သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၁ )

 အခန်း (၁၁)

ကူမိုင်ခန်း၏ အခြေအနေကတော့ တစ်မျိုး။

ကျန်းယိမင်းတို့နှင့် မတူ။

ငါးမန်းနက်ရော ငှက်မိစ္ဆာပါ ကူမိုင်ခန်းထက် သိုင်းပညာစွမ်းရည် သာလွန်မြင့်မားကြသည်။

သူတို့ နှစ် ယောက် ပူးပေါင်းထားကြလေသောအခါ ကူမိုင်ခန်းထက် များစွာ အစွမ်းအစ မြင့်မားနေ၏။

ကူမိုင်ခန်းသည် ဖျတ်လတ်သွက်လက်သော ကိုယ်ဟန်လှုပ်ရှားမှုနှင့် ထိမိပြင်းထန်သော သိုင်းကွက် သိုင်းဟန် အပြောင်းအလဲများကို တိုက်နည်းပရိယာယ် ကြွယ်ဝစွာ တိုက်ခိုက်သည့် အတွက်ကြောင့်သာ သိုင်းကွက်ဆယ်ကွက်ခန့် အပြန်အလှန်ရင်ဆိုင်၍ တိုက်ခိုက်နိူင်ခဲ့ပေသည်။

ဤသို့ တိုက်ခိုက်ပြီး သည်နှင့် ဤလူနှစ်ယောက်သည် မိမိထက် သိုင်းပညာစွမ်းရည် သာလွန်မြင့်မားကြောင်း ကူမိုင်ခန်း အကဲခတ် သိရှိသွား၏။

သိုင်းကွက် ဆယ်ကွက်ကျော်လျှင် မိမိအတွက်အခွင့်မသာ နိုင်တော့။

အရေးရှုံးနိမ့်ဖို့ပင် များကြောင်းကိုလည်း နားလည်၏။

တစ်ဖက် တွင် ငါးမန်းနက်နှင့် ငှက်မိစ္ဆာတို့ကလည်း ကူမိုင်ခန်း၏ သိုင်းပညာအစွမ်းကို အကဲခတ်မိသွားကြ၏။

ထို့ကြောင့်…

အပြတ် ချေမှုန်းပစ်နိူင်ရန် တိုက်စစ်အရှိန်အဟုန်ကို မြှင့်တင်လိုက်ကြသည်။

တစ်ဖက်လူတို့၏ တိုက်စစ်အရှိန်အဟုန် မြင့်တက်လာသည်နှင့် ကူမိုင်ခန်းသည် ပရိယာယ်ကြွယ်ဝစွာပင် လုပ်ကြံဖန်တီးလှည့်စားမှုတစ်ရပ်ကို ခပ်တည်တည်နှင့် ပြုလုပ်လေတော့သည်။


“ကျန်းယိမင်း… အဲဒီလူကို လက်ရမိအောင်ဖမ်း၊ဒီနှစ်ယောက်ကိုလဲ အလွတ်ပေးလို့ မဖြစ်ဘူး၊ ကျန်တဲ့လူတွေက နောက်ဘက်က ကြိုတင်ဝိုင်းပိတ်ထားကြ”

ကူမိုင်ခန်းက အသံစူးစူးရှရှနှင့် အော်ဟစ်ပြောဆိုလိုက်သည်။

ကူမိုင်ခန်း၏ အော်ဟစ်ပြောဆိုသံသည် အရိပ်မဲ့အဆိပ်၊ ငါးမန်းနက်နှင့် ငှက်မိစ္ဆာတို့သုံးယောက်လုံးကို ဇဝေဇဝါ ဖြစ်သွားစေခဲ့၏။

ထို အပြင်...

