သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၄ )

 အခန်း (၄)

မိမိ၏နွားများ မရှုမလှ သေဆုံးကုန်ကြသည်ကို တွေ့ရ သော ယာတောပိုင်ရှိင် လူကြီးမှာ ရူးလုမတတ်ပင်ဖြစ်သွား သည်။ 

“သရဲမလေး...သေပေတော့" 

ယာတောပိုင်ရှင် လူကြီးသည် ဝမ်းခေါင်းသံကြီးနှင့် အော်ဟစ်ကြိမ်းမောင်းကာ ကူမိုင်ခန်းအား အတင်းပင် ဝင် ရောက်တိုက်ခိုက်လေတော့သည်။

ထန်းသီးလုံးမျှ ကြီးမားလှသော လက်သီးကြီးများဖြင့် တဝုန်းဝုန်းအသံမြည်ဟိန်းအောင် ထိုးနှက်သည်။ 


ယာတောပိုင်ရှင် လူကြီး၏ လက်သီးထိုးချက်များသည် ပရမ်းပတာတော့ မဟုတ်။ 

အတော်လေး စနစ်ကျနသည်။ သိုင်းဟန်များလည်း ပါရှိသည်။ 

ဤလူကြီးသည် သိုင်းပညာတတ်ကျွမ်းပုံရသည်။

သို့သော်... 

သူ၏ သိုင်းပညာစွမ်းသည် ကူမိုင်ခန်းကိုယှဉ်နိူင့်လောက် သည့် အဆင့် အတန်းကား မရှိပေ။ 

ယာတောပိုင်ရှင် လူကြီး၏ လက်သီး ထိုးချက်များသည် တဝုန်းဝုန်းသာ အသံမြည်ဟိန်းသည်။ 

ကူမိုင်ခန်းကို တစ်ချက်တလေမျှပင် မထိ။ ကူမိုင်ခန်း၏ တန်ပြန် ရိုက်ချက်များကိုသာ ယာတော ပိုင်ရှင်လူကြီးခမျာ တဝုန်းဝုန်းဖြင့် အထိခံနေရလေသည်။ အကယ်၍ ကူမိုင်ခန်းကသာ တကယ်တမ်းတိုက်ခိုက်မည် ဆိုလျှင် သိုင်းကွက်တစ်ကွက်၊ ရိုက်ချက် တစ်ချက်တည်းနှင့် ယာတောပိုင်ရှင် လူကြီးကောင်းကောင်းကြီး မှောက်သွား နိုင်သည်။


သို့ရာတွင် ကူမိုင်ခန်းက ချက်ချင်းလက်ငင်း ပွဲသိမ်းသွား စေမည့် တိုက်ခိုက်မှုမျိုး မလုပ်သေးပါ။

ကြောင်က ဖမ်းမိထားသော ကြွက်ကို ဆော့ကစားသလိုမျိုးသာ မထိတထိတိုက်ခိုက်၍ နေသည်။

ယာတောပိုင်ရှင်လူကြီးမှာ ဒေါသလည်းထွက်၊ စိတ်လည်းဆိုး၊ နာလည်းနာ၊ မောရုံမက ကြောက်ရွံ့ ထိတ်လန့်၍လည်း လာသည်။

တစ်ဖက်လူကို အတော်လေး မောပန်း၍ စိတ်လှုပ်ရှား ကြောက်လန့် တုန်လှုပ်နေအောင် အချိန်အတန်ကြာမျှ မထိ တထိ တိုက်ခိုက်နေပြီးမှ ကူမိုင်ခန်းက ထိမိသော ပွဲသိမ်း ရိုက်ချက်တစ်ချက် ကျကျနန ရိုက်ချသည်။ 

"ဖုန်း…”

“အင့်….”

