သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၃ )
အခန်း (၁၃)
ညနေစောင်း သုံးနာရီခန့်တွင်မှ ကျန်းယိမင်း အိပ်ပျော်ရာမှနိုးလာသည်။
“ဟာ…ကျွန်တော် အိပ်ပစ်လိုက်တာ အချိန် တော်တော် ကုန်သွားပါရောလား”
အိပ်ရာမှ နိုးလာသော ကျန်းယိမင်းက ရှက်ပြုံး ပြုံး၍ပြောသည်။
မိမိ အအိပ်ကြီးသည့် သဘောမျိုး ဖြစ်နေသည့်အတွက် ကျန်းယိမင်း အနည်းငယ်လည်းရှက်နေသည်။
“ဒီနေရာက အေးအေးဆေးဆေး နားနေလို့ရတဲ့ နေရာပဲ၊ အိပ်ရေးဝအောင်သာ အိပ်ပါ”
ကျင်းကော့ထန်က ပြောသည်။
ထို့နောက်……
သူတို့လူစု ခရီးဆက်ထွက်ရန်ပြင်ကြသည်။
“ကျွန်တော်တို့ တောလမ်းကပဲ ဆက်သွား ကြမယ် အဲဒါကဖြတ်လမ်းလိုဖြစ်နေတာ ဆိုတော့ ညသန်းခေါင်မတိုင်မီ စီးရိနယ်စပ်က တိန်အိမ်မြို့ လေးကိုရောက်နိူင်တယ်”
ခရီးလမ်း ကျွမ်းကျင်သော ကျင်းကော့ထန်က ပြောသည်။
“ကောင်းသားပဲ၊ညနေစာအတွက် ရွာထဲကစားသောက်ဆိုင်က ဝယ်သွားကြရအောင်လား”
ထိုစားသောက်ဆိုင်မှ တောကောင်သား ဟင်းလျာများကို ခံတွင်းတွေ့နေသော ကူမိုင်ခန်းက အကြံပေး၏။
ဤသို့ဖြင့်……
သူတို့သုံးယောက် ရွာထဲသို့ ဝင်ခဲ့ကြပြန်သည်။
ရွာထဲရှိ စားသောက်ဆိုင်တွင် ထမင်း ဟင်းလျာ ထုပ်များ ဝယ်ယူသည်။
“တောဝက်သားကင် ကြိုက်ကြသလားမသိဘူး၊ ခဏလေးစောင့်ရင် ရနိူင်တယ်”
ဆိုင်ရှင်က ပြောသည်။
ကူမိုင်ခန်းသည် လတ်ဆတ်သော အသားကင် များကို အလွန်နှစ်ခြိုက်သူ ဖြစ်သည်။
တောဝက်သားကင်ကိုတော့အကြိုက်ဆုံး။
တောဝက်သားကင် ဆိုသည်ကလည်း စားရခဲပေသည်။
“ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ”
ကူမိုင်ခန်းက ပြန်မေးလိုက်သည်။
“ခဏလေးပါ၊ အခု ကျက်တောင်နေပါပြီ၊ မကြာခင်ရောက်လာတော့မယ်၊ ဟော…ပြောရင်းဆိုရင်းလာနေပြီ”
ဆိုင်ရှင်နှင့် ကူမိုင်ခန်းတို့စကားအချီအချပြောဆိုနေဆဲမှာပင် ဆိုင်အလုပ်သမား တစ်ယောက်က တောဝက်သားကင် ခြမ်းကြီးတစ်ခြမ်း မယူလာသည်။
တောဝတ်သားကင်၏ရနံ့က စားချင့်စဖွယ်။
“ကဲ…တစ်ပိဿာ ခုတ်ပြီး ထုပ်ပေးလိုက်ပါ”
တောဝက်သားကင်သည် မီးဖိုပေါ်မှ ချခါစ ပူပူနွေးနွေးဖြစ်ပေရာ ဖြတ်တောက် ခုတ်ထစ်သည်ကို အနည်းငယ်စောင့်ဆိုင်းရသည်။