ကျန်းယိမင်းကိုလည်း အတွေးရခက်သွားစေပြန်သည်။


ကျင်းလုယောင်သည် လက်ပါးစေ ကြေးစားသိုင်းသမားများစုစည်းထားသလို စီးရိနယ်စား နန်းဆောင်

မှလည်း သိုင်းအကျော်အမော်များကို ဖိတ်ကြားခေါ်ယူထားခဲ့သည်။

ကျင်းကော့ထန်ကို ဝင်ရောက်ကူညီကာကွယ်ပေးကြလေသော ကျန်းယိမင်းနှင့် ကူမိုင်ခန်းတို့ နှစ်ယောက်ကို စီးရိနယ်စားနန်းဆောင်မှ ဖိတ်ခေါ်ထားသော သိုင်းအကျော်အမော်တွေထဲမှ ဖြစ်လိမ့်မည်ဟု အရိပ်မဲ့အဆိပ်တို့က ထင်မှတ်၍နေကြ၏။

ပြန်ပေးသမားများလက်မှ ကျင်းကော့ထန်ကို ရွေးထုတ်ယူရန် ရတနာသေတ္တာနှင့် အလဲအလှယ်ပြုရာသို့ စီးရိနန်းဆောင်မှ သိုင်းသမားခုနစ်ဦးသာ လာရောက်ကြသော်လည်း အရေးပေါ် ကိစ္စများအတွက် ပါဝင်အသုံးချနိုင်ရန် အရန်အင်အားများ တပ်ဖျောက် ဖြန့်ကြက်ထားလိမ့်မည်ဟု အရိပ်မဲ့အဆိပ်တို့ဘက်မှ ကြိုတင်တွက်ဆ ထားချက်ကလည်းရှိနေ၏။

ဤအချက်များကြောင့် ကူမိုင်ခန်း၏ ပရိယာယ်ဆင်ကာလုပ်ကြံ၍ အော်ဟစ်ပြောဆိုချက်ကို အရိပ်မဲ့အဆိပ်တို့ သုံးယောက်က ဟုတ်နိူးနိူး ဇဝေဇဝါ ထင်မှတ် ကုန်ကြလေသည်။


 ကျန်းယိမင်းကတော့ လူရိုးလူဖြောင့် တစ်ယောက်ပီပီ ကူမိုင်ခန်း ဘာတွေ အော်နေပါလိမ့်ဟုအတွေးရ ခက်နေသည်။

မိမိတို့ နှစ်ယောက်တည်းသာ ရှိနေရာ ဘယ်ကလူတွေကို အကူအညီခေါ်လေသနည်းဟုလည်း အစဉ်းစားရကျပ်နေသည်။

ဤအတွက်ကြောင့် ..

အရိပ်မဲ့အဆိပ်ပေါ် ဖိနှိပ်လွှမ်းခြုံထားသော နဂါးတောင်ဖြိုသိုင်း၏ စွမ်းရည်များတွင် လျော့နည်း လစ်ဟာမှူကလေးများ ဖြစ်ပေါ်၍သွားလေ၏။

မိမိ၏လုပ်ကြံမှုအတွက် သက်သေခံများဖြစ်ကုန်မည် စိုးသောကြောင့် ကျင်းကော့ထန်အား အလစ်ဖမ်း တိုက်ခိုက်သုတ်သင်ရန် တာဝန်ပေး စေလွှတ်လိုက်သည့် လက်ပါးစေ သိုင်းသမားများကို တစ်ဖက်လူတို့၏ လက်ရအမိဖမ်းဆီးခြင်း မခံကြရစေနှင့်ဟု ကျင်းလုယောင်က တင်းကျပ်စွာ

မှာကြားထားခဲ့သည်။


လုပ်ကြံမှု မအောင်မြင်လျှင် နေပါစေ၊ လက်ရအဖမ်း ခံရခြင်းတော့ မရှိစေနှင့်ဟုပင် ကျင်းလုယောင်ကတင်းကျပ်စွာ မှာကြားထားခဲ့သည်။

ဤအချက်များသည် အရိပ်မဲ့အဆိပ်တို့ဘက်မှ ပျော့ကွက်အားနည်းချက်လိုဖြစ်နေပေရာ ကူမိုင်ခန်း၏ပရိယာယ်ဆင်လုပ်ကြံ ပြောဆိုလိုက်ချက်သည် အရိပ်မဲ့အဆိပ်တို့၏ ပျော့ကွက်နေရာကို ကျကျနန ထိုးနှက်မိသလို ဖြစ်သွားပေတော့သည်။

အရိပ်မဲ့အဆိပ်တို့က ဆက်လက်တိုက်ခိုက်ရန် စိတ်မကူးကြတော့။

ပြန်လည် လာရောက်တိုက်ခိုက်နိူင်သည့် အန္တရာယ် ရှိနိူင်ကြောင်း တွေးဆမိသောကြောင့် ကူမိုင်ခန်းက ဤနေရာမှ အမြန်ဆုံးထွက်ခွာခဲ့ခြင်း ဖြစ်ပေသည်။

ကျင်းကော့ထန်ရော ကျန်းယိမင်းပါ ဤသဘောကို နားမလည်ကြပေ။

ထို့ကြောင့်….

