သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၆ )
အခန်း (၆)
မြွေဖြူစခန်း လျှိုမြောင်သည် လူသူ အရောက်အပေါ နည်းပါးသည့်နေရာတစ်ခု ဖြစ်ပေသည်။
ဤနေရာအကြောင်းကို သိရှိထားလေသူ သိုင်းသမား နှင့်ဆေးပညာရှင် တစ်ယောက်စ၊ နှစ်ယောက်စသာ ရံဖံရံခါတွင် ဆေးပင် ဆေးမြစ်များ ရှာဖွေရန် ရောက်ရှိလာ တတ်သည်။
လူသူကင်းဝေးနေသည့် အချိန်ကာလများပြား၏။
ယနေ့တွင်မူ......
မြွေဖြူစခန်းလျှိုမြောင်တစ်နေရာရှိ သဖန်းပင်ကြီးတစ်ပင်၏အောက်ဘက်ရှိ အတန်ငယ် ရှင်းလင်းသော မြက်ခင်း လေးပေါ်တွင် ရှိနေကြခြင်းဖြစ်လေ၏။
တစုတဝေးတည်း ရှိနေသည့် သဘောမျိုးတော့မဟုတ်။ တစ်ဖက်လျှင် ခုနစ်ဦးနှင့် ရှင်ဦးစီ ပါဝင်သော အုပ်စု နှစ်စုအဖြစ် မျက်နှာချင်းဆိုင် ရပ်နေကြ၏။
အုပ်စုတစ်စုနှင့်တစ်စု ပေငါးဆယ်ခန့် ကွာလှမ်းကြလေ သည်။
လူခုနစ်ယောက်ပါဝင်သော အုပ်စုသည် အရှေ့ဘက် အရပ်ကို မျက်နှာမူကာ ရပ်နေကြ၏။
နီညိုရောင်ဝတ်စုံများကို ကျကျနနသေသေသပ်သပ်ဝတ် ထားကြ၏။
ခေါင်းတွင် ဝက်ဝံရေဦးထုပ်များလည်း ဆင်တူဆောင်း ထားကြ၏။
လူရှစ်ယောက်ပါသော အုပ်စုကတော့ အနောက်ဘက် အရပ်ကို မျက်နှာမူ၍ နေရာယူထားကြ၏။
အရောင်အသွေး အမျိုးမျိုးသော အဝတ်အစားများ သူတစ်မျိုးငါတစ်ဖုံ ဝတ်ဆင်ထားကြ၏။
သားသားနားနား ဝတ်စားထားသူများ ပါရှိသော် လည်း အများစုကတော့ စုတ်ပြတ်ညစ်ထေးသော အဝတ် အစားများကို ဖြစ်သလိုဝတ်ထားကြ၏။
လူရှစ်ယောက်အုပ်စုထဲတွင် အသက်နှစ်ဆယ်ခန့်ရှိ လုလင် ပျိုလေးတစ်ယောက် ပါရှိနေ၏။
လုလင်ပျိုလေးသည် အဖြူရောင်ဝတ်စုံကို ဝတ်ထား၏။
ထိုဝတ်စုံသည် အကောင်းစား ပိုးထည်ဖြင့် ချုပ်လုပ် ထားသည့် အထက်တန်း ဝတ်စုံဖြစ်သည်။
သို့သော် ...
