သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၅ )

 အခန်း (၅)

ထိုနေ့ညသန်းခေါင်းယံအချိန် ဖြစ်သော်လည်း မှောင်မိုက်၍ မနေပါ။ 

အတော်လေးပင် လင်းလင်းကျင်းကျင်း ရှိ၍ နေသည်။

သို့သော်... 

ကောင်းကင်တွင် တိမ်မည်းညိုများ ဖြစ်ထွန်း၍ နေရာ တိမ်ညိုဖုံးလျှင်တော့ လရောင်ကွယ် ပျောက်ကာ အမှောင်ဖုံးသွားနိုင်ပေ၏။ 

ကျန်းယိမင်းသည် လွင်တီးခေါင် ကွင်းပြင် ကျယ်ကို ဖြတ်ကျော်ကာ ယာတောလေးရှိရာသို့ ရောက်ရှိလာသည်။ 

ကူမိုင်ခန်းသည် မြောင်နယ်ရှိရာ မြောက်ဘက်စူးစူးသို့ ရှေးရှု၍ လာခဲ့ပြီး လမ်းခရီးတစ်လျှောက်တွင်ရှိသည့်အချက် အချာ နေရာများတွင် မိမိ၏ လျှို့ ဝှက်အချက်ပြ အမှတ် အသားများကို ပြုလုပ်လာခဲ့သည်။ 

ကျန်းယိမင်းသည်လည်း မြောင်နယ်ဘက်သို့ပင် ဦးတည် ကာ ခရီးနှင်လာခဲ့သည်။ 

ခရီးလမ်းကြောင်း မသိသည့် အတွက် ခရီးအစတွင် အခြားလူများထံ မေးမြန်းစုံစမ်းမှု ပြုခဲ့ရသေးသည်။ 

သို့သော်... 

ခရီးအတန်နှင်လာမိပြီးသည့် နောက်တွင်မူ ကူမိုင်ခန်းပြုလုပ်ထားခဲ့သော လျှို့ ဝှက်အမှတ်အသားများကို တွေ့ရှိ  ခဲ့ရပြီး မိမိသွားမည့် ခရီးလမ်းကြောင်းနှင့်လည်း အလိုက်သင့် ဖြစ်နေလေသောကြောင့် ကျန်းယိမင်းသည် ကူမိုင်ခန်း ပြုလုပ်ထားခဲ့သော လျှို့ဝှက် အမှတ်အသားများ၏ လမ်းညွှန်မှုအတိုင်းလိုက်လာခဲ့ရာ ယခု ဤယာတောကလေးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ခြင်း  ဖြစ်ပေတော့သည်။

ကျန်းယိမင်းသည် မိမိနှင့်တကွ မိမိတို့မိသားစုများအား အကြောင်းမဲ့ ရမ်းကား တိုက်ခိုက်ရန်ပြု သွားလေ သူတို့အား အများဆုံးခြေရာခံမိနိူင်ရန် ဆန္ဒပြင်းပြနေလေသည် ဖြစ်ရာ နားချိန်အိပ်ချိန်ဟူ၍ အနည်းငယ်မျှသာယူပြီး ခရီးတွင်နိူင်သမျှ တွင်အောင်သွားနေသည်။ 

ညသန်းခေါင်ယံ အချိန်အထိ ခရီးနှင်ပြီးမှ နားနေအိပ်စက်ကာ နံနက်အရုဏ်တက်သည့် အချိန်တွင် အိပ်ရာမှထ၍ ခရီးဆက်မြဲဖြစ်၏။

ယခု 

ညသန်းခေါင်ယံအချိန်တွင် လွင်တီးခေါင် လွင်ပြင်ကျယ်ကို ဖြတ်ကျော်နိူင်ခဲ့ပြီး ယာတောလေး တစ်ခုသို့ ရောက်လာပေရာ တစ်ညတာ နားနေအိပ်စက်ရန် နေရာကောင်းရပြီဟု ကျန်းယိမင်းတွေးမိ၏။ 

ယခုလို ညသန်းခေါင်အချိန်တွင် ယာတောပိုင်ရှင်မျာ သည်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနေလောက်ပြီ။

မိမိသည် ညသန်းခေါင်မှ နံနက်အရုဏ်တက်သည် အထိ အချိန်သုံးနာရီမျှသာ နားနေအိပ်စက်လျက် ခရီးဆက်လက် ထွက်ခွာသွားမည်ဖြစ်ရာ အိပ်မောကျနေလေမည် ဖြစ်သော ယာတောပိုင်ရှင်များကို အနှောင့်အယှက် မပေးတော့ဟု လည်း စိတ်ကူး၏။ 

မိမိဘာသာ ယာတောထဲတွင် သင့်တင့်သောနေရာ တစ် ခု ရွေးချယ်ကာ အသာနားနေ အိပ်စက်ပြီး အရုဏ်တက် သည်နှင့် အိပ်ရာမှထ၍ ခရီးဆက်သွားလျှင် မိမိရောက်ရှိ အိပ်စက်သွားသည်ကို ယာတောပိုင်ရှင်များသိပင် သိနိုင်မည် မဟုတ်ဟုလည်း ကျန်းယိမင်းကတွေး၏။ 

ကျန်းယိမင်းသည် စိမ်းလဲ့ရေတံခွန် တောအုပ် ထဲတွင် သာ အချိန်များစွာနေထိုင်ခဲ့သူမို့ ရရာကြုံရာနေရာတွင် ဖြစ် သလိုနားနေအိပ်စက်မှုပြုနိုင်ခြင်းတွင် ကောင်းစွာ အကျင့် ရနေသည်။ 

ကျောတစ်ခင်းစာ နေရာရလျှင်ပင် သူ့အတွက် ဖူလုံပြည့် စုံပေပြီ။ 

ကျန်းယိမင်း ယာတောလေးထဲသို့ အသာပင် လျှောက်လှမ်းဝင်လာခဲ့၏။ 

လရောင်ရှိနေသောကြောင့် အတော်လေးမြင်သာ ထင်သာသည်။

ကျန်းယိမင်းသည် တဲအိမ်လေးဘက်သို့ လှမ်းကြည့်လိုက်ရာ အိမ်မြေစိုက် ကွပ်ပျစ်ပေါ်တွင် လက်ဖက်ရည်ကြမ်းကရား တစ်ခုနှင့် ပန်းကန်များကိုမြင်ရ၏။

ပန်းကန်ပြားထဲတွင် အမဲသားကင် အနည်းအကျဉ်း ရှိနေသည်။

ကျန်းယိမင်းသည် အစားအသောက် သိပ်မက်မက်မော မောရှိလှသူတစ်ယောက်တော့ မဟုတ်ပါ။

သို့သော်...... 

ယခု လွင်တီးခေါင် ကွင်းပြင်ကျယ်ကိုဖြတ်ကာခရီး ပြင်း နှင်လာခဲ့၍ ရေလည်းဆာ၊ ဝမ်းလည်းဟာနေရာ လက်ဖက် ရည်ကြမ်းကရားနှင့် အမဲသားကင်တို့ကို မြင်ရသော အခါ စားချင်သောက်ချင်လာ၏။ 

မြေစိုက်ကွပ်ပျစ်ပေါ်သို့ တက်ထိုင်ကာ အရင်ဆုံးလက်ဖက်ရည်ကြမ်းတစ်ခွက် ထည့်သောက်၏။ လက်ဖက်ရည်ကြမ်းက အေးစက်နေပြီ။

ရေဆာနေသောအချိန်တွင် သောက်ရလေသောကြောင့် အရသာကတော့ အတော်ပင်ရှိ၏။ 


ထို့ကြောင့်..

လက်ဖက်ရည်ကြမ်း နောက်တစ်ခွက် ထပ်မံ၍ထည့်သောက်ပြန်၏။


ထို့နောက်... 

ပန်းကန်ပြားထဲရှိ အမဲသားကင် သုံးချောင်း အနက်မှ တစ်ခုကို ကောက်ယူ၍စားသောက်လိုက်၏။ 

ထိုသို့ အမဲသားကင်စားသောက်နေသည့်အချိန်မှာပင်... 