နှစ်ယောက်လုံး၏ စိတ်ထဲတွင် ဇဝေဇဝါနှင့် အတွေးရခက်လျက်ရှိကြ၏။

 “ဘာဖြစ်လို့ ထွက်ပြေးရတာလဲ၊ “ခင်ဗျားတို့ရဲ့ လူတွေလာကြတော့မှာ မဟုတ်လား”

ကူမိုင်ခန်းဆွဲခေါ်ရာသို့ ကန့်လန့် ကန့်လန့်ဖြင့် ပါရင်း ကျင်းကော့ထန်က မေးသည်။

စောစောက ကူမိုင်ခန်း လုပ်ကြံ ဖန်တီး၍ ပြောသည့် စကားများကို ကျင်းကော့ထန်က အမှန်ဟုထင် နေသည်။

“ဟာ...အဲဒါ သက်သက်မဲ့ ပြောလိုက်တာရှင့်၊ ပါးပိတ်ထားပြီး ငြိမ်ငြိမ်နေစမ်းပါ၊ ပြောစရာရှိတာနောက်မှပြော”

ကူမိုင်ခန်းက လေသံမာမာဖြင့် ခပ်ငေါက်ငေါက် ပြောလိုက်သည်။


 ကျင်းကော့ထန်သည် နယ်စားမင်းသားလေး တစ်ပါးဖြစ်ကာ လူအားလုံးက သူ့ကို ရိုသေသေးစားစွာ ပြောဆိုကြရသည်။

သူ့ကို ပြန်ပေးဆွဲထားခဲ့ကြသော ခြေသလုံးအိမ်တိုင်သိုင်းသမားကပင်လျှင် လေးစားချေငံစွာ ပြောဆိုဆက်ဆံခဲ့ကြလေသည်။

မာမာထန်ထန် ပြောဆိုသူမရှိ။

ငေါက်ငမ်းဖို့ဆိုတာကတော့ ဝေလာဝေး။

ကူမိုင်ခန်းနှင့်ကျမှ ကျင်းကော့လန်အဖို့ ပထမဆုံးအကြိမ်လေသံမာမာဖြင့် ငေါက်ငမ်း ပြောဆိုခြင်း ခံရမှု ဖြစ်လေသည်။

သို့သော်…

ထူးဆန်းသည်မှာ ကျင်းကော့လန်သည် ယခုလိုငေါက်ငမ်းပြာဆိုမှုခံရမှုအတွက် စိတ်ဆိုးဒေါသမထွက်မိပေ။

ကျင်းကော့လန်က ဘာမျှဆက်မပြောတော့။

နှုတ်ပိတ်ကာ ဆိတ်ဆိတ်နေ၍ ကူမိုင်ခန်း ဆွဲခေါ်ရာသို့သာ ငြိမ်သက်စွာအလိုက်သင့်ပါလာခဲ့သည်။

လူချင်း ပူးကပ်နေသည် ဖြစ်ရာ ကူမိုင်ခန်းကိုအနီးကပ် မြင်နေရသည်။

ကူမိုင်ခန်း၏ ကိုယ်နှင့်လည်း ထိမိနေသည်။

အတော်ပင် ချောမောလှပသော စွဲမက်စရာ ကောင်းသည့် မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း သိမြင်ရသည်။

ဤမိန်းကလေး၏ သွက်လက်ရဲတင်းသော အမူအရာနှင့် မာမာထန်ထန်ပြောဆို လုပ်ဆောင်တတ်ပုံ ကလေးများကိုလည်း သဘောကျသလိုလိုဖြစ်မိသည်။

ဤသို့ဖြင့်...

ကျင်းကော့ထန်သည် ကူမိုင်ခန်းနှင့် တွေ့ဆုံခဲ့ရပြီး အမည်မျှပင် မသိရသေးခင်မှာပင် ကူမိုင်ခန်းအပေါ် စိတ်ဝင်တစား ရှိ၍လာခဲ့သည်။

မိမိ တွေ့ကြုံ၊ဆက်ဆံဖူးသူ များနှင့်မတူ ထူးခြားသောအပြုအမူအပြောအဆိုများရှိသည့် မိန်းကလေး တစ်ယောက်ကို အမှတ်ထင်ထင်ရှိနေမိသည်လားတော့ မပြောတတ်ပါ။


ထိုအချိန်မှာပင်...


