သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၇)

 အခန်း ( ၇ ) 


အရေးအကြီးဆုံး အချိန်အခါသို့ ရောက်လာပြီ။

နယ်စားမင်းသားလေးကျင်းကော့ထန်နှင့် ငွေအသပြာ ဆယ်သိန်း အဖိုးထိုက်သော ရတနာပစ္စည်းများ အလဲ အလှယ် လုပ်ကြတော့မည်။


ကြိုတင်သဘောတူညီချက်အတိုင်း...

နှစ်ဖက်လုံး မည်သည့် လက်နက်မျှ ယူဆောင်မလာဘဲ လူအင်အားချင်းကလည်း အရေအတွက် အတူတူ ဖြစ်နေ ပေရာ အကောက်ကြံ တိုက်ခိုက်မှုများ ပြုလုပ်မည်ဟုလည်း မည်သည့်ဘက်ကမှ မထင်ခဲ့ကြပေ။

အလဲအလှယ် အပေးအယူ ရှောရှောရှူရှူ ဖြစ်သ လိမ့်မည်ဟု ယုံကြည်ကြ၏။ 

သို့စဉ်တိုင်.. 

နှစ်ဖက်လုံးရှိ လူများ အတော်ပင် စိတ်လှုပ်ရှားနေ လေသည်။ 

စိတ်ထင့်နေကြလေသည်။

ကျင်းကော့ထန်ကို ခေါ်၍လာသော လူထွားကြီး ယွန်းသေတ္တာ ယူလာသည့် မုတ်ဆိတ်နီနှင့် လူကြီးတို့ တစ်ယောက်ကို တစ်ယောက် အကဲခတ်သလို စူးစိုက်ကြည့်ကြသည်။

ထို့နောက်……

မုတ်ဆိတ်နီနှင့် လူကြီးက ယွန်းသေတ္တာကို ဖွင့်၍

ယွန်းသေတ္တာထဲတွင်…

ကျောက်မျက်ရတနာမျိုးစုံတို့သာမက ရွှေတုံးရွှေခဲများ ရှိရာ ပြိုးပြိုးပြက်ပြက် အရောင်များ လင်းလက်၍သွားသည်။

လူထွားကြီးက… ကျေနပ်သဘောကျသည့် အသွင်ဖြင့် ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။

“မင်းသားလေး…ကြွနိုင်ပါပြီ”

လူထွားကြီးက…….

ကျင်းကော့ထန်ကို ပြောလိုက်၏။

ကျင်းကော့ထန်၏ လက်မောင်းကို ဆုပ်ကိုင်ထားသည့် လက်အား ဖြေလွှတ်ပေးသည်။

ထို့နောက်….

ညာဘက်လက်ကို အသာဆန့်တန်း၍ ကမ်းလင့်လိုက် လေသည်။

ကျင်းကော့ထန် ရှေ့သို့ လျှောက်လှမ်းသွားသည်။

မုတ်ဆိတ်နီနှင့်လူကြီးက ဆန့်တန်းလာသောလူထွားကြီ ၏ လက်ထဲသို့ ယွန်းသေတ္တာကိုထည့်ပေးလိုက်၏။ လူထွားကြီးက ယွန်းသေတ္တာကို ရယူလိုက်၏။

အလဲအလှယ် ချောမော ပြီးစီးသွားပြီ။

ငြိမ်သက်စွာ ရပ်ကာ ကြည့်နေကြလေသော နှစ်ဖက် အုပ်စုမှလူများ စိတ်ထဲမှ ဟင်းခနဲသက်ပြင်းကြီးတွေချလိုက်ကြသည်။

သူတို့၏ စိတ်ထဲတွင် ထင့်နေမှုတို့ကား မပျောက်ကြသေး။

ထိုအချိန်မှာပင်...

“အီးယားယား..အီးယား”

,

“ဝါး လားလား....”


“ဝူး လူးလူး..”


“ဝေးဟေး ဟေး....”