သန့်သန့်ပြန့်ပြန့်တော့ မရှိ။
အတော်လေးပင် ညစ်ပေနေ၏။
အရပ် ငါးပေဆယ်လက်မခန့် မြင့်သော လုလင်ပျိုလေး သည် ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာရှိ၏။
ရုပ်ရည်ရူပကာကတော့ ရည်မွန်ချောမော၏။
အဖြူ ရောင် ပိုးသားဝတ်စုံက အတော်ညစ်ပေနေသလို လုလင်ပျိုလေး၏ မျက်နှာသွင်ပြင်ကလည်း ညှိုးညှိုးနွမ်းနွမ်း ရှိသည်။
ဤလုလင်ပျိုကလေးမှအပနှစ် ဖက် သော အုပ် စု တို့ မှ ကျန်လူ ဆယ့်လေးယောက်စလုံးမှာ သက်လတ်ပိုင်းအရွယ် ယောက်ျားကြီးများ ဖြစ်ကြ၏။
သိုင်းသမားများ၏ သွင်ပြင်လက္ခဏာတွေ ရှိကြသော် လည်း မည်သူမျှ လက်နက်ကိုင်ဆောင်ထားကြခြင်း မရှိ။
နီညိုရောင် ဝတ်စုံဝတ် အုပ်စုထဲမှ ယောက်ျားကြီး တစ်ဦးကမူ သားရေအိတ်တစ်ခုကို လက်တွင်ကိုင်၍ထား၏။
အုပ်စုနှစ်စုတို့ မျက်နှာချင်းဆိုင် ရပ်နေကြလေသည့် မြက် ခင်းလေးသည် သိပ်တော့ ကျယ်ကျယ်ဝန်းဝန်း မရှိပါ။
ပေတစ်ရာပတ်လည် သာသာမျှလောက်သာ ရှိပေလိမ့်မည်။
မြက်ခင်းပြင်လေး၏ အစပ်နားဆီတွင်မူ ချုံပုတ်ငယ်များ အတော်များများ ရှိနေ၏။
မြက်ခင်းပြင်လေး၏ အခြေအနေကလည်း စည်မျက်နှာ ပြင်လို ညီညာပြန့်ပြူးခြင်း မရှိ။
မို့ဖုတက်ကြွနေလေသည့် နေရာသုံးလေးနေရာမျှ ရှိ လေသည်။
“ကျုပ်တို့အတွက် ပေးစရာ အသင့်ပါလာတယ်မဟုတ်လား”
အနောက်ဘက်ကို မျက်နှာမူကာ ရပ်နေလေသော ကိုးယောက် အုပ်စုထဲမှ ကျားသစ်ရေ ကိုယ်ကျပ်အင်္ကျီဝတ် ထားသော အရပ် ထောင် ထောင် မောင်း မောင်း၊ ဗလ ကောင်းကောင်း လူထွားကြီးတစ်ယောက် လှမ်းမေးလိုက်သည်။
အသံက အတော်ကလေး အားပြည့်သည်။
ခပ်အုပ်အုပ်ဖြင့် ထိန်းကာပြောလိုက်ခြင်း ဖြစ်သည့်တိုင် စကားသံသည် ဟိန်း၍ထွက်လာသည်။
အတွင်းအား မြင့်မားနက်ရှိုင်းသည့် သိုင်းသမား တစ် ယောက်ဖြစ်ကြောင်း ထင်ရှားသိသာနိုင်သည်။
“ပါလာပါတယ်လေ၊ ကိုင်း...အချိန်ဆိုင်းမနေနဲ့၊ အလဲ အလှယ် အပေးအယူလုပ်ကြမယ်”
နီညိုရောင်ဝတ်စုံများ ဆင်တူဝတ်ဆင်ထားကြသည့် လူ ခုနစ်ယောက် အုပ်စုထဲမှ မုတ်ဆိတ်မွေးနီနီနှင့် ယောက်ျား ကြီးက ပြန်ပြော၏။
မုတ်ဆိတ်နီကြီးသည် ခေါင်းတစ်ချက်ဆတ်ကာ အချက် ပေးလိုက်ရာ သားရေအိတ်ကိုင်ထားသော နီညိုရောင် ဝတ်စုံဝတ် လူက အိတ်ကိုဖွင့်လျက် ယွန်း သေတ္တာ ပြား လေး တစ်ခု ထုတ်ယူလိုက်၏။
“ကျုပ် ကျင်းကော့ထန်ကိုခေါ်ပြီး ရှေ့တိုးလာမယ်၊ ခင်ဗျားတို့အထဲကလဲ တစ်ယောက် ရတနာသေတ္တာကိုယူပြီး ရှေ့ထွက်လာခဲ့၊ ကြားအလယ် တည့်တည့်နေရာမှာ ဆုံပြီး လူနဲ့ ပစ္စည်းလဲမယ်”
လူထွားကြီးက ပြောလိုက်ပြန်သည်။
“ကောင်းပြီ”
မုတ်ဆိတ်နီနှင့် လူကြီးက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။
မုတ်ဆိတ်နီကြီးနှင့် လူကြီးသည် ယွန်းသေတ္တာလေးကို လှမ်းယူပြီး ရှေ့သို့ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းထွက် လာသည်။