 

ခပ်သုတ်သုတ်ပြေးလွှားလာကြသည့်ခြေသံများကို အရင်ဆုံးကြားရ၏။ 

“အလို...ပိုက်ကျုံး ဘယ်လိုဖြစ်နေတာလဲ” 

လူတစ်ယောက်၏ တအံ့တဩ ပြောလိုက်သံက ဆက်၍ ပေါ်လာသည်။ 


“ဟော...ဟိုမှာ၊ အဲဒီကောင် လက်ချက်ဖြစ်မှာပဲ” 


“ဒီကောင့်ကို အသေသာ သတ်ပစ်” 

“ဝိုင်းတိုက်ကြဟေ့....” 

“မလွတ်စေနဲ့” 

တစ်ယောက်တစ်ပေါက် အော်ဟစ်ပြောဆိုသံ ဆူဆူညံညံ နှင့်အတူ ကျန်းယိမင်းရှိနေရာ တဲအိမ်လေးရှေ့ သို့ လူလေးယောက် အပြေးအလွှား ရောက်ရှိလာကြသည်။

လေးယောက်စလုံးသည် သက်လတ်ပိုင်း အရွယ်ယောက်ျားကြီးများ ဖြစ်ကြသည်။

အဖြူရောင် ချည်ကြမ်းဝတ်စုံများကို ဝတ်ထားသည်။

အင်္ကျီနောက်ကျောတွင် ထိုးသုတ်တော့မည့်ဟန် မာန်သွင်းနေလေသော လင်းယုန်ငှက်ပုံကို ရေးဖော်ထား၏။ အင်္ကျီအသားက သာမန်ချည်သားဖြစ်သော်လည်း လင်းယုန်ငှက်ပုံ ဖော်ထားသည့် အပ်ချည်ကတော့ အကောင်းစား ပိုးချည်ဖြစ်သည်။

အရောင်အသွေး တောက်ပလက်ပြောင်၍ နေသည်။

ဤလူ လေးယောက်တို့သည် လင်းယုန်ဂိုဏ်းမှ သိုင်းသမားကြီးများ ဖြစ်ကြ၏။


ကူမိုင်ခန်း၏လက်ချက်ဖြင့် သတိလစ်ကာ တစ်ဆက်တည်း အိပ်မောကျနေလေသူ ယာတောပိုင်ရှင်လူကြီးမှာ ပိုက်ကျုံး အမည်ရှိပြီး လင်းယုန်ဂိုဏ်း၏ အဝေးရောက် အထောက်အကူပြု ဂိုဏ်းဝင်တစ်ဦး ဖြစ်သည်။ 

ပိုက်ကျုံး၏ ယာတောလေးမှာ လင်းယုန်ဂိုဏ်းအတွင်း  ရိက္ခာထောက် စခန်းနေရာတစ်ခုလည်း ဖြစ်ပေသည်။

ဤလင်းယုန်ဂိုဏ်းသား လေးယောက်တို့သည် ဂိုဏ်းတာဝန်ဖြင့် ခရီးထွက်လာခဲ့ကြရာ စခန်းထောက် ယာတောလေးတွင် နားနေစားသောက်ရန် ဝင်လာခဲ့ကြရာ အတုံးအရုံး သေဆုံးနေသော နွားများနှင့် နွားခြံနားတွင် လဲကျနေသော ပိုက်ကျုံးကို တွေ့မြင်ကြရသည်။ 

ပိုက်ကျုံးမှာ ကားကားကြီး လဲကျနေလေရာ သတိလစ် အိပ်ပျော်နေသည်ဟု မသိကြသည့်အတွက် အသက်သေဆုံး နေလေပြီဟုသာ လင်းယုန်ဂိုဏ်းသား လေးယောက်တို့က ထင်မှတ်သွားကြသည်။ 


တဲအိမ်ရှေ့ မြေစိုက်ကွပ်ပျစ်ပေါ်တွင် ကျကျနနထိုင်ကာနေလေသော ကျန်းယိမင်းကိုပါ လှမ်းမြင်ကြရာ ပိုက်ကျုံးသေဆုံးနေရမှုသည် ကျန်းယိမင်း၏လက်ချက်သာ ဖြစ်မည်ဟု ကောက်ချက်ချလိုက်ကြပြန်သည်။

မိမိတို့လူ အထိနာမှုအတွက် ဒေါသ အလွန်ထွက်နေကြ ပေရာ ပိုက်ကျုံး တကယ်သေ မသေ စူးစမ်းကြည့်ရန်ပင်စိတ်မကူးတော့ဘဲ ကျန်းယိမင်းကို သတ်ဖြတ် လက်တုံပြန် ရန် အရေးတကြီး ပြေးလွှားသွားကြလေတော့သည်။

လင်းယုန်ဂိုဏ်းသည် လမ်းမှန်ကမ်းမှန် သိုင်းအဖွဲ့အစည်း တစ်ခုတော့ မဟုတ်ပေ။

ဓားပြတိုက်သည့်အခါ တိုက်၊ အာမခံသယ်ယူပို့ဆောင် ရေး လုပ်သည့်အခါ လုပ်၊ အခွင့်ကောင်းကြုံလျှင် ဆုငွေ ထုတ်ထားသော သိုင်းသမားဆိုးကြီးများကို ဖမ်းဆီးပေး သည့်အခါ ပေးဖြင့် ငွေကြေးဓန ပစ္စည်းဥစ္စာ မြိုးမြိုး မြက်မြက် ရမည့် အလုပ်မှန်သမျှ ဘာမျှမရွေးတမ်း လှပ်ဆောင်နေကြသူများ ဖြစ်လေသည်။ 

ကြေးစား လူသတ်သမားအလုပ်ပင် လုပ်နေသည်ဟု သည်သတင်းကြီးနေသည်။


ယခု... 


ကျန်းယိမင်းကို တိုက်ခိုက်ရန် ပြေး လာ နေ ကြသော လင်းယုန်ဂိုဏ်းသား လေးယောက်တို့မှာလည်း အစွမ်းမသေးကြပါ။

လင်းယုန် ဂိုဏ်းချုပ်ဖြစ်သော ရွှေ လင်း ယုန် မောက်ကိုက်မင်နှင့် ဂိုဏ်းမှူး ငွေလင်းယုန် ကျုံးအိတို့မှ လွဲလျှင် အစွမ်းအထက်မြက်ဆုံး လင်းယုန်ဖြူသိုင်းသမား လေးဖော် တို့ ဖြစ်ကြပေသည်။ 

လင်းယုန်ဖြူ သိုင်းသမား လေးဖော်တို့ တဲအိမ်လေးရှေ့သို့ ရောက်လာကြ၏။ 

သူတို့လက်ထဲတွင်လည်း လက်နက်ကိုယ်စီ အသင့်ကိုင်စွဲ ထားကြလေ၏။ 

လင်းယုန်ဖြူ သိုင်းသမား လေးဖော်တို့ ကိုင်စွဲသော လက်နက်က တစ်မူဆန်း၏။ 


လင်းယုန်ငှက်၏ နှုတ်သီးသဏ္ဌာန် ပြုလုပ် ထားသော   ကတ်ကြေးကြီးဖြစ်ကာ ကတ်ကြေးကြီးကို အဖွင့်အပိတ် လုပ်သည့် လက်ကိုင်၏ ဘေးဘက်နားဆီတွင် ဓားဦးချွန်လေးများ တပ်ဆင်ထား၏။ 

ဤလက်နက်ဆန်းကို ‘လင်းယုန်နှုတ်သီး ဓားဆူးချွန်’ ဟု ခေါ်၏။ 

လင်းယုန် ဂိုဏ်းသားများသည် အခြားသော သိုင်းသမားများနှင့် မတူ။ 

ထူးဆန်းသော လက်နက်ဆန်းများ သုံးစွဲကြရာ ‘လင်းယုန်နှုတ်သီး ဓားဆူးချွန်’ လက်နက်မှာ ကြောက်စရာ အကောင်းဆုံး ဖြစ်ပေ၏။ 

