သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၂ )

 အခန်း (၁၂)


ကျန်းယိမင်းတို့ ပြေးလွှား နေခြင်းကို ရပ်ကာ ခေတ္တနားနေလိုက်ကြသည်။

သူတို့နားနေသော နေရာသည် နေရာထိုင်ခင်းတော့ သိပ်ကောင်းမွန်ခြင်း မရှိလှပါ။

သစ်ပင်ကြီး တစ်ပင်အောက်တွင်သာ ဖြစ်၏။

ခေတ္တမျှသာ နားနေခြင်း ဖြစ်သောကြောင့် နေရာထိုင်ခင်း ကောင်းကောင်းမွန်မွန်လည်း မလိုအပ်ပေ။


ကျန်းယိမင်းနှင့် ကူမိုင်ခန်းတို့တွင် ရိက္ခာခြောက်များပါရှိလာကြလေရာ ထိုရိက္ခာခြောက်များနှင့်ပင်သုံးယောက်သား နံနက်စာကို ဖြစ်သလိုစားသောက်လိုက်ကြ၏။

“ကျွန်တော် နာမည် ကျင်းကော့ထန်ပါ”

နံနက်စာ စားနေရင်း စကားပြောရန် အချိန်ရနိုင်ပြီဟု တွေးကာ ကျင်းကော့ထန်စတင်လိုက်၏။


“ကျွန်တော် နာမည်က ကျန်းယိမင်း၊ သူကတော့ ကူမိုင်ခန်း ၊ ကျွန်တော်တို့ နှစ်ယောက် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဆိုပါတော့ …”

“ကျွန်တော်တို့ အဲ..ခရီးထွက်လာကြရင်း လျှိုမြောင်ထဲက အသံဗလံတွေကြားရလို့ ဆင်းအကြည့်မှာ ခင်ဗျား အန္တရာယ်တွေ့နေရတာ မြင်ရတာနဲ့ ဝင်ကူညီ ပေးခဲ့တာပါပဲ”

ကျန်းယိမင်းကပြောသည်။

ကူမိုင်ခန်းကတော့ ကျင်းကော့ထန်နှင့် မိတ်ဆွေတွေ ဘာတွေမဖြစ်ချင်။

စကားလည်း ရှည်ရှည်ဝေးဝေး ပြောလိုသော ဆန္ဒမရှိ။

ကျင်းကော့ထန်နှင့်လမ်းခွဲကာ ကိုယ့်ဘာသာကိုယ်သွားစရာရှိတာကို ဆက်သွားလိုနေသည်။

 ကျန်းယိမင်းက မိတ်ဆက်စကားဆိုနေလေသောကြောင့် ကူမိုင်ခန်းမှာလည်း မနေသာဘဲ ခေါင်းတစ်ချက်ညိတ်ကာ အသိအမှတ်ပြုပေးလိုက်ရ၏။

ကျန်းယိမင်း စကားရှည်ရန်ကော ဟူ၍လည်း စိတ်ထဲမှ မကျေမနပ်ဖြစ်မိသည်။


နံနက်စာ စားသောက်ပြီးလျှင် ကျင်းကော့ထန်နှင့်လမ်းခွဲကာ ကိုယ့်လမ်းကိုယ်သွားကြရန်ပြောတော့မည် ဟုလည်းစိတ်ကူးထားသည်။

“ကျွန်တော်က စီးရိနယ်က နယ်စား မင်းသားလေးပါ၊ ကျွန်တော် အမဲလိုက်ထွက်တုန်း ခြေသလုံးအိမ်တိုင် သိုင်းသမားတစ်စုနဲ့ တိုးမိပြီး...”