“ရှူး ..ဒိုင်း”

“ရှူး ..ဒိုင်း”

ဟူသော အချက်ပေးမီးကျည် ပစ်ဖောက်သံနှစ်ချက် ဆက်တိုက်ပင် ကြားကြရသည်။

ပြေးလွှားနေရင်းမှ နောက်သို့ လှည့်ကြည့်လိုက်ကြရာ မြွေဖြူ စခန်း လျှိုမြောင်ကြီး၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့၏ ကောင်းကင်ယံသို့ အချက်ပေးမီးကျည် တစ်ခုစီ ထိုးတက်လာသည်ကို မြင်ကြရသည်။

တစ်ခုက အနီရောင် အချက်ပေး မီးကျည်။

ကျန်တစ်ခုကတော့ အဖြူရောင်။

မီးကျည် တစ်ခုနှင့်တစ်ခု အရောင်အဆင်းချင်းက မတူကြပါ။

အချက်ပြကာ လူစုကြခြင်းဖြစ်ကြောင်း ရိပ်စားမိသည့်အတွက် ကူမိုင်ခန်းက အပြေးနှုန်းကို ပိုမိုတိုးမြှင့်လိုက်သည်။

သို့သော်….

ကျင်းကော့ထန်ကိုတွဲခေါ်ယူနေရသည်ဖြစ်သောကြေင့် ပြေးလွှားမှုက စိတ်ထင်သလောက် မြန်ဆန်မလာ။

ကူမိုင်ခန်း အတော်ပင် မကျေမနပ် ဖြစ်လာသည်။

တကယ်စင်စစ်...

ကူမိုင်ခန်းသည် ကျန်းယိမင်းလောက် စိတ်ကောင်း စေတနာကောင်း ရှိသူတစ်ယောက် မဟုတ်ပါ။

သူတစ်ပါးကို အကူအညီပေးမှုလည်း အတော်ကို နည်းပါးသည်။

စိတ်ကောင်းဝင်သည့်အခါမျိုးတွင်မှ ရံဖန်ရံခါလောက်သာ သူတစ်ပါးအတွက် ကူညီဆောင်ရွက်ပေးမှုမျိုး ရှိတတ်သည်။


များသော အားဖြင့်တော့ မိမိ၏ စိတ်အလိုအတိုင်းသာ တစ်ပါးသူတွေ ဘာဖြစ်နေနေ ဇွတ်တရွတ် လုပ်တတ်သည်။

သွေးအေးအေးနှင့်လည်း ရက်စက်သည်။

သို့သော်…

ကျွန်းယိမင်း အပေါ်တွင်တော့ အတော်လေး ခင်မင်တိမ်းညွှတ်၍ နေ၏။

ယခု....

ကျင်းကော့ထန်ကို ဆွဲခေါ် ပြေးလွှားနေသည်မှာလည်း ကျင်းကော့ထန်အပေါ် စေတနာရှိလှသောကြောင့် မဟုတ်။

ကူမိုင်ခန်း၏ သဘောအရသာဆိုလျှင် ကျင်းကော့ထန် အသက်အန္တရာယ် ကြုံနေသည်ကို ကူညီကာကွယ် ပေးမည်မဟုတ်။


ကိုယ့်လမ်းကိုယ် ဆက်၍သာသွားမည်သာ ဖြစ်၏။

ကျန်းယိမင်းက ဝင်ရောက်ကာကွယ် ကူညီသောကြောင့်သာ ကူမိုင်ခန်းမှာ ကျန်းယိမင်းအပေါ် ခင်မင်တိမ်းညွှတ်သည့် စိတ်ဖြင့် ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကျင်းကော့လန်ကို သည်အတိုင်းပစ်ထားခဲ့ပြီး ရှောင်တိမ်းထွက်လာလျှင် ကျန်းယိမင်းလည်း လိုက်ပါ မည်မဟုတ်ဘဲ နောက်ချန်နေခဲ့မှာ သေချာသောကြောင့် ကူမိုင်ခန်းသည် စေတနာမရှိပါဘဲ ကျင်းကော့ထန်ကို ဆွဲယူခေါ်ဆောင်ခဲ့ရသည်။

ယခု....