လင်းယုန်ဂိုဏ်း၏ ဂိုဏ်း ထိန်း သိုင်းပညာ ဖြစ်သော “လင်းယုန်ရာဇာ” သိုင်းကို တတိယအဆင့်အထိ အောင် တတ်မြောက်ပြီးမှသာလျှင် ‘လင်းယုန်နှုတ်သီး ဓားဆူးချွန် လက်နက်ကို အသုံးပြုနိုင်ခွင့် ရှိသည်။ 

လင်းယုန်ရာဇာသိုင်းတွင် အဆင့်ငါးဆင့်ရှိရာ အားလုံးကုန်စင်အောင် တတ်မြောက်ပြီးလျှင် သိုင်းလောက တွင် ဘုရင်တစ်ဆူသဖွယ် မင်းမူနှိုင်စွမ်း ရှိပေ၏။ 

လင်းယုန်ဂိုဏ်းချုပ် မောက်ကိုက်မင်နှင့် ဂိုဏ်းမှု လင်းယုန် ကျုံးအိတို့ပင်လျှင် လင်းယုန် ရာဇာသိုင်း အ ဆင့် လေးဆင့် သာ တတ်မြောက် အောင်မြင်ကြသည်။ အဆင့်ငါးသို့ တက်လှမ်းအောင်မြင်နိုင်ရန် ကြိုးစား ကျင့်နေကြရဆဲ ဖြစ်ပေသည်။ 

လင်းယုန်ရာဇာသိုင်း တတိယအဆင့်အထိ အောင်မြင် တတ်မြောက်ပြီး လင်းယုန်နှုတ်သီး ဓားဆူးချွန် လက်နက် ကိုင်စွဲအသုံးပြုသည့် လင်းယုန်ဖြူသိုင်းသမား လေးဖော် တို့ကိုလည်း တော်ရုံတန်ရုံ အဆင့်မြင့်သိုင်းသမားပင် မယှဉ် 

ရဲကြ။ 

ကျန်းယိမင်းမှာမူ သိုင်းလောက အကြောင်း စိတ်ဝင်စားသူ မဟုတ်ပေရာ လင်းယုန်ဂိုဏ်းကိုလည်း မသိ၊  လင်းယုန်ဖြူ သိုင်းသမားလေးယောက်၏ အကြောင်းကိုလည်း မကြားဖူးပေ။ 

ထို့ကြောင့်.. 

လင်းယုန်နှုတ်သီး ဓားဆူးချွန်လက်နက်များ ကိုင်စွဲ ဝှေ့ ယမ်းပြီး ရောက်ရှိလာကြသော လင်းယုန်ဖြူ၊ သိုင်းသမား လေးဖော်တို့အား တွေ့သော်လည်း ထိတ်လန့်ကြောက်ရွံ့ သွားခြင်း မရှိ။ 

မမျှော်လင့်ဘဲ တိုက်ခိုက်ခြင်း ခံရသည့်အတွက် အံ့ဩ သွားခြင်းသာ ဖြစ်မိသည်။ 

ကျန်းယိမင်းသည် သူ့ကိုယ်သူ သိုင်းသမားတစ်ယောက်ဟု သတ်မှတ်မထားသော်လည်း အဆင့်မြင့်သိုင်းပညာအချို့ကို ထူးချွန်ထက်မြက်စွာ တတ်မြောက်ထားသူမို့ အရေးကြုံ တော့ သက်လုံကောင်းသည်။

မမျှော်လင့်ဘဲ တိုက်ခိုက်ခြင်းခံရသောကြောင့် အံ့အား သင့်သွားသော်လည်း အငိုက်တော့ မမိပေ။


လင်းယုန်ဖြူ သုံးနှင့်လေးတို့က ငှက်နှုတ်သီးသဏ္ဌာန် ကတ်ကြေးကြီး၏ ထိပ်ဖျားပိုင်းအချွန်နှင့် ကျန်းယိမင်းကို ဘယ်ညာညှပ်ကာ ပေါက်ချလိုက်ကြရာ ကျန်းယိမင်းက စိုက်ကွပ်ပျစ်ပေါ်မှ မြောက်ကြွခုန်ဆင်း ရှောင်ထွက်လိုက်နိုင် သည်။

ကျန်းယိမင်းကို ဦးတည်၍ပေါက်ချလိုက်သော လင်းယုန်နှုတ်သီးချွန် လက်နက်၏ ထိပ်ပိုင်းများသည် မြေစိုက်ကွပ် ပေါ်ရှိ စောစောက ကျန်းယိမင်း ထိုင်နေခဲ့လေသော နေ ကိုသာ ဒုတ်ခနဲ...ဒုတ်ခနဲ ပေါက်စိုက်မိသွားကြလေ၏။

သစ်သားများ ကျိုးပျက်ကာ ကွပ်ပျစ်ပေါ်တွင်အပေါက်ကြီးနှစ်ပေါက် ဖြစ်သွားသည်။


လင်းယုန်ဖြူ သုံးနှင့်လေးတို့ ဝင်ရောက် တိုက်စစ်ဆင်ချိန်တွင် လင်းယုန်ဖြူ တစ်နှင့်နှစ်တို့က ဘေးမှအရန်သင့်နေရာယူ စောင့်ဆိုင်းနေကြပေရာ ဝါးကွပ်ပျစ်ပေါ်မှ ခုန်လွှားရှောင် တိမ်းထွက်လာသော ကျန်းယိမင်းမှာ ထိုသူနှစ်ယောက် ဆီးကြို တိုက်ခိုက်မှုကို ရင်ဆိုင်ရပြန်သည်။

လင်းယုန်ဖြူတစ်နှင့်နှစ်တို့သည် လင်းယုန်နှုတ်သီး ဓား ကတ်ကြေးလက်နက်ကို တစ်မျိုးတစ်ဖုံအသုံးပြုတိုက် ခိုက်သည်။


စောစောက လင်းယုန်ဖြူ သုံးနှင့်လေးတို့လို ကတ်ကြေး ထိပ်ပိုင်းနှင့် ထိုးစိုက်ပေါက်ချတိုက်ခိုက်မှုမျိုး မဟုတ်။ ဓားချွန်လေးများ    တပ်ဆင်ထားသည့် ကတ်ကြေးလက်ကိုင်ကိုလှုပ်ရှားကာ ငှက်နှုတ်သီးသဏ္ဌာန် ကတ်ကြေးအသွားကြီးဖြင့် ထိုးညှပ်တိုက်ခိုက်ခြင်း ဖြစ်၏။ ကတ်ကြေးသွားများသည် ထက်မြက်လှပေရာ ဓားရှည် နှစ်လက်ဖြင့်ညှပ်ကာ ခုတ်ပိုင်းအတိုက်ခံရသလိုမျိုး ဖြစ်၍နေပေသည်။

ခုန်လွှား ရှောင်ထွက်လာသည်ကို ဆီးကြိုဖြတ်တိုက်ခိုက်ခြင်းဖြစ်ရာ ခုခံရှောင်တိမ်းစရာအကွက်ကလည်း အလွန် နည်းပါးနေ၏။

တစ်မူထူးဆန်းသော လင်းယုန်နှုတ်သီးဓားဆူးချွန်ကတ်ကြေးလက်နက်ကြီး၏ ထိုးညှပ်တိုက်ခိုက်မှုကလည်းကြောက် စရာ အတော်ကောင်း၏။

အညှပ်ခံရသည့်နေရာမှ အသားထစ်များ ပြတ်ပါသွား မည် အမှန်။

ကျန်းယိမင်းကလည်း တွေဝေ ဆိုင်းမနေဘဲတိမ်မီးခိုး ကိုယ်ပျောက်ပညာကို သုံးကာ ကိုယ်ယောင်ဖျောက် ရှောင်တိမ်းထွက်သွားသည်။ 

တိမ်မီးခိုးကိုယ်ပျောက်ပညာသည် တကယ်တမ်း ကိုယ် ယောင်ဖျောက်နိူင်သည့် ပညာတစ်ခုတော့ မဟုတ်ပါချေ။