ကျင်းကော့တန်က မိမိကို ခြေသလုံးအိမ်တိုင်သိုင်းသမားများက ပြန်ပေးဆွဲထားခဲ့ရာ စီးရိနယ်စား နန်းဆောင်မှ သိုင်းသမားများက ရတနာသေတ္တာဖြင့် လာရောက်ရွေးနှတ်အလဲအလှယ်ပြုရာမှ စတင်ကာ ကျင်းလုယောင်၏လက်ပါးစေသိုင်းသမား ရုတ်တရက်ပေါ်ပေါက်တိုက်ခိုက်လာပုံ အကြောင်းများကို ပြောပြလိုက်၏။

ဤအခါတွင်မှ ကူမိုင်ခန်းသည် ကျင်းကော့ထန်အပေါ် စိတ်ဝင်စားမှုရှိ၍ လာသည်။

“နေပါဦး၊ ကျင်းလုယောင်ဆိုတာ ဘယ်သူလဲ ရှင်နဲ့ အဲလေ….မင်းသားလေးနဲ့ ဘယ်လိုပတ်သက်သလဲ”

ကျင်းကော့ထန်နှင့် … စကား သိပ်မပြောဘဲ ခပ်မဆိပ်သာနေလာခဲ့သော ကူမိုင်ခန်းက ကြားဝင်ကာ မေးလိုက်သည်။

မိမိအပေါ် ကူခိုင်ခန်းက ခပ်တန်းတန်း၊ ခပ်တည်တည်သာ လုပ်နေသောကြောင့် စိတ်ပျက် အားလျော့နေသော ကျင်းကော့ထန်မှာ ယခုလိုစိတ်ဝင်တစားအရေးတယူမေးမြန်းလာသည့် အတွက် အတော်လေးကို ကျေနပ်ပီတိဖြစ်သွားမိလေသည်။

“သူက ကျွန်တော်နဲ့ အဖေတူမအေကွဲ ညီအစ်ကိုပါ”


“ဪ….ဟုတ်လား၊ ဘယ်သူက အကြီး၊ ဘယ်သူကအငယ်လဲ”

“သူနဲ့ကျွန်တော် အသက်အရွယ်ချင်းက မတိမ်းမယိမ်းပါပဲ၊ သူက ကျွန်တော့်ထက် ရက်ပိုင်းလောက် ပိုကြီးတာဆိုတော့ ကျွန်တော်ကအငယ်၊ သူက အကြီးလို့တော့ ပြောနိူင်ပါတယ်”


“ကျင်းလုယောင်က မင်းသားလေးရဲ့ အစ်ကိုတော်ပေါ့ ဟုတ်လား”

“အင်း…ဟုတ်ပါတယ်၊ ကျွန်တော် စီးရိနယ်စားအဖြစ်ဆက်ခံရရှိတာကို ကျင်းလုယောင် မကျေနပ်ဘူး ဒါကြောင့် ကျွန်တော့်ကို အန္တရာယ်ပေးနိူင်မယ့် အခွင့်အခါကောင်းကို အမြဲချောင်းနေတာ…”

“အခု ကျွန်တော် ပြန်ပေးအဆွဲခံရတာကို သူက အခွင့်ကောင်း ယူလိုက်တာလေ၊ သူ့လက်ပါးစေ သိုင်းသမားတွေ စေလွှတ်ပြီး လျှို့ဝှက်လုပ်ကြံခိုင်းတာ၊ ခင်ဗျားတို့ ဝင်ကယ်ပေလို့ ကျွန်တော် အသက်ကလေး ဆက်ရှင်နေရတာ…”

“ဒါကြောင့် ခင်ဗျားတို့ကို ကျေးဇူးတင်လို့ မဆုံးပါဘူး၊ စီးရိနယ်စား နန်းဆောင်ကို ကျွန်တော်နဲ့ အတူတူလိုက်ပြီး လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ”

“ဟာ...မဖြစ်ဘူးထင်တယ်”

ကျန်းယိမင်းက ဝင်ပြောသည်။

“ဘာကြောင့် မဖြစ်နိုင်ရတာလဲဟင်”

“ဘာဖြစ်လို့လဲ ကျန်းယိမင်းရဲ့”

ကျင်းကော့ထန်နှင့် ကူမိုင်ခန်းတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို မေးလိုက်မိကြသည်။

“ကျွန်တော်တို့ သွားစရာကိစ္စက ရှိနေသေးတယ်လေ၊မင်းသားလေးကို    ဘေးကင်း လုံခြုံနိုင်မယ့်နေရာ ပို့ပေးပြီးရင် ကျွန်တော်တို့ ခရီး ဆက်သွားကြရလိမ့်မယ်၊ ဒါ့ကြောင့် မင်းသားလေးဖိတ်ခေါ်တာကို လိုက်လို့မဖြစ်နိုင်ဘူး ပြောရတာပါ”

