့ သွားရမည်ကို ရုတ်တရက် စဉ်းစား၍ မရ။ 

ကူမိုင်ခန်းပြောကြားခဲ့သည့် အကြောင်းများကို သတိရ သောအခါတွင်မူ ဘီလူးဂိုဏ်းတည်ရှိရာအရပ်သို့ အလျင်ဦးဆုံး သွားရောက်စုံစမ်းရန် ဆုံးဖြတ်လိုက်လေသည်။ 


ရန်သူတော်များကို စုံစမ်းရှာဖွေသည့်ခရီးစဉ် စလေပြီ၊ ဤခရီးစဉ်အတွင်း တွေ့ကြုံရမည့်အန္တရာယ်များ၊ လှည့်စားကွက်များ၊ လုပ်ကြံဖန်တီးချက်များ အကြောင်းကိုသာ ကြိုတင်တွေးဆနိုင်လျှင် ကျန်းယိမင်းသည် နေအိမ်မှခြေတစ်ဖဝါးမှပင် ခွာခဲ့မည် မဟုတ်ပေ။

Comments

Popular posts from this blog

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၃ )