သွက်လက်စွာလှုပ်ရှားလျက် ပရိယာယ်ကြွယ်ဝစွာ တစ်ဖက် လူများ၏ မျက်စိအကြည့် အပြင်ဘက်တွင်ရှိနေရန် နေရာ ပြောင်းလဲ လှုပ်ရှားခြင်းဖြင့် မိမိကို မတွေ့မမြင်ရအောင် လှည့်စားဖန်တီးသော အဆင့်မြင့် ကိုယ်ဖော့ပညာရပ် တစ်ခုဖြစ်၏။


သိုင်းပဒေသာ လိုဏ်ဂူကြီးထဲသို့ရောက်ရှိသွားခဲ့ပြီး လျှို့ဝှက် သိုင်းပညာကျမ်းများကို ဖတ်ရှုလျက် အလွတ် အာဂုံ ဆောင်နိူင်ခဲ့သောယန်ကုဆိုသူ့ အမျိုးသမီးကြီးတစ်ယောက် အား ကူညီစောင့်ရှောက်ပေးခဲ့ရာမှ ယန်ကုက တိမ်မီးခိုး ကိုယ်ပျောက်ပညာအပါအဝင် အဆင့်မြင့် သိုင်းပညာရပ် အချို့ကို ကျန်းယိမင်း အား သင်ကြားပေးသွားခဲ့ခြင်း ဖြစ်ပေတော့၏။   


(ဤအကြောင်းခြင်းရာများကို စာရေးသူ ဘာသာ ပြန်ဆို ထုတ်ဝေပြီးဖြစ်သည့် သိုင်းသစ္စာရှင်ဝတ္ထု (နှစ်အုပ်တွဲ)တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။ စကားချပ်) 

အပိုင်အနိူင် ချေမှုန်းနိူင်ပြီဟု တွက်ဆကာ ဆီးကြိုတိုက်ခိုက်ကြလေသော လင်းယုန်ဖြူ တစ်နှင့်နှစ်တို့မှာသူတို့မျက် ရှေ့မှောက်မှ ကျန်းယိမင်း ရုတ်တရက် ပျောက်ကွယ်သွား လေသောအခါ အလွန်ပင် အံ့အားသင့်ဖြစ်ကုန်ကြလေတော့သည်။ 


အံ့အားသင့်သည့်စိတ်ကြောင့် သိုင်းကွက်များကိုအချိန်မီ မရုပ်သိမ်းလိုက်နိူင်သည့်အတွက် လင်းယုန်ဖြူတစ်၏ ကတ်ကြေးနှင့် လင်းယုန်ဖြူ နှစ်၏ကတ်ကြေးလက်နက်တို့ တစ်ခု နှင့်တစ်ခု ဆိုင်ကာ ညှပ်မိကြလေသည်။ 

ကမန်းကတန်း အရှိန်သတ်လိုက်နိူင်ကြသောကြောင့်သာ ထိခိုက်အနာတရဖြစ်မကုန်ကြပေ။ 

လင်းယုန်နှုတ်သီး ဓားဆူးချွန် ကတ်ကြေးလက်နက်ကြီး များ ပျက်စီးကုန်မည့်ဘေးမှလည်း သီသီကလေး လွဲသွားခဲ့ လေ၏။ 


မိမိကို ဝင်ရောက် တိုက်ခိုက်ကြသူတွေ မည်သူမည်ဝါဟု ကျန်းယိမင်း မသိပေ။ 

ကြမ်းကြမ်းရမ်းရမ်း ဝင်ရောက် တိုက်ခိုက်လာကြသော ကြောင့် မိမိတို့မိသားစုကို အကြောင်းမဲ့ရမ်းကားတိုက်ခိုက် သွားလေသော ခရမ်းရောင်ဝတ်စုံဝတ် ယောက်ျားကြီးတို့ နှင့် တစ်ဖွဲ့တည်းသားတွေ ဖြစ်ကြမည်ဟု တွက်ဆမိလိုက်လေသည်။

သည်လို ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်လာကြသူများကို ရှောင်ရုံတိမ်းရုံနှင့် မဖြစ်၊ ထိထိမိမိ တန်ပြန်တိုက်ခိုက်မှသာ သင့်မည်ဟု ဆုံးဖြတ်သည်။


ထို့ကြောင့်..

ကျန်းယိမင်း သည် တိမ်မီးခိုး ကိုယ်ပျောက်ပညာကို သုံးကာ ကိုယ်ယောင်ဖျောက် ရှောင်တိမ်းထွက်လာနိုင် ပြီး သည်နှင့် နဂါးတောင်ဖြိုသိုင်းဖြင့် တန်ပြန်တိုက်စစ်ဆင်လာလေ တော့၏။ 


နဂါးတောင်ဖြိုသိုင်းကို စွမ်းအားပြည့် ထုတ်သုံးလိုက် လေသောကြောင့် ကျန်းယိမင်း၏ လက်ဝါးရိုက်ချက်များ သည် ကြမ်းတမ်းပြင်းထန်သည်။ 


“ဖုန်း..”


“ဖုန်း..”


အရင်ဆုံးရိုက်ထုတ်လိုက်လေသောလက်ဝါးရိုက်ချက်နှစ် ချက်ဖြင့်ပင် လင်းယုန်ဖြူတစ်နှင့် လင်းယုန်ဖြူ နစ်တို့ နှစ် ယောက်လုံးအထိခံရကာ ကိုယ်ခန္ဓာ ယိမ်းယိုင်ကုန်ကြလေသည်။ 

လင်းယုန်ဖြူသိုင်းသမား လေးဖော်ဘို့၏ သိုင်းပညာ အဆင့်မှာ မနိမ့်လှပေ။

တကယ်တမ်းအကြိတ်အနယ် ရင်ဆိုင်တိုက်ခိုက်မည် ဆို လျှင် ကျန်းယိမင်း၏ နဂါးတောဖြိုသိုင်းက လင်းယုန်တစ် နှင့် နှစ်တို့ကို အနိုင်ရနိုင်ကောင်းရနိုင်မည် ဖြစ်သော်လည်း ပွဲဦးထွက် လက်ဝါးရိုက်ချက်များဖြင့်တော့ ထိအောင်ရိုက် နိူင်မည် မဟုတ်ပါ။

အနည်းဆုံး သိုင်းကွက် ဆယ်ကွက် ဆယ့်ငါးကွက်ခန့် အထိတော့ အပြန်အလှန် ရင်ဆိုင်တိုက်ခိုက်ဖို့ လိုအပ်ပေမည်။


ကျန်ယိမင်း၏ တိမ်မီးခိုး ကိုယ်ပျောက် ပညာဖြင့် လှုပ် ရှား ရှောင်တိမ်းလိုက်မှုမှာ လျင်မြန် သွက်လက်လှသည့် အတွက် ရုတ်တရက် ကိုယ်ပျောက် သွားသလိုမျိုး ထင်မှတ် မှားကာ လင်းယုန်ဖြူတစ်နှင့် နှစ်တို့၏ စိတ်ထဲတွင်...... 

သို့လော....သို့လော...တွေးတောလျက် ဇဝေဇဝါဖြစ်နေ ကြသည်။

ဤသို့ စိတ်ဒွိဟဖြစ်နေကြခိုက် တိုက်ချက်များ ဝင်လာ သောအခါ လင်းယုန်ဖြူ တစ် နှင့် နှစ်တို့ အငိုက်အမိခံလိုက်ရ သလို ဖြစ်ကာ ကျန်းယိမင်း၏ ဗွေဆော်ဦး လက်ဝါးရိုက် ချက်နှစ်ချက်တွင်ပင် အသီးသီး အထိခံလိုက်ကြရခြင်း ဖြစ်လေသည်။

ထိချက်များ ကလည်း အတော်လေးပင် ပြင်းထန်လာ လေ၏။


သို့သော်...... 