တစ်ဖက်မှ လူထွားကြီးကလည်း ညစ်ပေနေသော ပိုး သား ဝတ်စုံဖြူ ဝတ်ထားသော လုလင်ပျိုလေးကို ဆွဲခေါ် ကာ လျှောက်လှမ်းထွက်လာသည်။
နှစ်ဖက်အုပ်စုတို့မှ ကျန်သည့်လူများကတော့ မူလရပ်နေသည့် နေရာများတွင်ပင် ငြိမ်သက်စွာရပ်လျက် ကျန်နေခဲ့ ကြသည်။
လူတွေက ငြိမ်နေကြသော်လည်း သူတို့၏စိတ်များကမူအတော်ကို လှုပ်ရှားနေကြလေ၏။
လျှောက်လှမ်း၍ သွားနေကြလေသော လူသုံးယောက် ဆီသို့ ဆယ့်နှစ်စုံသော မျက်လုံးများက လိုက်၍ကြည့်နေကြ လေသည်။
ပတ်ဝန်းကျင်ကလည်း ငြိမ်သက်တိတ်ဆိတ်၍ နေတော့သည်။
ယင်းသို့ရှိနေရာမှ လေတစ်ချက်ဝှေ့၍ တိုက်ခတ်လိုက်ရာ သစ်ရွက်များ လေတိုးမိသံ တရှဲရှဲ ပေါ်ထွက်လာလေတော့ သည်။
ငြိမ်သက်တိတ်ဆိတ်နေလေသော ပတ်ဝန်းကျင်တွင် ရုတ် တရက် ပေါ်ပေါက်လာသော ထိုအသံသည် အတော်လေး ပင် ကျယ်လောင်သယောင် ထင်ရ၏။
မူလကပင် . စိတ်လှုပ်လှုပ်ရှားရှား ဖြစ်နေကြလေသော လူများကို သစ်ရွက်လေတိုးသံ တရှဲရှဲက ပို၍ပင် စိတ်လှုပ် ရှားအောင် ဖန်တီးနေ၏။
ခြေလှမ်းမှန်မှန်ဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းသွား ကြလေသော သူတို့မှာလည်း တစ်ဖက်နှင့်တစ်ဖက် ပို၍ပို၍ နီးကပ်လာကြလေ၏။
နောက်ဆုံးတွင် လက်တစ်ကမ်းအကွာသို့အရောက် နှစ်ဖက်စလုံး ခြေလှမ်းအသီးသီး ရပ်လိုက်ကြ၏။
အရေးအကြီးဆုံး အချိန်အခါသို့ ရောက်လာပါပြီ။ ငြိမ်သက်စွာ ရှိနေကြလေသော လူအားလုံး ပို၍စိတ်လှုပ် ရှား လာကြရသည်။
ယနေ့ …
အချိန်းအချက် ပြုလုပ်ကြသော ကိစ္စအတွက် နှစ်ဖက်လုံး သည် နောက်ကြောင်း မအေးကြပါ။
စိုးရိမ်ဖွယ်ရာ အခြေအနေများကလည်း ရှိနေပေတော့ သည်။
ပိုးသားဝတ်စုံ အဖြူ ရောင် ဝတ်ထားသော လုလင်ပျို ကလေးသည် သာမန်ရပ်သူရွာသားတစ်ယောက် မဟုတ်ပါ။
စီးရိနယ်စား မင်းသားလေးတစ်ပါး ဖြစ်၏။ ငွေကြေးဓန ပစ္စည်း ဥစ္စာ အလွန်ပင် ပေါကြွယ်ချမ်း သာသည်။
ကျင်းကော့ထန်သည် နယ်စား မင်းသားတစ်ပါးဖြစ်နေ သော်လည်း အသက်ငယ်ရွယ် နူ နယ် သေး သည့် အ တွက် နန်းဆောင်များထဲတွင် ငြိမ်ငြိမ်သက်သက် နေထိုင်ခြင်းမျိုး ကို မနှစ်သက်။
လွတ်လွတ်လပ်လပ် သွားလာပျော်ပါး နေတတ်၏။ အထူးသဖြင့် အမဲလိုက် ဝါသနာထုံ၏။
သိုင်းပညာကို နှစ်သက်သဘောကျသည့်အတွက် သိုင်း ပညာလေ့ကျင့်သင့်ယူမှုလည်း အနည်းအကျဉ်း ပြုလုပ် ထားခဲ့လေ၏။
အဆင့်မြင့် သိုင်းပညာများကို တတ်မြောက်ခြင်းမရှိပါ။ အမဲလိုက်တော့ အတော်ကျွမ်းကျင်သည်။ ကျင်းကော့ထန် တွင် ကျင်းလုယောင် အမည်ရှိ အဖေတူ အမေကွဲ ညီအစ်ကိုတစ်ယောက် ရှိ၏။
အသက်ချင်းကလည်း ရွယ်တူလောက် ရှိကြသည်။ ကျင်းကော့ထန် စီးရိနယ်စားမင်းသားဖြစ်လာသည်ကို ကျင်းလုယောင်က လုံးဝမကျေနပ်။
ကျင်းကော့ထန်အား လုပ်ကြံသတ်ဖြတ် ဖယ်ရှားပစ်နိူင် ရေးအတွက် အမြဲပင် ကြံစည်နေ၏၊
ကျင်းလုယောင်သည် နယ်စားမင်းသားတစ်ပါး မဟုတ် သော်လည်း နောက်ပါအင်အား မသေးပါ။
ကြေးစား သိုင်းသမားများကို လက်သပ်မွေးထားသည် ဟုလည်း သတင်းကြီး၍ နေသည်။
ထို့ကြောင့်..