“ကျားယားယားကျား”

ကျယ်လောင်သော အော်ဟစ်သံကြီးများနှင့် အတူ မြေကြီးများ အုံကြွ၍ တက်လာသည်။

ထို့နောက်…

မြေကြီးထဲမှ ထူးဆန်းသောသတ္တဝါကြီးများ အလျှိုလျှို ပေါ်ပေါက် လာကြလေတော့သည်။

“ဟာ...မြေဖုတ်ဘီလူးတွေ”

ခြေသလုံး အိမ်တိုင်သိုင်းသမား တစ်ယောက်က အလန့်တကြားအော်လိုက်၏။

မြွေဖြူ စခန်း လျှိုမြောင်ကြီးထဲမှ ထူးဆန်းသော အသံဗလံများ ပေါ်လာသည်ကို ကျန်းယိမင်းနှင့် ကူမိုင်ခန်းတို့ နှစ်ယောက်ကြားလိုက်ကြရ၏။


“အီးယား...အီးယား”

“ဝါးလားလား….”

“ဝူးလူးလူး..”

ဝေးဟေးဟေး....”

“ကျားယားယား…ကျား”

အသံများက အတော်ကျယ်လောင်သည်။

လျှို မြောင် အောက်ခြေမှ ထိုအသံများကို လျှိုမြောင် အရှေ့ ဘက်ကမ်းပါးယံထိပ်တွင် ရှိနေကြလေသော ကျန်းယိမင်းတို့ နှစ်ယောက် ထင်ရှားပြတ်သားစွာ ကြားလိုက် ကြရသည်။

အသံတွေကို ပီပီပြင်ပြင် ထင်ထင်ရှားရှား ကြားကြ

သော်လည်း ဘာသံတွေမှန်းတော့ တိတိကျကျ ဝေခွဲမသိနိုင်ကြ။


“ဟော..ဘာသံတွေလဲ”

ကူမိုင်ခန်းက ကျန်းယိမင်းကို ဆတ်ခနဲ လှမ်းကြည့်ပြီး မေးခွန်းထုတ်လိုက်လေ၏။

ကျန်းယိမင်းက ခေါင်းကို ခါယမ်းပြကာ….

“မပြောတတ်ဘူး၊ အတော်တော့ ဆန်းတယ်”

“မြွေဖြူ စခန်း လျှိုမြောင်ကြီးအောက်ခြေမှာ တစ်ခုခုတော့ ဖြစ်နေပြီ”

“ဟုတ်လိမ့်မယ်”

လျှိုမြောင်ကြီးထဲမှာ ဆူဆူညံညံ အသံများ ဆက်တိုက် ဆိုသလိုပင် ထပ်မံပေါ်ထွက်၍ လာပြန်သည်။

ဤအသံများ ကိုတော့ စောစောက ကြားလိုက်ရသောအသံကြီးများလို သဲကွဲ ပီပြင်စွာ မကြားကြရ။

ဝိုးတဝါး လုံးထွေးနေ၏။

“ဟော…အသံတွေ ထပ်ကြားရပြန်ပြီ၊ လာ….ကျွန်မတို့ ဆင်းကြည့်ကြရအောင်”

ပြောပြောဆိုဆို .. ကူမိုင်ခန်းသည်    မြွေဖြူ စခန်းလျှို မြောင်ကြီးထဲသို့ ပြေးဆင်းသွား၏။

တောရိုင်းတိရစ္ဆာန်များ ဆင်းတက်ရာမှဖြစ်ပေါ်နေ တူသော လမ်းကြောင်း ဖုံဖုံကလေး အတိုင်း ပြေးဆင်း

သွားခြင်းဖြစ်သည်။

ကျန်းယိမင်းမှာ အခြားတစ်ပါးသော ကိစ္စများ စပ်စပ်စုစု ပါဝင်လိုစိတ် မရှိသော်လည်း ကူမိုင်ခန်း

 ဆင်းသွားလေပြီမို့မနေသာတော့ဘဲ နောက်မှ လိုက်သွားရလေသည်။

သူသည် ကူမိုင်ခန်းအား သူငယ်ချင်း မိတ်ဆွေ

ယောက်အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်ရာ မည်သို့ အန္တရာယ်တွေရှိမှန်း မသိသည့် နေရာကို ကူမိုင်ခန်းတစ်ယောက်တည်း ဆင်းပြေးသွားသည်ကို သည်အတိုင်း လက်ပိုက်ကြည့်ကာ နောက်ကျန် မနေလိုပေ။

ထို့ပြင်...