လင်းယုန်ဖြူ တစ်နှင့်နှစ်တို့သည် အတွင်းအား ကောင်း သူများ ဖြစ်ကြသည့်အတိုင်း မြေကြီးပေါ် လဲကျမသွားရလေအောင် ထိချက်ဒဏ်ကို တောင့်ခံ၍ ထိန်းထားနိုင်ကြ လေ၏။

ကိုယ်ခန္ဓာ အနည်းငယ် ယိမ်းယိုင်သွားရုံမျှ လောက်သာ ဖြစ်၏။

လင်းယုန်ဖြူ သုံးနှင့်လေးတို့သည် သူတို့၏ နောင်တော် နှစ်ယောက်ထံ ပြေးဝင်သွားကြ၏။

လင်းယုန်ဖြူ သိုင်းသမားလေးဖော်တို့ ပူးပေါင်းမိသွား သောအခါ ‘လေးထပ်ဆင့်ပွား’ စုပေါင်းသိုင်းကွက် ဖြစ် ပေါ်လှုပ်ရှားလာ၏။


‘လေးထပ်ဆင့်ပွား’ စုပေါင်းသိုင်း ကွက်မှာအခြားသောစုပေါင်း သိုင်းကွက်ပုံစံများနှင့် မတူ တစ်မူဆန်း၏။

လေးထပ်ဆင့်ပွား စုပေါင်းသိုင်းကွက်တွင် အခြေခံပုံစံ တစ်ကွက်တည်းသာရှိ၏။

သို့သော်....

သိုင်းကွက်ပရိယာယ်၊သိုင်းဟန် အလှုပ်အရှားအပြောင်း အလဲတို့မှာမူ ပါဝင် စုပေါင်း တိုက်ခိုက်ကြသည့် လူလေး ယောက် ကျွမ်းကျင်ထက်မြက်မှုရှိလျှင်ရှိသလောက်များပြား တိုးတက်၍လာနိုင်၏။


အတိုင်းအဆ ကန့် သတ်ချက်မရှိပေ။ 


ပူးပေါင်းတိုက်ခိုက်သူလေးယောက်တို့သည် သိုင်းကွက် သိုင်းဟန်လှုပ်ရှားမှုများကိုအဆင့်ဆင့်ပွား၍ပွား၍လှုပ်ရှားတိုက်ခိုက်သွားနိုင်သည့် စွမ်းရည်ရှိနေပေသည်။

လေးထပ်ဆင့်ပွား စုပေါင်း သိုင်းကွက်သည် လင်းယုန်  ရာဇာသိုင်း၏ အဆင့်မြင့် သိုင်းပညာရပ် တစ်ခုလည်း ဖြစ်သည်။


လင်းယုန်ဖြူ သိုင်းသမားလေးဖော်တို့သည် ဤစုပေါင်း သိုင်းကွက် အသုံးပြုမှုတွင် အကျွမ်းကျင် အပိုင်နိုင်ဆုံးဖြစ်သည်။ 

အခြားမည်သည့် လင်းယုန် ဂိုဏ်းဝင်မှ သူတို့လောက် လေးထပ်ဆင့်ပွားစုပေါင်းသိုင်းကွက်ကိုပိုင်နိုင်ကျွမ်းကျင်စွာ အသုံးချတိုက်ခိုက်ခြင်း မပြုနိုင်ကြပေ။ 

လင်ယုန်ဂိုဏ်းချုပ်ကြီး ရွှေလင်းယုန် မောက်ကိုက်မင် သည် လင်းယုန်ဖြူ သိုင်းသမားလေးဖော်ထက် သိုင်းပညာ တစ်ဆင့်မြင့်သော်လည်း လေးထပ်ဆင့်ပွား စုပေါင်း သိုင်း ကွက်ကို အသုံးချရာတွင်မူ လင်းယုန်ဖြူ သိုင်းသမားများ လောက် ထက်မြက်မှုမရှိနိုင်ပေ။ လင်းယုန်ဖြူသိုင်းသမားလေးဖော်တို့က လေးထပ်ဆင့် ဖွား စုပေါင်းသိုင်းကွက်ပုံစံ ခင်းကျင်းအသုံးချလိုက်သော အခါ တိုက်ပွဲအခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲ၍ သွားလေတော့၏။ 


လေးထပ်ဆင့်ပွား စုပေါင်း သိုင်းကွက်၏ အခြေခံမှာ သိုင်းသမား လေးယောက်က အရှေ့ အနောက် တောင် မြောက်အရပ်လေးမျက်နှာကို တစ်ယောက်စီ ခွဲဝေတာဝန် ယူလျက် အပြန်အလှန်အားပေးထောက်ကူ စုပေါင်း တိုက်ခိုက်ကြခြင်းဖြစ်၏။ 

အရပ်လေးမျက်နှာလုံးကို လစ်ဟာမှုမရှိရအောင် လွှမ် မိုးအုပ်စီး လှုပ်ရှားနိူင်မှု အပေါ်တွင် ‘လေးထပ်ဆင့်ပွား’ စုပေါင်းသိုင်းကွက်၏ စွမ်းပကားအခြေတည်နေ၏။ 


အရပ်လေးမျက်နှာလုံးကို လွှမ်းမိုး အုပ်စီးလှုပ်ရှားမှုရှိ လေ လေးထပ်ဆင့်ပွား စုပေါင်းသိုင်းကွက်၏ အလှည့် အပြောင်း စွမ်းရည်ထက်မြက် ပြင်းထန်လေလေ ဖြစ်ပေသည်။

ဤအချက်သည် တိမ်မီးခိုးပျောက် ပညာ လျှို့ဝှက်ချက်အညှာကို ချေဖျက်နိုင်သည့် အချက်လည်း ဖြစ်နေပြန်လေသည်။


တိမ်မီးခိုးကိုယ်ပျောက်ပညာသည် တစ်ဖက်လူ၏ မျက်စိ အမြင် လမ်းကြောင်း၏ အပြင်ဘက်တွင် ရှိနေစေရန် ပရိယာယ်ကြွယ်ဝစွာနှင့် လျင်မြန်သွက်လက်စွာ နေရာပြောင်း လဲနိူင်မှုပေါ်တွင် အခြေခံ၏။ 

ဤသို့ နေရာပြောင်း နေနိူင်လျှင် တစ်ဖက်လူသည် မိမိကို ဘယ်မှ မမြင်နိူင်တဲ ကိုယ်ယောင်ပျောက်၍ နေမည် ဖြစ်လေ၏။ 


ယခု… 


လင်းယုန်ဖြူသိုင်းသမားလေးဖော်တို့က လေးထပ် ဆင့် ပွား စုပေါင်းသိုင်းကွက်ကို အသုံးပြုလာသောအခါ ကျန်း ယိမင်းအဖို့ တစ်ဖက်လူများ၏မျက်စိမြင်ကွင်းလမ်းကြောင်း အပြင်ဘက်တွင် နေရာယူဖို့ အတော်လေး အခက်တွေ့၍ နေပေတော့၏။ 

လင်းယုန်ဖြူ သိုင်းသမား လေးဖော်တို့သည် လေးထပ် ဆင့်ပွား စုပေါင်းသိုင်းကွက်ဖြင့် နေရာယူ ထားကြလေရာ အရှေ့ အနောက်တောင်မြောက် အရပ် လေးမျက်နှာလုံးကို လွှမ်းမိုးအုပ်စီး၍ထားကြ၏။ 

ကျန်းယိမင်း၏ လှုပ်ရှားနေရာ ပြောင်းမှုများကို သူတို့ လေးယောက်ထဲမှ တစ်ယောက်မဟုတ် တစ်ယောက်က ရိုးခနဲရိပ်ခနဲ တွေ့နေမြင်နေရ၏။ 

ဤသို့ တွေ့လိုက်ရသူ တစ်ယောက်ယောက် ကလည်း အချက်ပေး ဆက်သွယ်မှုဖြင့် ကျန်လူများကို အကြောင်း ကြားလိုက်ရာ ကျန်းယိမင်းရှိ သည့် နေရာကို အကုန်လုံး သိသွားကြလျက် သိုင်းကွက်အနေအထားကိုလည်းချက်ချင်းလှုပ်ရှားပြောင်းလဲပစ်လိုက်နိူင်ကြ၏။


ထို့ကြောင့်.... 