အချက်ပေးမီးကျည်များ ပစ်လွှတ်သည်ကို တွေ့ရသော အခါ တစ်ဖက်လူများ လူစုကာ မိမိတို့နောက်သို့ အင်အားအလုံးအရင်းနှင့် လိုက်လာကြလေတော့မည်ဟု ကူမိုင်ခန်းတွေးဆမိသည်။

ထို့ကြောင့်..

 ခြေကုန်သုတ်ကာ ပြေးလွှားခဲ့ရာ ကျင်းကော့လန် ဖေးမ တွဲခေါ်နေရ၍ စိတ်ရှိသလောက် မြန်မြန်မပြေးနိုင်ရှိရာ ကူမိုင်ခန်း မကျေမနပ် ဖြစ်လာရပေသည်။

ကျင်းကော့ထန်ကို ပစ်ထားခဲ့ရန်ပင် စိတ်ကူးရမိသည်။

ကျန်းယိမင်း သဘောတူ လက်ခံမည်မဟုတ်မှန်း တွေးမိသောကြောင့်သာ အောင့်အည်း၍ နေရသည်။

ကူမိုင်ခန်း၏စိတ်ထဲတွင် ရှိနေသည်တို့ကို ကျန်းယိမင်းက သေသေချာချာ မသိပေ။

သို့သော်……

ကျင်းကော့ထန်ကို ဖေးမတွဲခေါ်နေရ၍ ကူမိုင်ခန်း ပြေးချင်သလောက် မြန်မြန်မပြေးနိုင်ဘဲ အနှောင့်အယှက်ဖြစ်နေသည်ကိုတော့ ရိပ်မိသည်။

“အဲဒီလူကို ကျွန်တော် ဆွဲခေါ်ခဲ့မယ်လေ၊ ဒါမှ ခင်ဗျား လွတ်လွတ်လပ်လပ် ပြေးနိုင်ပြီး ခရီးပိုတွင်မယ်”

ကျန်ယိမင်းက ဤသို့ပြောပြီး ကျင်းကော့တန်ကို ကူမိုင်ခန်းထံမှ လက်လွှဲ၍ ယူလိုက်သည်။

ကျန်းယိမင်းသည် တိမ်မီးခိုး ကိုယ်ပျောက်ပညာစွမ်းရည်ကို သုံးကာ ပြေးလွှားနေလေရာ ကျင်းကော့ထန်ကို ဆွဲခေါ်ရသည့်အတွက် ဘယ်လိုမှ အနှောင့်အယှက် မဖြစ်ပေ။


ခြေကုန်ပင် မပြေးလွှားရသေးဘဲ ကူမိုင်ခန်းနှင့် လူချင်းကွာမသွားရလေအောင် ပြေးရှိန်ကိုပင်ထိန်း၍နေရပေသည်။

ကျင်းကော့လန်ကို ဆွဲခေါ်စရာ မလိုတော့သည့်အတွက် ကူမိုင်ခန်း၏ ပြေးလွှားမှုက စောစောကထက် ပို၍မြန်လာလေ၏။

ခရီး ပို၍တွင်ကျယ်သည်။

ကျင်းကော့လန် အနေဖြင့်သာ ကူမိုင်ခန်းနှင့် ကပ်ကပ် ရှိမနေတော့သည့်အတွက် မကျေနပ်သလိုလို ဖြစ်သည်။

အချိန်အတန်ကြာ ပြေးလွှားလာခဲ့ကြရာ    မြွေဖြူ စခန်းလျှိုမြောင်နှင့် အတော်ကွာလှမ်းသည့် နေရာသို့ ရောက်လာကြသည်။

အပြေးရပ်ကာ ခေတ္တနားနေကြသည်။


အရိပ်မဲ့အဆိပ်၊ ငါးမန်းနက်နှင့်ငှက်မိစ္ဆာတို့သုံးယောက်သည် ကူမိုင်ခန်း၏ ပရိယာယ်ဆင်မှုကို တကယ် ထင်မှတ်ကာအလန့်တကြားပင် ရှောင်တိမ်းနောက်ဆုတ်လာခဲ့မိကြသည်။

သို့သော်…….