ကြားရသော အသံများကို စိတ်ဝင်စားနေရာအကျိုး အကြောင်းကို သိလိုသည့် စိတ်ကလည်းရှိနေ၏။

ကျန်းယိမင်းသည် သူတစ်ပါး ကိစ္စများတွင် စပ်စပ်စုစု မပါဝင် မပတ်သက်လိုသော်လည်း စိတ်နေ စိတ်ထား ကောင်းမွန်သူ ဖြစ်သည့်အတိုင်း ဘေးဒုက္ခ တွေ့ကြုံနေကြ ဟန် သူများကိုတော့ အကူအညီပေးရန် အမြဲအသင့် ရှိနေလေသည်။

ယခု ကြားရသော အသံဗလံများသည် ဘေးအန္တရာယ် ကြုံကာ အတိဒုက္ခ ရောက်နေကြသူများနှင့် ဆက်နွှယ်ပတ် သက်မှုရှိနေလျှင် ကူညီနိူင်သည်ကို ကူညီပေးရန် စိတ်ကူးကလည်း ရှိနေပြန်သည်။


ဤသို့ ပြေးဆင်းလာကြရင်း လျှိုမြောင်အောက်ခြေ ပိုင်းတစ်နေရာသို့ အရောက်တွင်...


မြေကြီးထဲမှ ခုန်ကြွတက်လာကြသည်မှာ ထူးဆန်းသည့် သတ္တဝါကြီး ငါးကောင်ဖြစ်သည်။

ထိုသတ္တဝါကြီး ငါးကောင်၏ ကိုယ်လုံးမှာ မြေကြီး

နှင့် ဖုန်များ ပေကျံ၍နေသည်။

မြေကြီးထဲမှ ခုန် ကြွ တက် လာ ပြီး သည် နှင့် တရကြမ်းပင် တိုက်ခိုက်ကြလေသည်။

တစ်ဦးက ကျင်းကော့ထန်တို့ သုံးယောက်ရှိရာသို့

ဝင် တိုက်ခိုက်၏။

ကျန်လေးယောက်က ရပ်ကြည့်နေကြလေသော လူအုပ်စု နှစ်စုထံသို့ နှစ်ယောက်ခွဲကာ ပြေးဝင်တိုက်ခိုက်ကြ၏။

ခြေသလုံးအိမ်တိုင် သိုင်းသမားတစ်ယောက်က..

“ဟာ..မြေဖုတ်ဘီလူးတွေ” ဟု အလန့်တကြား အော်ဟစ်လိုက်သံသည် ကြားရသူများကို စိတ်ထဲဝေဇဝါ ဖြစ်ကုန်စေ၏။

မြေဖုတ်ဘီလူးတွေ ပေါ်ထွက်လာကြလေသလားဟု အများစုက မှတ်ယူကာ တုန်လှုပ် ချောက်ချား ကုန်ကြ

သည်။

ထို့ကြောင့်...


ပွဲဦးထွက် တိုက်ခိုက်မှုတွင် ခြေသလုံးအိမ်တိုင် သိုင်းသမားနှင့်. နီညိုရောင်ဝတ်စုံဝတ်လူများ အတော်လေးအထိ နာကုန်ကြ၏။


ထိုသို့အထိနာအောင် အတိုက်ခံရပြီးသော အခါတွင်မှ မိမိတို့ရင်ဆိုင်နေရသည်မှာ မြေဖုတ်ဘီလူးတွေမဟုတ်ဘဲ မြေကြီးထဲတွင် တူးကာ အပေါ်မှ မြေကြီးနှင့်ဖုန်များ ဖုံးကွယ်