ကျန်းယိမင်းအဖို့ လင်းယုန်ဖြူ သိုင်းသမား    လေးဖော်တို့ကို အလစ်ဖမ်းကာ ဝင်ရောက်တိုက်ခိုက်ဖို့အခွင့်အလမ်း မသာတော့။

လင်းယုန်ဖြူ၊ သိုင်းသမား    လေးဖော်တို့၏ လေးထပ်ဆင့်ပွား စုပေါင်းသိုင်းကွက်က သာလျှင် ကျန်းယိမင်းကို လွှမ်းမိုးခြိမ်းခြောက်တော့မည့် အနေအထားမျိုးဖြစ်ပေါ်  လာသည်။

တိုက်ပွဲ၏အခြေအနေကို နားမလည်နိုင်မှုနှင့် သင့်တင့် လျောက်ပတ်သော တိုက်ခိုက်မှုနည်းဗျူဟာများ ပြောင်းလဲအသုံးမချတတ်မှုတို့ကလည်း ကျန်းယိမင်းအတွက် တစ်ပန်း  ရှုံးနေစေသည်။

ကျန်းယိမင်း၏ အတွင်းအားနှင့် သိုင်းပညာ စွမ်းရည်သည် လင်းယုန်ဖြူ၊ သိုင်းသမားလေးဖော်တို့ထက် သာလွန် မြင့်မားသည်။ 


ကဝိမနော အတွင်းအားသည် ရှောင်လင်စကြာအတွင်းအား ပြီးလျှင် သိုင်းလောကတွင် အဆင့်မြင့်ဆုံး ဖြစ်သည်။

နဂါးလှိုင်းစီးသိုင်းနှင့် နဂါးတောင်ဖြို သိုင်းတို့မှာလည်း ပထမတန်း အဆင့်မြင့်သိုင်းပညာများ ဖြစ်ကြ၏။

တိုက်စစ်တွင် ထိရောက်စွာ အသုံးပြုနိုင်ပေသည်။ 


တိမ်မီးခိုး. ကိုယ်ပျောက်ပညာမှာမူ ပထမတန်း အဆင့်သိုင်းပညာရပ်တစ်ခုဖြစ်သည်မှာ မှန်သော်လည်း တိုက်ခိုက်ရေး သိုင်းပညာမဟုတ်။

တိုက်စစ်တွင် ထိသိမိမိအသုံးချ၍ မရနိူင်။

တစ်ဖက်ရန်သူ၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ပြီး တစ်ဖက်လူ စိတ်လှုပ်ရှားချောက်ချားအောင် ကိုယ်ယောင်ဖြောက် ပုန်းကွယ်နိုင်သည့် နည်းပညာရပ်မျိုးသာ ဖြစ်၏။

 ရှောင်တိမ်း ပုန်းကွယ်မှုတွင်သာ များစွာ အသုံးတည့် လေသည်။

ကျန်းယိမင်းသည် ရန်လိုတိုက်ခိုက်မှုများ ပြုလုပ်လိုသည့် စိတ်မရှိသောကြောင့် တိုက်ခိုက်ရေး သိုင်းပညာများဖြစ်ကြသည့် နဂါးလှိုင်းစီးသိုင်းနှင့် နဂါးတောင်မြို့သိုင်းတို့ထက် တိမ်မီးခိုးကိုယ်ပျောက်ပညာကို ပို၍နှစ်သက် သဘောကျ၏။


တိမ်မီးခိုးကိုယ်ပျောက်ပညာသည် ကျန်းယိမင်း၏လက်စွဲ သိုင်းပညာရပ်တစ်ခုဟုပင် ဆိုနိူင်လောက်၏။ 

ထို့ကြောင့်.. 

လင်းယုန်ဖြူ သိုင်းသမားလေးဖော်နှင့် ရင်ဆိုင်ရသော အခါ ကျန်းမင်းသည် တိမ်မီးခိုး ကိုယ်ပျောက်ပညာကိုသာ အဓိကထား၍ အသုံးချ၏။

နဂါးတောင်ဖြို သိုင်းကိုတော့ အရန်သဘော သုံးလေသည်။ 

တိမ်မီးခိုး ကိုယ်ပျောက် ပညာ၏ နည်းဗျူဟာများဖြင့် ရှောင်တိမ်းနေရာပြောင်းရင်း အခွင့်အခါကောင်း၊ အကွက် ကောင်းများ ပေါ်ပေါက်လာလျှင်သာ နဂါးတောင် သိုင်းကိုသုံး၍ ထိုးနှက်တိုက်ခိုက်မှု ပြုနေခဲ့၏။

လင်းယုန်ဖြူ သိုင်းသမား လေးဖော်တို့က လေးထပ်ဆင့်ပွား စုပေါင်းတိုက်ကွက် အသုံးချ တိုက်ခိုက်လေ အခါ ကျန်းယိမင်းအနေဖြင့် လှုပ်ရှားကိုယ်ယောင်ဖျောက်မှုကို စိတ်တိုင်းကျ မလုပ်ဆောင်နိူင်တော့ပါ။

ဤတွင်... 

နဂါးတောင်ဖြို သိုင်းကိုသုံး၍ တိုက်စစ်ပြုရန် အခွင့် အလမ်း ကောင်းများမှာလည်း မရှိသလောက်ရှားပါးကုန် လေ၏။ 

ကျန်းယိမင်းအနေဖြင့် ထိထိမိမိ တိုက်စစ်မပြုနိုင်တော့။ 

လင်းယုန်ဖြူ သိုင်းသမား လေးဖော်တို့၏ လေးထပ် ဆင့်ပွား စုပေါင်းတိုက်ကွက်ကသာ ကျန်းယိမင်းကို တစ်စ တစ်စ အုပ်စီးလွှမ်းမိုး၍ လာသည်။


အမဲသားကင်များ အားပါးတရစားသောက်ပြီးနောက် တဲအိမ်ပေါ်တက်ပြီး လဲလျောင်းနားနေရာမှ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသော ကူမိုင်ခန်းသည် ဆူဆူညံညံ အ များကြောင့် အိပ်ပျော်နေရာမှ ဆတ်ခနဲ လန့်၍ နိူးလာခဲ့ လေသည်။ 

မိမိ မည်မျှကြာအောင် အိပ်ပျော်သွားခဲ့မှန်း မသိသော ကြောင့် မည်သည့်အချိန် ရောက်ပြီလို့တော့ တိတိပပမပြောတတ်။ 

ညဉ့်ကတော့ အတော်နက်နေပြီ။ 

ကြားနေရသည့် အသံဗလံများအရတော့ တဲအိမ်အပြင် ဘက်တွင် ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲ ဖြစ်နေကြောင်း ကူ မိုင်ခန်း အတပ်သိလိုက်၏။ 

ကူမိုင်ခန်းသည် အိပ်နေရာမှ အမြန်ထကာ တဲအိမ်အပြင် ဘက်သို့ အသာချောင်းကြည့်လိုက်၏။ 

တဲအိမ်အပြင်ဘက်ရှိ တိုက် ပွဲ မြင် ကွင်း ကို တွေ့ရ သောအခါ ကူမိုင်ခန်းမှာ ဝမ်းလည်း ဝမ်းသာ၊ အံ့လည်းအံ့ဩ၊ စိုးလည်း စိုးရိမ်နှင့် အမျိုးမျိုးအဖုံဖုံသော စိတ် လှုပ်ရှားမှုများကို ခံစားရလေ၏။ 

ကူမိုင်ခန်းသည် ကျန်းယိမင်းနှင့် ခွဲခွာ၍ ထွက်လာခဲ့ သော်လည်း ပြန်လည် ဆုံတွေ့လိုသော စိတ်ဆန္ဒရှိနေခဲ့၏။ 

ထို့ကြောင့်လည်း.. 