အချိန်အနည်းငယ် အတွင်းမှာပင် မိမိတို့စိုးရိမ်ထိတ်လန့်နေကြသလို စီးရိနယ်စား နန်းဆောင်မှ သိုင်းသမားများဝန်းရံနေခြင်း မရှိသည်ကို သိရှိသွားကြသည်။

ထို့ပြင်...

ကျန်းယိမင်း၊ ကူမိုင်ခန်းနှင့် ကျင်းကော့လန်တို့ သုံးယောက်သားမြွေဖြူ စခန်း လျှို မြောင်ကြီး အရှေ့ ဘက်ကမ်းပါးစွန်းထိပ်သို့ ပြေးလွှားတက်ရောက်သွားကြသည်ကိုလည်း ရိုးခနဲရိပ်ခနဲ လှမ်းမြင်ကြပြန်သည်။

အရိပ်မဲ့အဆိပ်က ကျန်ရှိနေသေးသော မိမိ၏ လူများပြန်လည် စုစည်းနိုင်ရန်အတွက်၊ အချက်ပေးမီးကျည်ကိုပစ်လွှတ်လိုက်လေသည်။

တစ်ဖက်တွင်လည်း …

မုတ်ဆိတ်နီကြီး လူစုသည် ကျင်းကော့လန်ကို အကာ အကွယ်ပေးနိုင်ရန် ပြေးလိုက်ကြရင်း မျက်ခြည်ပြတ်ကာ လမ်းလွဲလျက် မြွေဖြူ စခန်း လျှိုမြောင်ကြီး၏ အနောက်ဘက်

 ပိုင်းဆီသို့ ရောက်ရှိသွားကြသည်။

အရိပ်မဲ့အဆိပ်တို့ တွေးတောမိကြသလိုပင် သူတို့တွင် အရန်အင်အားများ ပါရှိလာပြီး အရေးပေါ်လိုအပ်မှခေါ်ယူနိုင်ရန် တပ်ဖျောက် ပုန်းအောင်းနေကြသည်။

ဤသို့တပ်ဖျောက် ပုန်းအောင်းနေကြသော စီးရိနယ်စား နန်းဆောင်မှ သိုင်းသမားများကို ခေါ်ယူနိုင်ရန်အတွက် မုတ်ဆိတ်နီကြီး အချက်ပေးမီးကျည် ပစ်လွှတ်လိုက်သည်။

အကြောင်း တိုက်ဆိုင်စွာပင်..

မုတ်ဆိတ်နီကြီးတို့၏ မီးကျည် ပစ်လွှတ်မှုနှင့် အရိပ်မဲ့အဆိပ်တို့သည်

တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြစ်၍သွားခဲ့ကြသည်။ 

မီးကျည် အရောင်ချင်းပဲ ကွဲပြားသည်။

အရိပ်မဲ့အဆိပ်တို့၏ အရောင်က အဖြူ ရောင်။

မုတ်ဆိတ်နီကြီးတို့၏ မီးကျည်က အနီရောင်။

ဤသို့ဖြင့်…

တပ်ဖျောက် ပုန်းအောင်းနေလေသော ကျင်းကော့ထန်၏ ဘက်တော်သား စီးရိနယ်စားနန်းဆောင်မှ သိုင်းသမားများသည် မြွေဖြူ စခန်း၏ အနောက်ဘက်ပိုင်းတွင် စုစည်းမိကြသည်။

ကြူအုန်းယို ခေါင်းဆောင်သော ကျင်းလှယောင်၏ လက်ပါးစေ သိုင်းသမားများမှာလည်း လျှိုမြောင်ကြီး၏ အရှေ့ဘက်ပိုင်းတွင် ပေါင်းစည်းမိသွားသည်။

တစ်ဖက်၏အချက်ပေး မီးကျည်ပစ်ဖောက်မှုကို အခြားတစ်ဖက်မှ လူများကလည်း မြင်ကြရပေရာ လူများစုစည်း ခေါ်ယူနေသည့်အကြောင်းကို တစ်ဖက်နှင့်တစ်ဖက် ရိပ်မိ သိရှိကုန်ကြသည်။