ပုံဖျက်လျက် ပုန်းအောင်းနေကြရာမှ ရုတ်တရက် ခုန်ထွက်တိုက်ခိုက်လာကြသည့် သိုင်းသမား လူကြမ်းကြီးများ ဖြစ်ကြောင်း သိကုန်ကြ၏။

ဤသို့ သိကြပြီးသည်နှင့် ကျန်နေသေးသည့် လူများသည်သိုင်းသမား လူကြမ်းကြီးများကို အပြင်းအထန် ရင်ဆိုင် တိုက်ခိုက်ကြလေတော့၏။

မြေဖုတ်ဘီလူးအသွင် ထင်ယောင်မြင်မှား ဖန်တီးတိုက် ခိုက်ကြသူ ငါးယောက်မှာ ကျင်းလုယောင်၏ လက်ပါးစေ သိုင်းသမားများဖြစ်ကာ အရိပ်မဲ့အဆိပ်၊ သရဲဓား၊ ငရဲမီး၊ ငါးမန်းနက်နှင့် ငှက်မိစ္ဆာဟူသော လျှို့ ဝှက်အမည်များ ခံယူ ထားကြလေသည်။


ကျင်းလုယောင်သည် စီးရိနယ်စား မင်းသားလေကျင်းကော့ထန်ကို မကောင်းကြံရန် အမြဲပင် အားထုတ်နေရာ ကျင်းကော့ထန်အား ပြန်ပေးဆွဲသွားသည့် သတင်း အစအန ရရှိသည်တွင် တစ်ဖက်နှင့်တစ်ဖက် အပေးအယူ အလဲအလှယ်လုပ်သည့် နေရာတွင် အပိုင်ဖမ်း ချေမှုန်းပစ်ရန် စိတ်ကူးရပြီး ယခုလိုစီစဉ်ခဲ့ခြင်း ဖြစ်ပေသည်။

ဤအစဉ်ကို ကျင်းလုယောင်၏ ညာလက်ရုံး ကြူအုန်းယို ကိုယ်တိုင် ဦးစီးကာ လက်ပါးစေ သိုင်းသမား ခုနှစ်ဦးပါဝင်သည်။

ရင်ဆိုင်တိုက်ခိုက်မှုကို အရိပ်မဲ့အဆိပ် ငါးယောက်က ဖန်တီးပြုလုပ်ပြီး ကြူအုန်းယိုနှင့် ကျန်လက်ပါးစေသိုင်း သမား နှစ်ယောက်တို့က စစ်ကူအဖြစ် ပုန်းအောင်အသင့်ရှိနေကြသည်။


ကျင်းကော့ထန်တို့ထံသို့ ပြေးဝင်တိုက်ခိုက်သူမှာ အရိပ်မဲ့ အဆိပ် ဖြစ်၏။

သရဲဓားနှင့် ငရဲမီးတို့က ခြေသလုံးအိမ်တိုင်သိုင်းသမား အုပ်စုကို ဝင်တိုက်ကာ ငါးမန်းနက်နှင့် ငှက်မိစ္ဆာတို့က နီညို ရောင်ဝတ်စုံဝတ် စီးရိ နန်းတွင်းသိုင်းသမားအုပ်စုကို ဝင်တိုက်ခိုက်သည်။

မုတ်ဆိတ်နီကြီးနှင့် လူထွားကြီးမှာလည်း မြေကြီးထဲမှ ခုန်ထ တိုက်ခိုက်လာကြသူများကို ရုတ်တရက် တွေ့မြင်ကြရသောအခါ အံ့အားတသင့် ဖြစ်ကုန်ကြ၏။

သို့သော်….