ကူမိုင်ခန်းတို့သုံးယောက်သည် စားပွဲတစ်ခုတွင်ထိုင်ကာ လက်ဖက်ရည်ကြမ်းသောက်ရင်း တောဝက်သားကင် ထစ်ထုပ်ပိုးသည်ကို စောင့်နေကြသည်။
တောဝက်သားကင် ပူပူနွေးနွေးကို ကျကျနနခုတ်တစ်ပြီး၍ ဖက်ဖြင့်သေသေချာချာ ထုပ်ပိုး နေခိုက်တွင် စားသောက်ဆိုင်ထဲသို့ လူနှစ်ယောက်ဝင်ရောက်လာ၏။
“ဟာ…တောဝက်သားကင် ရနေပါလား၊ အတော်ပဲ တောဝက်သားကင် တစ်ပိဿာနဲ့ အရက်အိုးကြီး
တစ်အိုးပေးစမ်း”
တစ်ယောက်က ပြောဆိုမှာကြားကာ နှစ်ယောက်သားစားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
လှုပ်ရှားသည့် အမူအရာက အတော်လေး ကြမ်းတမ်းလှသည်။
ထိုင်ခုံများ ဆွဲယူထိုင်လိုက်သည်က ဝုန်းဝုန်း ဒိုင်းဒိုင်းပင် အသံမြည်သွားသည်။
ထိုလူနှစ်ယောက်ကိုမြင်လိုက်သည်နှင့် ကျင်းကော့ထန်မှာ အကြီးအကျယ်မျက်နှာပျက်သွားသည်။ .
“ဟ…..အဲဒါ ကျင်းလုယောင်ရဲ့ လက်ပါးစေ သိုင်းသမားတွေပဲ၊ ကျွန်တော်တို့မြန်မြန်သွားကြမှ ဖြစ်မယ်”
ကျင်းကော့ထန်က ကူမိုင်ခန်းနှင့် ကျန်းယိမင်းတို့ နှစ်ယောက်ကို တီးတိုးပြောသည်။
ပြောပြီးသည်နှင့် ထိုင်ရာမှ ထကာ သုတ်သုတ်ပျာပျာ ဆိုင်အပြင်သို့ ထွက်သွားလေ၏။
တစ်ဖက်လူများက မိမိတို့ ရှိနေသည်ကို တွေ့မသွားမှီ ရှောင်ထွက်သွားတာက ဘေးကင်းရန်ကင်း အကောင်းဆုံးဖြစ်သောကြောင့် ကျန်းယိမင်းနှင့်ကူမိုင်ခန်းတို့လည်း ကျင်းကော့ထန်၏နောက်မှ လိုက်သွားကြသည်။
ဤအရေးပေါ်ကိစ္စကြောင့် မှာထားသော တောဝက်သားကင်ကိုပင် မေ့သလိုဖြစ်သွားသည်။
“ဟော..အစ်မလေး၊ တောဝက်သားကင်ထုပ် မေ့ကျန်နေခဲ့ပြီလေ”
ဆိုင်အလုပ်သမား တစ်ယောက်က တောဝက်သားကင်ထုပ်ကို အပြေးယူလာပေးလိုက်ရသည်။
“ဪ…အင်း…ကျေးဇူးပဲ”
ကူမိုင်ခန်းက လျှောက်လှမ်းသွားနေရာမှ ကျေးဇူးတင်စကားပြောကာ တောဝက်သားကင်ထုပ်ကို လှမ်းယူလိုက်သည်။
သူတို့သုံးယောက် စားသောက်ဆိုင်အပြင်ဘက်သို့ ထွက်ခွာ၍ လာခဲ့ကြသည်။
စားသောက်ဆိုင်ထဲသို့ ဝင်လာကြသူ နှစ်ယောက်မှာ ‘သရဲဓားနှင့် ငရဲမီး’တို့ ဖြစ်ကြသည်။