သည်တိုက်ကွက်ကတော့ တကယ်ကို ထိမိလှသည့် တိုက်ကွက်။

သတိလစ် မေ့မြောသွားစေနိုင်သော သွေးကြောနေရာပေါ်သို့အားအင်ပြင်းပြင်းနှင့် တည့်တည့်မတ်မတ် ရိုက်ချလိုက်သည်မို့ ယာတောပိုင်ရှင်လူကြီးမှာဘယ်လိုမှ တောင့်မခံနိူင်တော့။

ပါးစပ်မှ တစ်ချက်သာ အော်ဟစ် ညည်းညူနိုင်လျက် မြေကြီးပေါ်သို့ ကားရားကြီးကျ၍ 

သတိလစ်သွားလေ  တော့သည်။ 

“ရှင့်ကို အသေသတ်မပစ်တာ ကျေးဇူးတင်ဦး သိလား၊ အဲ...ဒီမှာ တစ်ညလုံး မိုးလင်းတဲ့အထိ အေးအေးဆေးဆေး အိပ်နေပေတော့”

ရိုက်ချက် အထိခံရပြီး သတိလစ် မေ့မြောသွားသော ယာတောပိုင်ရှင် လူကြီးကိုကြည့်၍ ကူမိုင်ခန်းက ခပ်တိုးတိုး ပြောလိုက်သည်။

မိမိ၏ရိုက်ချက် ထိ ရောက်ပုံ အ ကြောင်း ကူမိုင်ခန်း ကောင်းကောင်းကြီး သိသည်။ 

ယာတောပိုင်ရှင် လူကြီးသည် သတိလစ် မေ့မြောသွား နေရာမှ တစ်ဖန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမည်ဖြစ်ရာ မနက် မိုးစင်စင်လင်းချိန်လောက်ကျမှ တစ်ဆို့ပိတ်မိနေလေ သော အကြောများ အလိုအလျောက်ပွင့်ကာ အိပ်ရာမှ နိုးထလာနိုင်မည် ဖြစ်ပေသည်။

သည်ကြားထဲတွင် အကြောဖြေဖွင့်ပေးမှုမလုပ်က ဆင် အော်သည့်တိုင် အိပ်ပျော်နေရာမှ နိုးလာမည် မဟုတ်ပေ။

အကြောဖြေဖွင့်ပေးဖို့ ဆိုသည်ကလည်း တော်ရုံတန်ရုံ သိုင်းပညာနှင့် စွမ်းဆောင်နိူင်ရန် မလွယ်ပါ။

ထို့နောက်... 

ကူမိုင်ခန်းသည် တဲ အိမ်လေး ရှိ ရာ သို့ ခပ်သွက်သွက်လျှောက်လှမ်း ထွက်သွားလေတော့သည်။  

ရရှိထားသော အမဲသားများကို ကျကျနနကင်ကာ စားသောက်ရပေတော့မည်။

ယာတောလေး၏ အစပ်နားမှ သစ်ကိုင်းသစ်ရွက်များနှင့်ထူထပ်သိပ်သည်းသော သစ်ပင်ကြီးတစ်ပင်တွင် လူတစ်ဦး ရှိနေသည်။

ထိုသူသည် အစိမ်းရောင် ခြုံလွှာကြီးတစ်ခုကို တစ်ကိုယ်လုံး လုံအောင် လွှမ်းခြုံထားသည်။ 


ထူထပ်သိပ်သည်းသော သစ်ကိုင်းသစ်ရွက်များ အကြား တွင် ငြိမ်သက်စွာ ခိုနားနေခြင်းဖြစ်ပေရာ ထိုသူ သစ်ပင်ကြီး ပေါ်တွင် ရှိနေကြောင်းကို ကူမိုင်ခန်း သိလည်းမသိ၊ မြင် လည်း မမြင်၊ ရိပ်လည်း မရိပ်မိခဲ့ပေ။ 

ထိုသူကတော့ ယာတောလေးထဲမှ ဖြစ်ရပ်များကို အစအဆုံး အားလုံး အကုန်အစင် တွေ့မြင်၍ နေရလေသည်။ 

သစ်ပင်ကြီးပေါ်မှ လူသည် သိုင်းလောကတွင် ကိုယ် ပျောက် စောရ ချိန်တိဖူးဟူ၍ နာမည်ရနေသောသူပင် ဖြစ် လေသည်။ 


ချိန်တိဖူးသည် ကိုယ်ဖော့ပညာ ကောင်းသည်။

အပုန်းအခို၊ အရှောင်အတိမ်း တော်သည်။ 

ကျွမ်းကျင်သည်။ 


ထို့ပြင်.... 

