သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၈ )

 အခန်း ( ၈ )

ဝုန်း……

ပြင်းထန်သော လေတိုးသံနှင့်အတူ လက်ဝါး ရိုက်ချက်တစ်ချက် အရိပ်မဲ့အဆိပ်ထံသို့ ဝင်ရောက်လာသည်။

အရိပ်မဲ့အဆိပ်၏ အာရုံများသည် ကျင်းကော့ထန် သို့သာ စုစည်းရောက်ရှိနေခိုက် ဖြစ်ရာ ရှောင်တိမ်းရန် အခွင့်မသာခဲ့ပေ။


ဘယ်ဘက်လက်ပြင်ကို လက်ဝါးရိုက်ချက်တစ်ချက် အထိ ခံရပြီး ကိုယ်ခန္ဓာမှာလည်း တစ်ပတ်လည်၍ ထွက်သွာလေသည်။


သူ့အား လက်ဝါးဖြင့် ဝင်ရောက်ရိုက်နှက် တိုက်ခိုက်သူမှာ ကျားသစ်ရေ ကိုယ်ကြပ်အင်္ကျီကို ဝတ်ဆင်ထားသောလူထွားကြီးပင် ဖြစ်ပေသည်။

တကယ်စင်စစ်....

လူထွားကြီးတို့ လူစုသည် ပြန်ပေးသမားများသာ ဖြစ်ကြသည်။

သူတို့ပြန်ပေးဆွဲသော ကျင်းကော့ထန်အတွက် ရတနာသေတ္တာ ရရှိခဲ့ပြီး ကျင်းကော့ထန်ကိုလည်း မုတ်ဆိတ်နီကြီးလက်ထဲသို့ လွှဲအပ်ပေးပြီးပြီ ဖြစ်၏။

ကျင်းကော့ထန် ဘာပဲဖြစ်ဖြစ် သူတို့နှင့် မသက်ဆိုင်တော့ပါ။


သို့ ရာတွင်…

သူတို့လို သွားလိုရာလျှောက်သွားနေကြသည့် ခြေသလုံး အိမ်တိုင် သိုင်းသမားများသည် သီးခြားလွတ်လွတ်လပ်လပ် နေထိုင် လုပ်ဆောင်မှုများကို အလွန်နှစ်သက်သူတွေ ဖြစ်ကြသည်။


သူတစ်ပါး၏ အရေးကိစ္စများတွင်လည်း ဝင်ရောက် ပါဝင်ပတ်သက်ခြင်းများ ပြုလေ့မရှိကြ။

သူတို့၏အလုပ်တွင်...

အခြားသူများက ဝင်ရောက် ပတ်သက် ရှုပ်ထွေးလာသည်ကိုလည်း မနှစ်သက်ကြ။

ယခု

အရိပ်မဲ အဆိပ်တို့လူစုက ကျင်းကော့ထန်ကို အန္တရာယ် ပြုလို၍ အလစ်ချောင်းမြောင်း တိုက်ခိုက်မှုသည် မိမိတို့၏ ကိစ္စကို ဝင်ရောက် စွက်ဖက်သည်ဟု ခြေသလုံးအိမ်တိုင်သိုင်းသမားများက ယူဆကြသည်။

လူထွားကြီးလည်း အတော်ခံပြင်း ဒေါသထွက်မိသည်။

ထို့ကြောင့်..