ကြူအုန်းယိုဦးစီးသော ကျင်းလုယောင်၏ လက်ပါးစေ သိုင်းသမား တစ်သိုက်သည် ကျင်းကော့ထန်ကို ခြေရာခံလိုက်လံရှာဖွေရင်း ဤရွာလေးသို့ ရောက်လာကြသည်။ သူတို့သည် ရွာပြင်ရှိ ဇရပ်အိုကြီးတွင်ပင် နားနေကြလေသည်။
ကြူအုန်းယိုတို့ လူစု ဇရပ်ကြီးသို့ ရောက်လာသည်မှာ ကျန်းယိမင်းတို့နှင့် လက်မတင်လေးပင် လွဲသွားသည်။ကျန်းယိမင်းတို့ ဇရပ်ကြီးမှထွက်လာပြီး ခဏအကြာတွင် ရောက်လာကြခြင်းဖြစ်သည်။
ကျန်းယိမင်းတို့ ဤရွာထဲတွင်ရှိနေသည်ကို ကြူအုန်းယိုတို့လူစု မသိကြပေ။
ဇရပ်တစ်နေရာတွင် လှည်းကျင်း သန့်ရှင်းထားသည်တွေ့ရသော်လည်း အခြားသော ခရီးသွားများ ဝင်ရောက်တည်းခိုနားနေသွားကြခြင်း ဖြစ်မည်ဟုသာ ခပ်ပေါ့ပေါ့ တွေးမိကြသည်။
ကျန်လူများက ဇရပ်ကြီးပေါ်တွင် နေခဲ့ပြီး သရဲဓား ငရဲမီးတို့က ရွာထဲသို့ ရှေ့ပြေးသဘောမျိုး ဝင်လာခဲ့ခြင်း ဖြစ်သည်။
ကျန်လူများက နောက်မှ ဆက်၍လိုက်လာမည် ဖြစ်သည်။
သရဲဓားနှင့် ငရဲမီးတို့သည် စားသောက်ဆိုင်ထဲသို့ လာခဲ့ကြရာတွင် ကျင်းကော့ထန် ရှိနေသည်ကို သတိမမူကြပေ။
ကင်ပြီးခါစ တောဝက်သားကင် ပူပူနွေးနွေးကို တွေ့သောကြောင့်သာ စားလိုသောက်လိုစိတ်များဖြစ်ပေါ်လျက် အရက်တစ်အိုးနှင့် တွဲ၍ မှာကြားလိုက်ကြသည်။
အေးဆေးစွာဆိုင်လျက် လက်ဖက်ရည်ကြမ်း သောက်နေရာမှ ကျင်းကော့ထန်က ရုတ်တရက်ထကာသုတ်သုတ်ပျာပျာဖြင့် ထွက်သွားသောအခါ ပြုမူပုံထူးခြား သည့်အတွက် သတိ
မူစရာ ဖြစ်သွားသည်။
အလိုအလျောက်ပင် ငရဲမီးတို့က ကျင်းကော့ထန်ကို လှမ်းကြည့်မိကြသည်။
ကျန်းယိမင်းနှင့် မိုင်ခန်းတို့နှစ်ယောက်လည်း ထိုင်ရာမှ ထလာကြလေရာ ငရဲမီးနှင့် သရဲဓားတို့၏ အကြည့်များက လှပချောမောသော ကူမိုင်ခန်းထံသို့ အဓိက ရောက်သွားရာ ကျင်းကော့ထန်ကို သေသေချာချာ မကြည့်မိကြပေ။ အလိုအလျောက် လှမ်းကြည့်မိသည့် အကြည့်များသာ ဖြစ်သည့်
အတွက်လည်း အတော်ပင် အမှုမဲ့အမှတ်မဲ့နိုင်သည်။
သို့သော်……
ဆိုင်အမှုထမ်းလေးက တောဝက်သားကင်ထုပ် မေ့ကျန်နေခဲ့သည်ဟု ပြောဆိုကာ လိုက်၍ပေးသောအခါတွင်တော့ ကျန်းယိမင်းတို့အပေါ် သရဲဓားတို့က အထူး သတိပြုစရာ ဖြစ်လာသည်။
အမှတ်တမဲ့ လှမ်းကြည့်ခြင်းမျိုး မဟုတ်တော့ဘဲ စူးစမ်းအကြည့်များဖြင့် ကြည့်လာကြသည်။
အကယ်၍...