ခိုးဝှက်ရန်လည်း အလွန် ဝါသနာပါသည်။ မခိုးရမဝှက်ရလျှင် နေလို့ထိုင်လို့ မရနိုင်အောင် ဖြစ်နေ သူဟု ဆိုရမည်။

သူသည် အစားအသောက်များကိုလည်း ဘယ်တော့မှတကူးတက ချက်ပြုတ်မနေ။  ဝယ်၍လည်း မစား။

ကြုံသလို အလစ်သုတ်ယူကာ စား သောက် ဝမ်းဖြည့် တတ်သည့် အကျင့်စရိုက်လည်း ရှိသည်။

ဤသည်တို့ကြောင့်လည်း ကိုယ် ပျောက် စော ရ ဟူ ၍ အမည်တွင်နေခဲ့ခြင်း ဖြစ်ပေသည်။

သူသည် အပေါင်းအသင်းလည်း သိပ်များများစားစား မလုပ်တတ်။

ခင်မင်ရင်းနှီးသည့် မိတ်ဆွေ အနည်း အကျဉ်း မျှသာ ရှိ သည်။

များသောအားဖြင့် တစ်ကိုယ်တော် လှုပ်ရှားသွားလားနေလေ့ရှိသည်။ 

ယခုလည်း ညနေစာအတွက်ယာတောလေးထဲမှ အလစ်ဝင်သုတ်ရန် အကွက်ချောင်းနေရာမှ ကူမိုင်ခန်း ရောက်လာပြီး ဖြစ်ပျက်သွားသည်များကို မြင်တွေ့ ခဲ့ရခြင်း ဖြစ်ပေတော့သည်။ 


“ဒီမိန်းကလေးဟာ ရုပ်ရည်ကလေး လှပ ချောမော " သလောက် သွေးအေးအေးနဲ့ အတော်ကိုရက်စက်တတ်တာ ပဲကိုး၊ သူ စိတ်ထင်ရာကို တစ်ဇွတ်ထိုးလုပ်ပြီး သူ လိုချင်တာ ကိုလဲ ဘာမှ မထောက် ထားဘဲ အရယူတတ်တဲ့ အကျင့်စရိုက် မျိုးလဲ ရှိပုံရတယ်”


ယာတောလေးထဲတွင် ဖြစ်ပျက်သွားသည်တို့ကို ကြည့် ရင်း ချိန်တိဖူး၏စိတ်ထဲတွင် မှတ်ချက်ချခဲ့သည်။ 

ချိန်တိဖူးသည် မိမိဘာသာ သီးသန့်နေထိုင်သွားလာ လှုပ်ရှားရမှုကို နှစ်သက်သူဖြစ်သည်။

ဝါသနာအလျောက် ခိုးတတ်ဝှက်တတ်သော်လည်း သူနှင့် မသက်ဆိုင်သော သူတစ်ပါး၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိ။ 

သူများတွေဘယ်လိုဖြစ်နေပါစေ သူကတော့မိမိဘာသာ ခပ်အေးအေးနေလေ့ ရှိသည်။

 ....ထို့ကြောင့်... 


ကူမိုင်ခန်း၏ သွေးအေးအေးနှင့်ရက်စက်မှုများကို မျက်၀ါးထင်ထင် တွေ့မြင်နေရသော်လည်း ဝင်ရောက် စွက်ဖက်ရန် စိတ်မကူး ။ 

သစ်ပင်ကြီးထက်တွင် ငြိမ်သက်စွာ ခိုကပ်ပုန်းအောင်း နေရင်း သူ့ အတွက် ညနေစာ အလစ်သုတ်ယူနိုင်ဖို့ အခွင့် အခါကောင်းကိုသာ စောင့်ဆိုင်း၍ နေလေသည်။ 

မကြာမီမှာပင်....