“ကျွန်တော်တို့ နယ်စားမင်းသားလေးကို အမီလိုက်နိူင် သုတ်သင် ပစ်တော့မယ့် ဆဲဆဲမှာ ကောင်လေး တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီး စွက်ဖက်နှောင့်ယှက်လို့ မအောင်မြင်ခဲ့ပါဘူး”

အရိပ်မဲ့အဆိပ်က ဤသို့ အစချီကာ ဖြစ်ပျက်ပုံများကို ကြူ အုန်းယိုတို့လူစုအား အကျဉ်းချုပ်ရှင်းပြသည်။

“အဲဒီကောင်လေးနဲ့ ကောင်မလေးက သိုင်းပညာ အတော်ကောင်းကြသလား”

ကြူ အုန်းယိုက မေးသည်။

“ကောင်လေးက သိုင်းပညာတော်တော်ကောင်းတယ်၊ ဒါပေမယ့် ရိုးရိုးစင်းစင်းပဲ တိုက်ခိုက်တတ်တယ်၊ ပရိယာယ် မများဘူး”

အရိပ်မဲ့အဆိပ်ကပြန်ဖြေသည်။

“ကောင်မလေးကတော့ သိုင်းပညာ သိပ်မကောင်းဘူး၊ ပရိယာယ်တော့ အတော်ကိုများတယ်”

ငါးမန်းနက်က ဝင်ပြောသည်။

“အဲဒီကောင်မလေးနဲ့    ကောင်လေးက စီးရှိနယ်စားနန်းတော်က သိုင်းသမားတွေ မဟုတ်ဘဲနဲ့ အခုလိုဝင်စွက်ဖက်တိုက်ခိုက်ကြတာကတော့ စဉ်းစားစရာပဲ…”


“ကျင်းကော့ထန်နဲ့ ပတ်သက်မှု တစ်ခုခုရှိကောင်းရှိနိုင်

တယ်၊ ဘာပဲ ဖြစ်ဖြစ် သူတို့နောက်ကို ခြေရာခံ လိုက်ကြမယ်”

ကြူအုန်းယိုက ထိုသို့ ပြောကာ ကျင်းလုယောင် ထံသို့ အကျိုးအကြောင်း သတင်းပို့ အကြောင်းကြားရန်   လူတစ်ယောက်အား ဆက်သားအဖြစ် စေလွှတ်လိုက်သည်။

ကျန်လူများကို ကြူအုန်းယိုက ဦးဆောင်ကာ မြွေဖြူ စခန်းလျှိုမြောင်ကြီး၏ အရှေ့ဘက် ကမ်းပါးထိပ်ပေါ်သို့တက်ကာ ကျင်းကော့ထန်တို့ကို ခြေရာခံ၍ အပြင်းပင်လိုက် သွားကြလေသည်။

တစ်ဖက်တွင်လည်း မုတ်ဆိတ်နီကြီးက မိမိတို့ တွေ့ကြုံပြစ်ပျက်ခဲ့သည်များကို မိမိ၏ လူများအား အကျဉ်းချုပ်ပြောပြသည်။

စီးရိနယ်စားနန်းဆောင်သို့ ဖြစ်ပျက်ပုံ အကြောင်းများသတင်းပို့ရန် ဆက်သား စေလွှတ်လျက် ကျန်လူများကတော့ ကျင်းကော့ထန်ကို ရှာဖွေရန် ထွက်လာ ခဲ့ကြလေသည်။


ပထမဆုံး မြွေဖြူ စခန်း လျှို မြောင်ကြီးအရှေ့ ဘက်ပိုင်းမှ အချက်ပေး မီးကျည်ပေါ်ထွက်ခဲ့ရာနေရာသို့ သွားရောက်စစ်ဆေးကြည့်ရှုကြသည်။

ထိုနေရာ အနီးအနားတွင် တိုက်ခိုက်မှုများ ဖြစ်ပွားသည့် လက်စလက်န များနှင့် ခြေရာများကို တွေ့ရလေသည်။

ခြေရာ လမ်းကြောင်းသည် လျှိုမြောင်ကြီး၏ အရှေ့ဘက်ကမ်းပါးထိပ်သို့တက်သွားရာ မုတ်ဆိတ်နီကြီးတို့ လူစုလည်း ထိုခြေရာများ အတိုင်း လိုက်သွားကြ လေတော့သည်။


Comments

Popular posts from this blog

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၂ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၃ )