ကျန်းယိမင်းသွားမည့် ခ ရီး လမ်း ကြောင်း ဖြစ် သော မြောင်နယ်ဘက်သို့ သွားသည့် မြောက်ဘက်စူးစူး လမ်း ကြောင်းအတိုင်း ခရီးနှင်ခဲ့ခြင်းလည်း ဖြစ်၏။ 

မိမိနှင့် ကျန်းယိမင်းတို့ ပြန်လည်ဆုံတွေ့နိုင်ဖို့ အထောက် အကူ ရလိုရငြားဟူသော ရည်ရွယ်ချက်ဖြင့် ခရီးလမ်း အချက်အချာ နေရာများတွင် လျှို့ဝှက်အချက်ပြ အမှတ် အသားများလည်း ပြုလုပ်၍ ထားခဲ့၏။ 

 

မိမိပြုလုပ်ခဲ့သော အချက်ပြအမှတ်အသားများကို ကျန်းယိမင်းက တွေ့ရှိအသိအမှတ်ပြုကာ မိမိရှိနေရာ ယာတောလေးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသောကြောင့် ကူမိုင်ခန်း အတော်ပင် ဝမ်းသာနေသည်။ 

ကျန်းယိမင်းနှင့် ရန်သူလေးယောက်တို့ ညကြီးမိုးချုပ် အချိန်မတော်တွင် အကြိတ်အနယ် တိုက်ခိုက်နေကြသည်ကိုတွေ့ရသည့်အတွက်တော့ ကူမိုင်ခန်း အံ့အားတသင့် ဖြစ်ရ သည်။ 


ကျန်းယို့မင်းနှင့် တိုက်ခိုက်နေကြသူများသည် လင်းယုန်ဖြူ သိုင်းသမားလေးဖော် ဖြစ်နေသည်ကို တွေ့ရသောအခါ ကူမိုင်ခန်း၏ အံ့ဩစိတ် ပိုမိုတိုးပွား၍ လာသည်။ 


ထို့ပြင်.. 


လင်းယုန်ဖြူသိုင်းသမား လေးဖော်တို့က ကျန်းယိမင်း ကို အုပ်စီးလွှမ်းမိုးထားနိုင်တော့မည့် အခြေအနေများပေါ် ပေါက်နေသည်ကို အကဲခတ်မိသည်တွင် ကူမိုင်ခန်းမှာ အထူးပင် စိုးရိမ်၍ သွားရပြန်သည်။ 

စိုးရိမ်သည်မှာ အတော်ကို သည်းသည်းထန်ထန် စိုးရိုး ပူပန်ခြင်း ဖြစ်သည်။

“ကျန်းယိမင်း...တောင့်ထား၊ ကျွန်မလာပြီ” 

ကူမိုင်ခန်းသည် ပါးစပ်မှ အော်ဟစ်ပြောဆိုရင်း တဲအိမ် လေး အပြင်ဘက်သို့ ပြေးထွက်လာခဲ့သည်။ လောကတွင် သဘာဝဖန်တီး ဖြစ်ပေါ်ပုံများသည် ထူး ခြား ဆန်းပြားလှသည်။ 

ကြိုတင် အချိန်းအချက်ပြုကာစီမံထားသလို မမျှော်လင့် သည့် အကြောင်းတိုက်ဆိုင်မှုလေးများသည် ထူးခြားစွာ ပေါ်ပေါက်တတ်သည်။ 

ယခုလည်း ထိုသို့သော အကြောင်းတိုက်ဆိုင်မှု တစ်ခု တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပင် ဖြစ်လာခဲ့၏။ 

ကူမိုင်ခန်း တဲအိမ်လေးထဲမှအပြင်သို့ပြေးထွက်လာသည့် အချိန်မှာပင် ထူထပ်သိပ်သည်းသော တိမ်မည်းညို ကြီးတစ်ခု က လမင်းစန္ဒာကို ဖုံးကာ၍သွားသည်။ 

လရောင် ကွယ်ပျောက်သွားသည်။ အမှောင်ရိပ်များကြီး စိုးလာသည်။ 

အလင်းရောင်မှာ မပီဝိုးတဝါးမျှသာရှိတော့၏။ 

ရုတ်တရက် မှောင်မိုက်သွားလေသောကြောင့်ကူမိုင်ခန်း ၏ အသံကိုကြားရသော်လည်း တဲအိမ်လေးအတွင်းမှ ပြေး ထွက်လာသော ကူမိုင်ခန်းကိုမူ ထင်ရှားပီပြင်စွာ မမြင်နိုင် ကြပေ။ 

အသံကို ကျက်မိနေလေသောကြောင့် တဲအိမ်လေးထဲမှ ပြေးထွက်လာသူမှာ ကူမိုင်ခန်းဖြစ်ကြောင်းကို ကျန်းယိမင်း ကတော့ သိသည်။ 

လင်းယုန်ဖြူ သိုင်းသမားလေးဖော်တို့အဖို့ လည်း ကူမိုင် ခန်း၏ အော်ပြောလိုက်သံကြောင့် မိမိတို့နှင့် ရင်ဆိုင်တိုက် ခိုက်နေသူ၏ အမည်မှာ ကျန်းယိမင်းဖြစ်ကြောင်းသိရှိသွား ကြရ၏။ 

တဲအိမ်ထဲမှ ပြေးထွက်လာသူ မည်သူမည်ဝါ ဖြစ်သည်ကို တော့ သူတို့ မသိကြပါ။


သို့သော်..... 


ကျန်းယိမင်းဘက်မှ ကူညီတိုက်ခိုက်ပေးမည့် စစ်ကူဖြစ် ကြောင်းကိုတော့ အကဲခတ်မိကြသည်။ 

လမင်းကို တိမ်မည်းညိုများ ဖုံးအုပ်လျက် လရောင်ကွယ် ပျောက်သွားမှုကကျန်းယိမင်းအတွက်အခွင့်အလမ်းကောင်း ကြီး ဖြစ်၍သွားသည်။ 

အလင်းရောင် မပီဝိုးတဝါးသာရှိတော့လျက် အမှောင် ရိပ်များ ကြီးစိုးလာသောကြောင့် ကျန်းယိမင်းအဖို့ ကိုယ် ယောင်ဖျောက် လှုပ်ရှားဖို့ အလွန်ကိုလွယ်ကူသွား၏။ 

လင်းယုန်ဖြူ သိုင်းသမားလေးဖော်တို့၏ လေးထပ်ဆင့်ပွါးစုပေါင်းသိုင်းကွက်သည် အရပ် လေးမျက်နှာလုံးကို ကောင်းစွာ အုပ်စီး လွှမ်းမိုးနေနိုင်ပြီ ဖြစ်သော်လည်း လ ရောင် ကွယ်ပျောက်သွားသည်မို့ ဘာကိုမျှ သဲသဲကွဲကွဲ မမြင် နိုင်တော့။ 

လှုပ်ရှားတိုက်ခိုက်နေမှုသည်လည်း ရုတ်ခြည်းပင်ဖရိုဖရဲ ကစဉ့်ကလျား ဖြစ်ကုန်သည်။


ဤအချိန်မှာပင်ကျန်းယိမင်း၏တိုက်ချက်များက ဟိုနေရာ 

မှတစ်ချက်၊ သည်နေရာမှတစ်ချက် လမ်းကြောင်းအမျိုးမျိုး မှ တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ဝင်ရောက်၍လာ၏။ 


လင်းယုန်ဖြူ သိုင်းသမားလေးဖော်တို့သည် အရပ်လေး မျက်နှာလုံးကို အုပ်စီးလွှမ်းမိုးနိူင်ရန် လူခွဲကာနေရာယူထား ကြသည်ဖြစ်ရာ ကျန်းယိမင်းက မည်သည့်အရပ်မျက်နှာဘက် မှဝင်တိုက်သည်ဖြစ်စေ ဦးတည်ပစ်မှတ်ကတော့ အသင့်ပင် ရှိနေသည်။ 

တိုက်ချက်များ လွဲချော်သည်ဟူ၍ မရှိ။တိုက်ချက်တိုင်းပင်ထိမိ၏။ 

လရောင် ကွယ်ပျောက်သွားမှုကြောင့် ကျန်းယိမင်း၏ လှုပ်ရှား နေရာပြောင်းရွှေ့မှုများကို မတွေ့နိုင်တော့သည့် အတွက် လင်းယုန်ဖြူ သိုင်းသမားလေးဖော်တို့မှာ တုန်လှုပ် ချောက်ချားနေကြပြန်ရာသူတို့၏သိုင်းကွက်စွမ်းပကားလည်း လျော့နည်းကျဆင်းသွားခဲ့သည်။ 

ထို့ကြောင့်လည်း.. 