“ဟာ..ကျန်းယိမင်းကလဲ၊ အခုလို ကူညီကယ်တင်ပေးပြီးမှတော့ ပို့မယ့်ပို့ ကူးတို့ရောက်အောင် ပို့ပေးမှပေါ့ရှင်၊ ဘေးကင်း လုံခြုံတဲ့နေရာရောက်ပြီလို့ ဘယ်လိုလုပ်ပြီး

တိတိကျကျ သတ်မှတ်လို့ ရနိုင်မှာလဲ..”

“ကျွန်မတို့က ဘေးကင်းလုံခြုံပြီရယ်လို့ ထားခဲ့ပြီးမှ ဟိုလူကြမ်း လူရမ်းကြီးတွေနဲ့ ပြန်ဆုံနေရင် ဘယ့်နှယ်လုပ်မလဲ၊ ကျွန်မတို့ ဝင်ကူညီပေးခဲ့တာတွေ သဲထဲရေသွန်သလို အလကား ဖြစ်ကုန်တော့မှာပေါ့၊ စဉ်းစားပါဦး…”

“ပြီးတော့ စီးရိနယ်ဆိုတာက တကူးတက သွားရမယ့် နေရာလဲ မဟုတ်ဘူး၊ ကျွန်မတို့သွားရမယ့် ခရီးနဲ့ လမ်းကြောင်းလဲ သင့်နေပါတယ်၊ ဒါကြောင့် မင်းသားလေးရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံဖို့ ကောင်းပါတယ်ရှင်”

ကူမိုင်ခန်းက အာသွက်လျှာသွက်ပင် ပြောပြလေတော့သည်။


“မိတ်ဆွေတို့နှစ်ယောက်က ဘယ်ကို သွားကြမလို့လဲ"

ကျင်းကော့ထန်က မေးမြန်းရာ ကျန်းယိမင်းက ကြားရန် သင့်မသင့် စဉ်းစားနေဆဲမှာပင် ကူမိုင်ခန်းက

နှုတ်သွက်စွာ အဖြေပေးလိုက်လေသည်။

“မြောင်နယ်ဘက်ကို သွားကြမလို့ပေါ့”


“ဟာ…ဒါဆို ဟန်ကျတာပေါ့၊ မြောင်နယ်ကိုသွားရင် စီးရိနယ်ကနေ ဖြတ်သွားတာက ပိုပြီး ခရီးလမ်းသာတယ် စီးရိနယ်ကနေ ဘယ်လောက်ဝေးတော့တာမှတ်လို့၊ သုံးရက် ခရီးလောက်ပဲ ရှိတာ”

ကူမိုင်ခန်းပြောသည်များက ဟုတ်သလိုလိုမို့ ကျန်းယိမင်းမှာ စောဒကတက် ငြင်းချက်ထုတ်ခြင်း မပြုသာတော့။

ထို့ပြင်...

ကျန်းယိမင်းသည် မြောင်နယ်သို့သွားရမည့် ခရီးလမ်းကြောင်း သေသေချာချာ မသိ။

မေးမြန်းစုံစမ်းပြီး သွားရမည်ဖြစ်ရာ ယခုလို့ ခရီးသင့်နေသည်ဟုဆိုတော့ ကျင်းကော့လန်၏ဖိတ်ကြားချက်ကို လက်ခံရန် သဘောတူလိုက်ရလေတော့သည်။


ကျန်းယိမင်းသည် ကူမိုင်ခန်းကို မိမိ၏ ကျေးဇူးရှင် သူငယ်ချင်း မိတ်ဆွေကောင်းတစ်ယောက်အဖြစ် သတ်မှတ်ထားရ =ကူမိုင်ခန်း၏ဆန္ဒကို ဆန့်ကျင်ဘက် မလုပ်လိုသည့် သဘောလည်း ရှိနေပေသည်။