အရိပ်မဲ့အဆိပ်ကို ဝင်၍တိုက်ခိုက်ရာ ကျင်းကော့ထန်ကို ကူညီကာကွယ်ပေးသလို ဖြစ်သွားပေတော့၏။

အရိပ်မဲ့ အဆိပ်၏ ဓားချက်သည် ကျင်းကော့ထန်ကို မထိတော့။

သို့ရာတွင် …

အရိပ်မဲ့အဆိပ်၏ ကိုယ်ခန္ဓာ လက်ဝါးရိုက်ချက်ကြောင့် လည်ထွက်သွားသောအခါ သူ၏ ညာဘက်လက်ထဲရှိ လခြမ်း ပုံ ဓားပျော့၏ ခုတ်ချက်ကလည်း တိမ်းစောင်းဝေ့ဝိုက်၍ သွားသည်။

ဤအခါတွင် အလွန်ထူးခြားသောအကြောင်းတိုက်ဆိုင်မှု ဖြစ်ပေါ်လာခဲ့သည်။

တိမ်းစောင်းဝေ့ဝိုက်သွားသောဓားချက်မှာ မည်သည့် သိုင်းကွက်လိုင်းဟန်မျှ မဟုတ်ပါ။

ကိုယ်ခန္ဓာ၏ ဟန်ချက် တိမ်းစောင်း ပြောင်းလဲသွားမှု ကြောင့် လခြမ်းပုံ ဓားပျော့ကို ကိုင်ထားသည့် ညာဘက် လက် အနေအထား ပုံမှန်မဟုတ်တော့ဘဲ တစ်မျိုးတစ်ဖုံ ပြောင်းကာ ဓားခုတ်ချက် လမ်းကြောင်းကလည်း အလို အလျောက် ဝေ့ဝိုက်တိမ်းစောင်းသွားမှသာလျှင် ဖြစ်လေ

သည်။

သဘာဝကြောင့်ဖြစ်ပေါ်လာမှုများသည် တစ်ခါတစ်ရံတွင် လူတို့ ဖန်တီးပြုလုပ်မှုများထက် ထူးခြားဆန်းကြယ် တတ်ပေရာ ယခုလည်း ဤဓားချက် တိမ်းစောင်း သွားမှု ကလေးသည် အဆင့်မြင့်ဆုံးသော ဓားသိုင်းကွက် ထက်ပါ ဆန်းပြားထက်မြက်၍ သွားလေ၏။

ထူးထွေဆန်းပြားသော သဘာဝဓားသိုင်းတစ်ခု အလိုအလျောက် ဖြစ်ပေါ်သွားသည်ဟုပင် ဆိုရပေမည်။

"ဝှစ်...."


ခုတ်ချက်အားကလည်း မပျော့မပျောင်း။

အလောတော် အနေအထားဖြစ်ကာ လေခွင်းသံသဲ့သဲ့ မြည်သည်။

လခြမ်းပုံ ဓားပျော့၏ ခုတ်ချက်လမ်းကြောင်း တိမ်းစောင်းလာသည်ကို ရိုးခနဲရိပ်ခနဲ မြင်ရသည့်အတွက် ကျားသစ်ရေ ကိုယ်ကျပ်အင်္ကျီဝတ် လူ့ထွားကြီးက လှစ်ခနဲ ရှောင်လိုက် ပါသေးသည်။

မည်သည့် သိုင်းကွက်ပုံစံမျှ မဟုတ်သော်လည်း အလွန် ဆန်းပြား ထက်မြက်သည့် စွမ်းပကား ပါရှိနေလေသော သဘာဝအလျောက် လှုပ်ရှားဖြစ်ပေါ်မှု ဓားခုတ်ချက်ကို လူထွားကြီး လွတ်အောင် မရှောင်တိမ်းနိူင်။

“ဒုတ်….”


ထက်မြက်နေသော လခြမ်းပုံ ဓားပျော့သည် လူထွား

ကြီး၏ ညာလက်မောင်းရင်းနေရာကို တိတိရိရိ ခုတ်မိလေသည်။

“အား….”