တဲအိမ်လေးပေါ်သို့ ကူမိုင်ခန်း တက်လာခဲ့သည်။ အိမ်ပေါ်တွင် မည်သူမျှ မရှိ။

အသုံးအဆောင် ပစ္စည်းများကိုလည်း များများစားစားမတွေ့ရ။

ဤတဲအိမ်လေးပေါ်တွင် ယာတောပိုင်ရှင်လူကြီး ယောက်တည်းသာ နေထိုင်ပုံရသည်။ 

မီးဖိုခန်းထဲတွင်တော့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက် သွန်၊ ပဲငံပြာရည် စသည်ဖြင့် မီးဖိုချောင်သုံးပစ္စည်းအတော် ပြည့်ပြည့်စုံစုံရှိသည်။


မီးဖိုခန်း၏ အပြင်ဘက် စင်ပေါ်တွင်လည်း ထင်းတုံး များ စီစီရီရီနှင့် အတော်များများ ရှိ၍နေသည်။ 

မီးဖိုတွင်လည်း ထင်းများ အဆင်သင့် ဆိုင်ထားပြီးရှိနေ ရာ ကူမိုင်ခန်းအနေဖြင့် မီးခြစ်ကာ မီးမွှေးပေးလိုက်ရုံသာ ရှိသည်။ 

မကြာမီမှာပင် မီးဖိုတွင် မီးအားအရှိန်ကောင်းလာသည်။ 

ကူမိုင်ခန်းသည် အမဲသားများကို အမြှောင်းသေးသေး လေးများ ပြုလုပ်ကာ ဆား၊ အမွှေးအကြိုင်တို့ဖြင့်နယ်လျက် ဝါးတံကလေးများဖြင့် ထိုးသီကာ ကျကျနန မီးကင်လေသည်။


မီးရှိန်ကလည်း ကောင်းနေသည်ဖြစ်ရာ အကျက်အား အတော်ပင် မြန်သည်။ ကျက်သွားသော အမဲသားကင် အချောင်းကလေးကို ကူမိုင်ခန်းက မီးဖိုဘေးနားရှိ ပန်းကန်ပြားကြီးတစ်ခုပေါ် တွင် စီစီရီရီပင် တင်၍ထားသည်။

အမဲသား ကင်၏ မွှေးရနံ့တို့သည် မီးဖိုခန်းထဲတွင် သင်းပျံ့ကြိုင်လှိုင်၍ နေပေသည်။ 

မီးဖိုခန်းမှ ပျံ့လွင့်ထွက်သွားသော အမဲသားကင်နဲ့ သည် သစ်ပင်ထက်တွင် ပုန်းခိုနေလေသော ကိုယ်ပျောက်  စောရ ချိန်တိဖူး၏ နှာဝသို့လည်း သွား၍ကလိသည်။

ချိန်တိဖူးမှာလည်း အမဲသားကင် ကောင်းကောင်းကို လွန်စွာ ကြိုက်နှစ်သက်သော လူတစ်ယောက် ဖြစ်လေသည်။

ကူမိုင်ခန်း ကျကျနန စီမံပြင်ဆင်ကာ သေသေချာချာ ကင်နေလေသော အမဲသားကင် မွှေးရနံ့များကို ရသော အခါ ချိန်တိဖူးမှာစားချင်သောက်ချင်သည့်စိတ်များ တဖွား ဖွား ပေါ်၍လာလေသည်။ 

ဘယ်လိုမှ မနေနိုင်တော့။

ချိန်တိဖူးသည် ပုန်းအောင်းနေရာသစ်ပင်ထက်မှအောက်သို့ အသာကလေး ဆင်းသည်။ ထို့နောက် မီးဖိုခန်းရှိရာသို့ ချဉ်းကပ်သွားသည်။

ကိုယ်ပျောက်စောရဟူသော အမည်တစ်လုံး ရထားသူ တစ်ယောက်ပီပီ ချိန်တိဖူး၏လှုပ်ရှားမှုများက မြန်ဆန်သွက် လက်သလောက် အသံလုံလှသည်။

ကူမိုင်ခန်းဘယ်လိုမှမရိပ်မိရလေအောင် မီးဖိုခန်းအနား သို့ ချဉ်းကပ်သွားနိုင်ခဲ့သည်။

ချိန်တိဖူးသည် ပန်းကန်ပြားထဲရှိ အမဲသားကင်ချောင်းကလေးများကို တစ်ခုပြီးတစ်ခုအချိန်ယူကာ စိမ်ပြေနပြေပင် ဖြည်းဖြည်းချင်း အလစ်သုတ်ခိုးယူ၍နေသည်။