ကျင်းကော့ထန်ကတော့ အတော်ကို ပျော်ရွှင်မြူးထူး၍သွားသည်။

မိမိ၏ဖိတ်ခေါ်ချက်ကို ကျန်းယိမင်းကသဘောတူလက်ခံ၍ ပျော်ရွှင်ခြင်းထက် ကူမိုင်ခန်းကို မိမိ၏ နန်းဆောင်သို့ အလည်အပတ်ခေါ်နိူင်၍ ကြည်နူးမြူးရွှင်ခြင်းက ပို၍များပေသည်။


“သိပ်ကို ဝမ်းသာတာပဲဗျာ၊ ကျွန်တော့် နန်းဆောင်ကိုရောက်မှ မိတ်ဆွေတို့နှစ်ယောက်ကို ကောင်းကောင်း ဧည့်ခံပြုစုရမယ်”

ကျင်းကော့ထန်က ပါးစပ်မှ တဖွဖွပြော၍ နေလေ၏။

နံနက်စာ စားသောက်ပြီးနောက် ခရီးဆက်၍ နှင်ခဲ့ကြသည်။


ကျန်းယိမင်း၊ ကူမိုင်ခန်းနှင့် ကျင်းကော့ထန်တို့ သုံးယောက် စီးရိနယ်ဘက်သို့ ရေးရှုကာ ခရီးနှင်ခဲ့ကြလေ၏။

စောစောပိုင်းတုန်းကလို လျင်မြန်စွာပြေးလွှားသွားခြင်းမျိုးမူ မဟုတ်တော့၊ တောလမ်းခရီးမှ ခြေလှမ်းသွက်သွက်ဖြင့် ခပ်သုတ်သုတ် လျှောက်လှမ်း သွားကြခြင်းသာ ဖြစ်သည်။

ကျင်းကော့ထန်သည် အဆင့်မြင့်ကိုယ်ဖော့ပညာများ ဟုတ်တိ ပတ်တိ တတ်မြောက်ထားခြင်း မရှိသော်လည်း တောလိုက် မုဆိုးကောင်း တစ်ယောက်မို့ တောလမ်းခရီးတွင် ကျွမ်းလေသည်။

သက်လုံလည်း အတော်ကောင်းသည်။

ကျန်းယိမင်းတို့ နည်းတူလောက်ပင် ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လှမ်းသွားနိုင်သည်။

လျှောက်လှမ်းသွားရင်း ကူမိုင်ခန်းကလည်း ကျင်းကော့ထန်ကို စကားစမြည်လေးပါ ပြောဆို၍နေရာ ကျင်းကော့ထန်မှာ မောရပန်းရမှန်ပင် မသိနိုင်တော့ပါ။


တစ်နံနက်ခင်းလုံး ခရီးနှင်လာခဲ့ကြရာ မွန်း လွဲ ပိုင်းအချိန်လောက်တွင် ရွာတစ်ရွာသို့ ရောက်ရှိလာကြသည်။

စည်စည်ကားကား ဖွံ့ဖြိုးမှုရှိသည့် ရွာကြီးတစ်ခုတော့ မဟုတ်ပါ။

လူနေအိမ်ခြေ တစ်ရာခန့်ရှိသည့် သာမန်ရွာတစ်ရွာသာ ဖြစ်သည်။

ရွာနှင့် တစ်ခေါ်သာသာလောက် အကွာတွင်တော့ ဇရပ်တစ်ဆောင် ရှိ၏။

ဇရပ်သည် ရွာနှင့် မလိုက်ဖက်အောင်ပင် ကြီးမားလှလေသည်။

ခိုင်ခံ့ပြီး အဟန့်အထည် ကောင်းသည်။

တည်းခိုနားနေသူများ သိပ်ရှိပုံတော့ မရ။

ဇရပ်ကြီးပေါ်တွင် ဖုန်များ၊ အမှိုက်များ အများအပြားပင် ရှိ၍နေသည်။

ဇရပ်ကြီး၏ဘေးနားတွင် ရေတွင်းနှင့် ရေကန်တို့လည်းရှိသည်။


ရေတွင်းကပျက်၍ ရေကန်က ကောနေလေပြီတည်း။

“ဒီနေရာဘက်ကို လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်တုန်းက ဘုရင်မင်းမြတ် တောကစား ထွက်ခဲ့ဖူးတယ်၊ အဲဒီတုန်းက တည်းခိုနားနေဖို့ ဒီဇရပ်ကြီးကိုဆောက်ခဲ့တာပဲ”