သူတို့နှစ်ယောက်သည် ဤလူများကို မြေဖုတ်ဘီလူးများဟု အခြားလူများကဲ့သို့ ထင်မှတ်မှားခြင်းသာ ဖြစ်ကြသည်။

မမျှော်လင့်သော နေရာမှ မထင်မှတ်ဘဲနှင့် ရုတ်တရက် ပေါ်ထွက် တိုက်ခိုက်လာမှုကြောင့် အံ့အားသင့်သွားရခြင်းသာ ဖြစ်ကြ၏။


အလစ်အငိုက်လည်း အမိမခံရပေ။

ပြေးဝင်လာသော အရိပ်မဲ့အဆိပ်သည် ဦးတည်ရာ နေရာသို့ လူမရောက်မီ လက်နက်ပုန်းသုံးခုကို ရှေ့ပြေးအအဖြစ် ပစ်လွှတ်လိုက်သည်။


“ဝှစ်....”

“ဝှီး....”

“ရွှီး....”


လက်နက်ပုန်းသုံးခု၏ လေခွင်းသံကမတူ။ လက်နက်ပုန်းများသည် လမ်းကြောင်း သုံးကြောင်း ခွဲလျက် လူထွားကြီး ၊ ကျင်းကော့ ထန်နှင့် မုတ်ဆိတ်နီ တို့ သုံးယောက်ထံသို့ တစ်ခုစီတန်း၍ ဝင်လာကြသည်။

လက်ဆပြင်းကာ လက်နက်ပုန်း ပစ်လွှတ်လိုက်သည့် လမ်းကြောင်းကလည်း ဖြောင့်တန်းတည့်မတ်သည်။


“ယိစ်....”

လူထွားကြီး ပါးစပ်မှ အော်ဟစ်ကာ ခုန်လွှား ရှောင်တိမ်း ပေးလိုက်သည်။


လက်နက်ပုန်းသည် လူထွားကြီး၏နံဘေးမှ သီသီကလေး ကပ်ကာ လွဲချော်၍ ထွက်သွားသည်။

မုတ်ဆိတ်နီကြီး၏ သိုင်းပညာအဆင့်ကလည်း မနိမ့်ပါ။

လူထွားကြီးထက်ပင် အနည်းငယ် သာလွန်သည်။

လူထွားကြီးနည်းတူ ရှောင်တိမ်းမည်ဆိုပါက သူ့ထံသို့ တန်းဝင်လာသော လက်နက်ပုန်းကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းနိူင်ပေသည်။


သို့သော်…..

မုတ်ဆိတ်နီကြီးသည် လူထွားကြီးကဲ့သို့ စိတ်လွတ်ကိုယ် နောက်ဆံမတင်းဘဲ ရှောင်တိမ်း ထွက်သွားနိုင်သည့် အနေအထားမျိုး မရှိ။


မုတ်ဆိတ်နီကြီးသည် နယ်စား မင်းသားလေး ကျင်းကော့ထန်အား     ဘေးမသီရန်မခဘဲ ပြန်လည်ရောက်ရှိရေး အတွက် တာဝန်ယူထားရသော စီးရိနန်းတွင်းသိုင်းသမား တပ်မှူးတစ်ယောက် ဖြစ်သည်။

မုတ်ဆိတ်နီကြီးသည် ကျင်းကော့ထန်ကို လက်ဖြင့်လှမ်းကာ တွန်းထုတ်ပစ်ပြီးမှ ခုန်လွှားရှောင်တိမ်း ထွက်သွားသည်။

မုတ်ဆိတ်နီကြီး၏ တွန်းထုတ်လိုက်မှုကြောင့် ကျင်းကော့ထန်သည် ဘေးသို့ ယိမ်းယိုင်သွားရာ သူ့ကိုထိမှန်လုဆဲဆဲ လက်နက်ပုန်းက မထိတော့ဘဲ ဘေးမှလွဲချော်ကာ ထွက်သွားလေသည်။

ကျင်းကော့ထန်ကို ဘေးလွတ်ရာသို့ရောက်အောင် ထုတ် ပေးလိုက်ရမှုကြောင့် မုတ်ဆိတ်နီကြီး၏ ခုန်

ရှောင်တိမ်းမှုမှာ အနည်းငယ် တုံ့နှေးသွားသည်။


ထို့ကြောင့်...