ကျန်းယိမင်း၏ တိုက်ချက်တိုင်းလိုလို အထိခံကြရခြင်း ဖြစ်ပေသည်။ 

ကျန်းယိမင်းဘက်မှ စစ်ကူလည်းရောက်လာပြီမို့ မိမိတို့ ဘက်မှ မရှုမလှ အရေးနိမ့်ဖို့ သာရှိတော့သည်ဟု တွေးဆမိ လေသောကြောင့် လင်းယုန်ဖြူသိုင်းသမားတို့ကဆက်လက် တိုက်ခိုက်ဖို့ စိတ်မကူးကြတော့။ 

တစ်ဦးကိုတစ်ဦး အချက်ပေးကာ ရှောင်တိမ်းထွက်ပြေး သွားကြလေတော့သည်။ 

ကူမိုင်ခန်းသည် တဲအိမ်လေးအပြင်ဘက်သို့ ပြေးထွက် လာခဲ့သော်လည်း ကျန်းယိမင်းကို ပါဝင်ကူညီ တိုက်ခိုက် ခြင်း မပြုလိုက်ရပေ။ 

ကူမိုင်ခန်း တဲအိမ် အပြင်ဘက်သို့ ရောက်ရှိ လာချိန်တွင် 

ကျန်းယိမင်းက အသာစီးရလျက် လင်းယုန်ဖြူသိုင်းသမား လေးဖော်တို့အား ထိမိစွာ တန်ပြန်တိုက်ခိုက်နေပြီ ဖြစ်ရာ သူမသည် ဘေးမှ အသာပင် ရပ်၍သာကြည့်နေလိုက်ရ သည်။ 

လင်းယုန်ဖြူ၊ သိုင်းသမား လေးဖော်တို့ ရှောင်တိမ် ထွက်ပြေးသွားသောအခါမှပင် ကူမိုင်ခန်းသည် ကျန်း မင်းအနီးသို့ တိုးကပ်လာခဲ့၏။ 


“ကူမိုင်ခန်း၊ ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်လာတာ လဲ ဟင်....” 

ကျန်းယိမင်းက ဆီး၍မေး၏။ 


“နောက်မှပြောမယ်၊ ဟိုလူတွေ နောက်ဆုတ်ထွက်ပြေး သွားကြပေမယ့် အန္တရာယ်အချိန်မရွေး လာပေး နိူင်တယ်၊ ဒီနေရာက အမြန်ဆုံးထွက်သွားမှ ဖြစ်လိမ့်မယ်” 

ဤသို့ ပြောပြီးနောက် ကူမိုင်ခန်းသည် တဲအိမ်လေ ထဲသို့ ပြန်ပြေးဝင်ကာ ခရီးဆောင်အိတ်ကို ကောက်လွယ် ပြီး ပြန်ထွက်လာခဲ့၏။ 


“လာ...သွားကြစို့” 


တဲအိမ်ထဲမှ ပြန်ထွက်လာပြီးသည်နှင့် ကူမိုင်ခန်းသည် ကျန်းယိမင်းကို အမြန်ခေါ်ကာ ယာတောလေးမှ ခပ်သုတ်သုတ်ထွက်လာခဲ့၏။ 

ဤယာတောလေးတွင် မိမိလုပ်ဆောင်ထားခဲ့ချက်များ ကို ကျန်းယိမင်း စူးစမ်းသိရှိသွားမည် စိုးသောကြောင့် ကူမိုင်ခန်းက အမြန်ဆုံးထွက်ခွာသွားရန် လောဆော်ခြင်း ဖြစ်ပေသည်။ 

ကျန်းယိမင်းမှာမူ ကူမိုင်ခန်း၏ အန္တာယ်ပေါ်လာနိုင် သည့် အရေးကို ကြိုတင်တွေးကာ ရှောင်တိမ်းခြင်း ဖြစ် မည်ဟုသာ ရိုးသားစွာ ထင်မြင်ပြီး ကူမိုင်ခန်း ခေါ်ရာ နောက်သို့ လိုက်ပါလာခဲ့လေ၏။ 


ကျန်းယိမင်းမှာ ညအိပ် နားနေခြင်းပင် မပြုနိုင်တော့။ ကူမိုင်ခန်းနှင့်အတူ ခရီးပြင်းလိုက်၍ နှင်ရ လေတော့သည်။

ယာတောကလေးနှင့် ဝေးနိုင်သမျှ အဝေးဆုံး နေရာသို့ ရောက်နိုင်သမျှရောက်အောင် သွားလိုသောကြောင့် ကူမိုင်ခန်းသည် အရပ်အနားမရှိ။ 

တစ်ညလုံးပင် ခရီးနှင်၏။ 

ညကြီးမင်းကြီး တောအုပ် တောတန်းများထဲ တိုးဝင် ရီးနှင်ရသည်မို့ခရီးလမ်းက မပြေပြစ်။ 

အတော်ကို ကြမ်းတမ်းသည်။ 

သစ်ပင် ချုံနွယ်များအကြား အတင်းတိုးဝင်ကာ ခရီး နိုင်ရသည့် အကြိမ်တွေက မနည်းလှပေ။ 

ကျန်းယိမင်းသည် တောထဲတောင်ထဲတွင် နေထိုင် သွားလာမှု အလေ့အကျင့် များစွာရှိနေသောကြောင့် တော်သေး သည်ဟု ဆိုရမည်။ 

မဟုတ်လျှင် ချုံတိုးတောဝင်နှင့် ခရီးပြင်း နှင်နေလေ သော ကူမိုင်ခန်း၏ နောက်မှ လိုက်ပါနိုင်လိမ့်မည် မဟုတ် 

တစ်ညလုံး ခရီးနှင်လာခဲ့ကြရာ မိုးစင်စင် လင်းသော အခါ လျှိုမြောင်ကြီးတစ်ခု၏ ထိပ်ဘက်နားသို့ ရောက်လာ ကြသည်။ 

လျှိုမြောင်ကြီးသည် အတော်ကျယ်ပြန့်၏။ ကမ်းပါးယံများကတော့ မတ်စောက်ခြင်းမရှိ။ ဆင်ခြေလျှော ခပ်ပြေပြေလေးဖြစ်နေသည်။ လျှိုထဲတွင် သစ်ပင်ဝါးပင်များ အုပ်အုပ် ဆိုင်းဆိုင်း ပေါက်၍နေ၏။ 

စမ်းချောင်းကလေးများသည် လျှိုမြောင်ထဲသို့ စီးဆင်း ကျနေလေရာ ငွေရောင် မြွေကလေးများ လူးလွန့်နေ သလိုထင်ရ၏။ 

“အဲဒါ မြွေဖြူ စခန်း လျှိုမြောင် ဆိုတာပဲ၊ အဖိုးတန် ဆေးပင်တွေရှိတယ်လို့ အဆိုရှိတယ်” 

ကူမိုင်ခန်းက လျှိုမြောင်ကြီးကိုညွှန်ပြလျက် ပြောလိုက်သည်။ 

ကျန်းယိမင်းက လျှိုမြောင်ထဲသို့ ငုံ့ကြည့်လိုက်ပြီး “လျှို မြောင်ထဲမှာ မြွေတွေပေါလို့ လား”


“ဟာ...အဲဒီလို မဟုတ်ဘူး၊ ဟိုမှာ ကြည့်လေ၊ စမ်း ချောင်းလေးတွေ လျှိုမြောင်ထဲကို စီးကျနေတာ မြွေဖြူ တွေ လူးလွန့်နေကြတာနဲ့ မတူဘူးလား၊ ဒါကြောင့် ဒီလို နာမည် တွင်နေတာ၊ ကျွန်မတို့ ဒီလျှိုမြောင်ထိပ်မှာပဲ ခဏ နားကြတာပေါ့” 

ကူမိုင်ခန်းက ထိုသို့ ပြောလိုက်ချိန်မှာပင် မြွေဖြူ စခန်း လျှိုမြောင်ထဲမှ ထူးခြားသော အသံဗလံများ ပေါ်ထွက်၍ လာလေသည်။

Comments

Popular posts from this blog

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၂ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၃ )