ကူမိုင်ခန်းမှာမူ လှီးဖြတ် ပြုပြင်ထားသော အမဲသား အမြှောင်းလေးများကို ဝါးတံလေးများဖြင့်ထိုးကာ တစ်ခု ပြီးတစ်ခု ကင်လိုက်၊ ကျက်သွားသောအခါ ပန်းကန်ပြားထဲ သို့ ချထားလိုက်နှင့် စိတ်ပါဝင်စားစွာ လုပ်ဆောင်လျက် မအားလပ်အောင် ရှိနေသည်။ 

ထို့ပြင်…

ကျက်ပြီးသွားသော အမဲသားကင် အချောင်းကလေး များ၏ အရေအတွက်ကိုလည်း သေသေချာချာ ရေတွက်၍  မှတ်သားထားခြင်းလည်း မရှိသည့်အတွက် ပန်းကန်ပြားထဲ မှ ကျက်အောင် ကင်ထားပြီးသား အမဲသားကင်အချောင်း ကလေးများ လျော့နည်းကုန်သည်ကို လုံးဝသတိမထားခဲ့မိပေ။ 

ချိန်တိဖူး၏ အလစ်သုတ်ခိုးယူမှုကလည်း အလွန်ပင် ပိရိ သေသပ်လျက် ပညာသားပါလှပေရာ အကယ်၍ ကူမိုင်ခန်းသတိထားကာ ကြည့်နေသည့်တိုင် အလစ်သုတ် ယူငင်မှုကိုဖမ်းမိ သိရှိနိူင်ဖို့ မလွယ်ကူပါချေ။ 


နောက်ဆုံးတွင်တော့ အမဲသားအားလုံး ကင်၍ပြီးသွား 

သည်။ 

ချိန်တိဖူးလည်း လိုအပ်သလောက် ခိုးယူရရှိသွား၏ ကျန်နေသေးသော အမဲသားကင် အချောင်းလေးများမှာ ပန်းကန်ပြားကြီးထဲတွင် အပြည့်ပင်ရှိနေပေသည်။ 

ကူမိုင်ခန်းသည် အမဲသားကင်ချောင်းကလေးများ ထည့် ထားသော ပန်းကန်ပြားကြီးကို မယူကာ အိမ်လေးအပြင် သို့ ထွက်သွားသည်။ 

ကိုယ်ပျောက်စောရ ချိန်တိဖူးလည်း လစ်ထွက်၍သွားသည်။ 

ကူမိုင်ခန်း တဲအိမ်လေးထဲမှ ထွက်လာသည်။ 

တဲအိမ်ရှေ့ မှ မြေစိုက်ကွပ်ပျစ်ပေါ်တွင် လက်ဖက်ရည် ကြမ်းကရားနှင့် ပန်းကန်လုံးများကလည်း အသင့်ရှိနေ သည်။ 


ကူမိုင်ခန်းသည် မြေစိုက်ကွပ်ပျစ်ပေါ် တက်ထိုင်ကာ အမဲ သားကင်များကို လက်ဖက်ရည်ကြမ်းနှင့် အားရပါးရပင် စားသောက်လေတော့သည်။ 

စားကောင်းကောင်းနှင့် စားလိုက်ရာ အမဲသားကင် အားလုံးနီးပါး ကုန်၍သွားသည်။ 

ကူမိုင်ခန်း စားသောက်ပြီးချိန်တွင် နေလည်း ဝင်သွား လျက် မှောင်ရိပ်သန်းလာပြီဖြစ်သည်။ 

ကူမိုင်ခန်းသည် တဲအိမ်လေးပေါ်သို့ တက်ကာ အသာ လဲလျောင်း၍ နားနေသည်။ 

မူလကတော့ ခေတ္တလဲလျောင်းနားနေအပန်းဖြေရန်သာ ရည်ရွယ်ရင်း ရှိ၏။ 


သို့သော်....

ခရီးကလည်းပန်းလာသည့်အပြင် စားကောင်းကောင်း နှင့် အားပါးတရ စားသောက်လိုက်၍ ဗိုက်ကလည်းလေး နေရာ အသာအနားယူ လဲလျောင်းနေရာမှ မျက်လုံးများ မှေးစင်းကျလာလျက် အိပ်ပျော်သွားလေသည်။


Comments

Popular posts from this blog

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၂ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၃ )