ကျန်းယိမင်း၊ ကူမိုင်ခန်းနှင့် ကျင်းကော့ထန်တို့ သုံးယေက်စလုံး ဣန္ဒြေရရနှင့် ခြေလှမ်းမှန်မှန်လျှောက်လှမ်းထွက်မည်ဆိုပါက သရဲဓားတို့အနေဖြင့် သတိပြုကာစူးစမ်း
သည့်တိုင် ဘာမျှ ပြဿနာပေါ်မည် မဟုတ်။
သူတို့ဘက်သို့ ကျောခိုင်းကာ စားသောက်ဆိုင် အပြင်ဘက်သို့ ရောက်ရှိကာ လျှောက်လှမ်းသွားနေပြီ ဖြစ်သော ကျင်းကော့ထန်ကိုလည်း အလွယ်တကူ မှတ်မိသိရှိဖို့ မလွယ်ပါ။
သို့ရာတွင်..
ကျန်းယိမင်းနှင့် ကူမိုင်ခန်းတို့နှစ်ယောက်သာ ဣဒြေမပျက် ခြေလှမ်းမှန်မှန်နှင့် လျှောက်သွားနေသော်လည်း ကျင်းကော့ထန်ကတော့ မူပျက်နေသည်။
ဘေးကင်းရန်ကင်း အေးအေးချမ်းချမ်းဖြစ်ပြီဟု စိတ်လက်ချရှိနေရာမှ မမျှော်လင့်ဘဲ သရဲဓားနှင့်ငရဲမီးတို့ နှစ်ဦးကို စားသောက်ဆိုင်ထဲတွင် တွေ့ရလေသောအခါ ကျင်းကော့ထန်မှာ အတော်လေးပင် ထိတ်လန့်ကြောက်လန့်သွားခဲ့သည်။
ဤလူနှစ်ယောက်ကို အန္တရာယ်၏ရှေ့ပြေးများဟုမြင်လေသည်။
ကြောက်လန့်စိုးထိတ်သည့် စိတ်ကြောင့် ကျင်းကော့ထန်မှာ ခြေလှမ်းမမှန်။
အတော်မူပျက်၍နေသည်။
သာမန် လျှောက်လှမ်းခြင်းမျိုးမဟုတ်ဘဲ မူပျက်နေသော
ကျင်းကော့ထန်၏ လှုပ်ရှားမှုက သရဲဓားနှင့်ငရဲမီးတို့၏ စူးစမ်းသော အကြည့်ကို ဆွဲဆောင်သည်။
ထို့ကြောင့် …
အမူအရာပျက်နေလေသော ကျင်းကော့ထန်ကို သေသေချာချာ စူးစိုက်ကြည့်ကြသည်။ ငရဲမီးက ကျင်းကော့ထန်ကို မှတ်မိသွားလေတော့သည်။
“ဟော..ဟိုမှာ ကျင်းကော့ထန်”
ငရဲမီးသည် ပါးစပ်မှ အော်ဟစ်ပြောဆိုရင်း ထိုင်နေရာမှ ထကာ စားသောက်ဆိုင်အပြင်သို့ တစ်ဟုန်ထိုးပြေးထွက်လာသည်။
Comments
Post a Comment