သူ့ထံသို့ ဦးတည်ဝင်လာသော လက်နက်ပုန်းကို လွတ်ကျွတ်ကျွတ် ရှောင်တိမ်းခြင်းမပြုနိုင်။

ညာဘက် လက်မောင်းရင်းတွင် လက်နက်ပုန်း စူးဝင် ထိခိုက်မိသွားသည်။

လက်နက်ပုန်း အထိခံရသော နေရာသည် သေကွင်း သေကွက် နေရာတစ်ခုတော့ မဟုတ်ပါ။


သို့ရာတွင်...


လက်နက်ပုန်းတွင် အဆိပ်ပါရှိနေရာ အဆိပ်ဒဏ်ကိုတော့ ကောင်းကောင်းကြီး ခံနေရသည်။

ညာဘက်လက်မောင်းတစ်လျှောက် ထုံကျဉ်၍လာသည်။

မုတ်ဆိတ်နီကြီးသည် အဆိပ်များ အလျင်အမြန် ပျံ့နှံ့ခြင်း မရှိရလေအောင် အတွင်းအား စုစည်းကာ အဆိပ်များကို တောင့်ခံ၍ ထိန်းထားလိုက်ရသည်။


လက်နက်ပုန်းသုံးခု ပစ်လွှတ်ရင်း ရှေ့ သို့ပြေးထွက်လာသော အရိပ်မဲ့အဆိပ်ကလည်း လခြမ်းပုံ ဓားကောက်ပျော့ဖြင့်ခုတ်ပိုင်း တိုက်ခိုက်ပြန်သည်။

သူ့ဓားချက် တိုက်ခိုက်ရာ လမ်းကြောင်းသည် ကျင်းကော့ထန်ထံသို့ တန်းတန်းမတ်မတ်ကြီး ဦးတည်၍နေသည်။

မိမိတို့ကို အလစ်ဖမ်းကာ ဝင်ရောက်တိုက်ခိုက်ကြသူများသည် ကျင်းလုယောင်၏ လက်ပါးစေသိုင်းသမားများ ဖြစ်ကြောင်းကို မုတ်ဆိတ်နီကြီး သိရှိနေလေပြီ။

ဤတိုက်ခိုက်မှုမှာ..

မင်းသားလေး ကျင်းကော့ထန်ကို အမိဖမ်းယူရန်မဟုတ် ချေမှုန်းသုတ်သင်ပစ်ရန် ဖြစ်ရမည်ဟုလည်း တွေးမိသည်။

မုတ်ဆိတ်နီကြီးသည် အဆိပ် မပြန့်ပွားရလေအောင် အတွင်းအားဖြင့် ထိန်းနေရသည့် အချိန်ဖြစ်ပေရာ ကျင်းကော့ထန်ကို အကာအကွယ်ပေးဖို့ မလွယ်။

ထို့ပြင်...

စောစောက တွန်းထုတ်ပစ်လိုက်မှုကြောင့်.. ကျင်းကော့ထန် သည် မုတ်ဆိတ်နီကြီးနှင့် အတော်အလှမ်းကွာသည့် နေရာသို့လည်း ရောက်နေသည်။


ကျင်းကော့ထန်သည်…

သိုင်းပညာများ လေ့ကျင့်သင်ကြား ထားသော်လည်း

အဆင့်မြင့် သိုင်းပညာများကို ထိထိမိမိပေါက်ပေါက် ရောက်ရောက် တတ်မြောက်ခြင်း မရှိ။

သာမန် ရိုးရိုးတန်းတန်း သိုင်းပညာများလေ့ကျင့် သင်ကြားသော်လည်း အဆင့်မြင့် သိုင်းပညာများ    တတ်မြောက်ထားခြင်း မရှိသောကြောင့် အရိပ်မဲ့အဆိပ်၏ ကြမ်းတမ်းသော တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်စွမ်း လုံးဝ ရှိမည်မဟုတ်ပါ။

အရိပ်မဲ အဆိပ်၏ လခြမ်းပုံ ဓားပျော့က ကျင်းကော့ထန်၏ လည်ကုပ်ကို ခုတ်ပိုင်းမိလု ဆဲဆဲတွင်….

Comments