ဤနယ်ပယ်ဒေသကို ကျွမ်းကျင်သော ကျင်းကော့ထန်က ခရီးလမ်းမသင့်သည့်နေရာတွင် ခမ်းခမ်းနားနားကြီး တည်ရှိနေသော တည်းခိုဇရပ်ကြီးအကြောင်း ရှင်းပြသည်။

ဘာပဲဖြစ်ဖြစ်...

ဤနေရာတွင် ဇရပ်ကြီးရှိနေသည်က ကျန်းယိမင်းတို့ သုံးယောက်အတွက်ကတော့ အတော် အကျိုးရှိသည်။

သူတို့သည် ရွာထဲရှိ စားသောက်ဆိုင်လေးတစ်ဆိုင်တွင်နေ့လယ်စာ စားသောက်ကြသည်။

တောပိုင်းလေးဖြစ်သောကြောင့် အ ထက်တန်းစား ဟင်းအမယ်များတော့ မရနိုင်။


သို့သော်……

ချေသား၊ ဆတ်သား၊ ယုန်သား၊ ငှက်သား စသည့်တောကောင်သား ဟင်းလျာများ ရရှိနိုင်ရာ အတော်ပင်စား၍ ကောင်းသည်။

နေ့လယ်စာ ကောင်းကောင်း စားသောက်ပြီးနောက် ဇရပ်ကြီးသို့ သွားကာ အခန်းတစ်ခန်းတွင် လှည်းကျင်းသန့်စင်ကာ နားနေ အပန်းဖြေကြသည်။

ခံရီးပြင်းကို မနေမနားနှင်လာခဲ့ကြရသည့်အတွက် ကျန်းယိမင်းရော ကူမိုင်ခန်းပါ အနားယူလိုကြသည်။

အန္တရာယ်ပြုမည့် လူများနှင့်လည်း အတော်အလှမ်းဝေးနေပြီမို့ စိတ်ချလက်ချပင် နားနေကြသည်။

ခေတ္တခဏနားနေခြင်းပင် မဟုတ်ဘဲ . တစ်ရေးတစ်မောပင် အိပ်စက်ကြသေးသည်။

နေရာထိုင်ခင်း ကောင်းမွန်သောကြောင့် နားနေ အိပ်စက်ရသည်ကလည်း သက်သောင့်သက်သာ ရှိလှသည်။


အထူးသဖြင့် မနေ့ညက တစ်ညလုံးလုံး တစ်မှေးမှအိပ်စက်ခြင်း မပြုရဘဲ ခရီးပြင်းကိုချည်းနှင်နေခဲ့ရလေ ကျန်းယိမင်းမှာ နှစ်ခြိုက်စွာ အိပ်မောကျသွားလေသည်။

မွန်းလွဲနှစ်နာရီလောက်တွင် ကူမိုင်ခန်းနှင့် ကျင်းကော့ထန်တို့ တစ်ရေးတစ်မော အိပ်စက်ရာမှ နိုးလာကြသည်။

ကျန်းယိမင်းကတော့ အိပ်လို့ကောင်းနေတုန်း။

ကူမိုင်ခန်းတို့သည် ကျန်းယိမင်းကိုမနှိုးကြ။

ကျန်းယိမင်းနိုးလာမည်ကို စောင့်ဆိုင်းရင်း နှစ်ယောက်တည်း စကားစမြည် ပြောဆိုနေကြလေသည်။

ကူမိုင်ခန်းက စကားပရိယာယ် ကြွယ်ဝစွာ လှည့်ပတ် မေးမြန်းခဲ့ရာ စီးရိနယ်အကြောင်းနှင့် ကျင်းကော့ထန်တို့ မိသားစု အကြောင်း အတော်အသင့် သိရှိလာခဲ့လေသည်။



Comments

Popular posts from this blog

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၂ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၃ )