စီးရိနယ်၏ မှူးကြီးမတ်ရာများက နယ်စားမင်းသားလေး ကျင်းကော့ထန်ကို အသွားအလာ အ နေအထိုင် ဆင်ခြင် ထိန်းသိမ်းရန် မကြာခဏပြောဆို သတိပေးနေရသည်။
ကျင်းကော့ထန် မင်းသားလေးကတော့ ဤသတိပေး တားမြစ်ချက်ကို အရေးမထား။
မကြာခဏပင်....
အမဲလိုက် ထွက်၍သာနေသည်။
တစ်နေ့တွင်...
နောက်ပါ အနည်းငယ်မျှဖြင့် အမဲလိုက်ထွက်လာသော မင်းသားလေး ကျင်းကော့ထန်မှာ သိုင်းသမားတစ်စု၏ တိုက်ခိုက်ဖမ်ဆီးခြင်းကို ခံရလေတော့၏။
ထိုသိုင်းသမားများ သည်....
ကျင်းလုယောင်၏ လက်ပါးစေ သိုင်းသမားများ မဟုတ် သည့်အတွက် တော်သေးသည်ဟု ဆိုရမည်။
ကျင်းကော့ထန် မင်းသားလေးအဖို့ အသက်အန္တရာယ် တော့ မကြုံရ။
ထိုသူတို့သည်...
အိုးအိမ်နေရာအတည်တကျမရှိဘဲ ခြေဦးတည့်ရာ၊ စိတ်ထင်ရာ သွားလာလျက် ထင်သလို နေထိုင်နေကြလေသော ခြေသလုံးအိမ်တိုင် သိုင်းသမားများဖြစ်ကြပြီး ကျင်းကော့ထန်ကို ပြန်ပေးဆွဲလိုက်ကြ၏။
ရတနာပစ္စည်း ဆယ်သိန်းဖိုးနှင့် ကျင်း ကော့ ထန် ကို အလဲအလှယ် ပြုရန် အကြောင်းကြား ဆက် သွယ် လာကြ လေသည်။
ကျင်းကော့ထန် ပျောက်သွားသောအခါ...
ပြိုင်ဘက် ကျင်းလုယောင်၏ လက်ချက် မိသွားလေပြီ လားဟု စိုးရိမ်ပူပန်ကြသည့် စီးရိနယ်၏ မှူးကြီးမတ်ရာ များသည် ခြေသလုံးအိမ်တိုင် သိုင်းသမားတစ်စု၏ ဖမ်းဆီး ပြန်ပေးဆွဲခြင်းသာ ဖြစ်ကြောင်း သိရသောအခါ အတော် စိတ်အေးသွားကြကုန်၏။
ခြေသလုံးအိမ်တိုင် သိုင်းသမားများ တောင်းဆိုသည့် အတိုင်း ပေးအပ်ရန် သဘောတူလျက်...
မြွေဖြူစခန်း လျှိုမြောင်ထဲတွင် အပေးအယူအလဲအလှယ် ပြုလုပ်ရန် ချိန်းဆိုခဲ့ကြခြင်း ဖြစ်ပေသည်။
ပထမပိုင်းပြီး၏။
အတွဲ( ၁ )ဒုတိယပိုင်း ဆက်လက်ဖတ်ရှုပါရန်။
Comments
Post a Comment