မထင်မှတ်ဘဲ ဓားခုတ်ချက် အထိခံလိုက်ရ လေသောကြောင့် လူထွားကြီးမှာ ထိတ်လန့်တကြားပင် အော်ဟစ်လိုက်မိသည်။

 အလွန်လည်း ထိတ်လန့်တုန်လှုပ်သွားရာ သိုင်းကွက်သိုင်းဟန်တွေပျက်ပြားရှုပ်ထွေးကုန်၏။

အကယ်၍ အရိပ်မဲ့အဆိပ်ကသာ နောက်ထပ် ဆင့်ကဲဓား ခြားချက်တစ်ချက် ဆက်လက် ခုတ်ပိုင်းချလိုက်လျှင် လူထွားကြီးမှာ အသက်နှင့်ကိုယ် အိုးစားကွဲသွားမည်မလွဲပေ။

သို့သော်…

အရိပ်မဲ့အဆိပ်သည် ကျင်းကော့ထန်ကိုသာ အဓိကပစ် မှတ်အဖြစ် သဘောထားပေရာ ကျားသစ်ရေ ကိုယ်ကျပ် အင်္ကျီဝတ်လူထွားကြီးကို မမျှော်လင့်သော ဓားချက် တစ်ချက်နှင့် အထိနာအောင် ခုတ်ချနိုင်ပြီးသည့်နောက် လှည့်၍ပင် ကြည့်မနေတော့။

ကျင်းကော့ထန်ဘက်သို့သာ ဦးတည်လိုက်သည်။

ထိုအချိန်တွင် ကျင်းကော့လန်မှာ ခြေကုန် သုတ်ကာ အတင်းပြေးလွှားသွားလေပြီ။


အရိပ်မဲ့အဆိပ်လည်း ကျင်းကော့လန်၏ နောက်သို့ အတင်းပြေးလိုက်၏။

“ကိုယ်တော်လေး အရမ်းမပြေးပါနဲ့”

မုတ်ဆိတ်နီကြီးက လှမ်းအော်တားမြစ်သေးသော်လည်း မမှီတော့။

ကျင်းကျော့ထန်နှင့် အရိပ်မဲ အဆိပ်တို့နှစ်ယောက် သစ်ပင် ချုံနွယ်များ အကြားသို့ ပြေးလွှား တိုးဝင်သွားလေပြီ။

“ကိုယ်တော်လေးနောက်ကို အမြန်ဆုံးလိုက်ပြီး အကာအကွယ်ပေးကြဟေ့”

မုတ်ဆိတ်နီကြီးသည် ပါးစပ်မှအော်ဟစ်ပြောဆိုရင်း လူကလည်း အတင်းပြေးထွက်သွားသည်။

ငါးမန်းနက်နှင့် ငှက်မိစ္ဆာတို့၏လက်ချက် မမိသေးသော နီညိုရောင် ဝတ်စုံဝတ် စီးရိနန်းတွင်း သိုင်းသမားသုံးယောက် မုတ်ဆိတ်နီကြီး၏နောက်ပါးမှ ပြေးလွှားလိုက်ပါသွားကြသည်။

ထိုသုံးယောက်တို့၏နောက်မှ ငါးမန်းနက်နှင့် ငှက်မိစ္ဆာတို့လည်း ပြေးလိုက်သွားကြ၏။

သရဲဓားနှင့် ငရဲမီးတို့နှစ်ယောက်မှာမူ ခြေသလုံးအိမ်တိုင် သိုင်းသမားများနှင့် ဆက်လက်၍တိုက်ခိုက်ရင်း နေခဲ့ကြသည်။


ခြေသလုံးအိမ်တိုင် သိုင်းသမားများသည် အစွမ်းအစ သေးသူများမဟုတ်ကြ သော်လည်း သရဲဓားနှင့် ငရဲမီးတို့ကိုမူ မယှဉ်နိုင်ကြ။ သရဲဓားနှင့်ငရဲမီးတို့၏ ကြမ်းတမ်း ရက်စက်စွာ တိုက် ခိုက်ခြင်းကို မရှုမလှခံကြရကာ သေသူသေ၊ နာသူနာ ဖြစ်လျက် ပြေးသူကပြေးပြီး ဖရိုဖရဲ ပြိုကွဲ၍ သွားကြလေ

တော့သည်။


Comments

Popular posts from this blog

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၂ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၃ )