သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၄ )

 အခန်း (၁၄)

စားသောက်ဆိုင်ထဲမှ ငရဲမီး ပြေးထွက်လာလေတော့၏။ သရဲဓားလည်း နောက်မှ ထက်ကြပ်မကွာပင် ပါရှိလာသည်။

ပြေးလွှားထွက်လာရင်း ဆိုင်အပြင်ဘက်သို့ ရောက်သည်နှင့် သရဲဓားက အချက်ပေးမီးကျည်တစ်ခု  ပစ်ဖောက်လွှတ်တင်လိုက်သည်။

“ရှူး ဒိုင်း"

ကြူ အုန်းယိုတို့ လူစုကို အချက်ပေးဆက်သွယ် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

နဂိုကပင် ကြောက်လန့် စိုးထိတ်နေလေသော ကျင်းကော့ထန်မှာ ငရဲမီး၏ အော်ဟစ်ပြောဆိုပုံ ကြားရသောအခါ မိုးကြိုးပစ်သံကို အနီးကပ် ကြားရသည့်အလား အကြီးအကျယ် တုန်လှုပ်ချောက်ချားသွား၏။

ကြောက်လန့်တုန်လှုပ်သည့် စိတ်၏ စေ့ဆော်မှုဖြင့် ကျင်းကော့ထန် အတင်းထွက်ပြေးမိလေ၏။

ဘာရယ်ညာရယ် ရည်ရွယ်ချက်ဖြင့်တော့ မဟုတ်ပါ။

ကြောက်စိတ်ဖြင့် လုပ်မိလုပ်ရာ လုပ်လိုက်ခြင်းဖြစ်လေ၏၊

“ဟေ့...အရမ်းမပြေးနဲ့လေ၊ ရပ်...”

တစ်ယောက်တည်း ဇွတ်ထွက်ပြေး၍ ရန်သူနှင့် ရင်ဆိုင်မိလျှင် ကူညီကာကွယ် ပေးမည့်သူ အနီးအနားတွင်မရှိ ဒုက္ခတွေ့နိုင်သောကြောင့် ကူမိုင်ခန်းက လှမ်းအော်သတိ ပေးရင်း ကျင်းကော့ထန်၏ နောက်သို့ ပြေးလိုက်၏။

ကူမိုင်ခန်းတွင် ရည်ရွယ်ချက် ကြီးကြီးမားမားတွေရှိ၏။

ဤရည်မှန်းချက်များ ပြည့်ဝနိုင်ရေးအတွက် ကျင်းကော့ထန်ကို အသုံးချနိုင်စရာအကြောင်းတွေ ရှိကြောင်းကိုလည်း ကူမိုင်ခန်း သိထား၏။

ထို့ကြောင့်လည်း...

ကျင်းကော့ထန်သည် နယ်စားမင်းသားလေး တစ်ဦးဖြစ်ကြောင်း သိခဲ့ပြီးချိန်မှစ၍ ကျင်းကော့ထန်ကို အရေးတယူ လုပ်နေခဲ့သည်။

ကျင်းကော့ထန်အပေါ်  စိတ်ဝင်တစားရှိနေခဲ့လေတော့သည်။

ထို့ကြောင့်လည်း..

ကျင်းကော့ထန်၏ အန္တရာယ်ကို ကာကွယ် ပေးနိူင်ရန် ပြေးလိုက်လာခဲ့ခြင်း ဖြစ်၏။

ဤအကြောင်းများသာမရှိလျှင် ကူမိုင်ခန်းသည် ကျင်းကော့ထန် ဘာဖြစ်နေနေ လှည့်ပင်ကြည့်မည် မဟုတ်ပါ။

ကျန်းယိမင်းကတော့ သူတို့နောက်ပြေးလိုက်လာကြသည့် သရဲဓားနှင့် ငရဲမီးတို့ကို လှည့်၍ရင်ဆိုင်သည်။

ကျန်းယိမင်းသည် ကူမိုင်ခန်းကဲ့သို့ တစ်စုံတစ်ရာသော အကျိုးကို မျှော်ကိုးကာ လုပ်ဆောင်ခြင်း မဟုတ်။

တကယ်စိတ်ကောင်း စေတနာကောင်းဖြင့် ကျင်းကော့ထန်၏ အန္တရာယ်ကို ခုခံကာကွယ်ပေးခြင်း ဖြစ်ပေသည်။

ကျင်းတော့ထန်၏ နောက်သို့ ပြေးလိုက်လာကြလေသော သရဲဓားနှင့် ငရဲမီးတို့နှစ်ယောက် ကျန်းယိမင်းနှင့် ရင်ဆိုင် တိုးမိကြလေ၏။

အရိပ်မဲ့အဆိပ်က သိုင်းပညာစွမ်းကောင်းသည့် ကောင်လေးဟု ပြောသူမှာ ဤသူပင်ဖြစ်မည်ဟုလည်း သူတို့နှစ်ဦး တွေးဆမိကြ၏။

သို့သော်…

ကြောက်ရွံ့ နောက်တွန့်ခြင်းတော့ မဖြစ်ကြ။

ကြူအုန်းယိုတို့ကို အချက်ပြကာ ခေါ်ယူထားခဲ့ပြီးပြီမို့ မိမိတို့ဘက်မှ အင်အားအများနှင့် အသာစီး ရှိနေပြီဟု ပိုင်ပိုင်နိုင်နိုင် တွက်ထားကြသည်။

ထို့ကြောင့်…

သရဲဓားနှင့် ငရဲမီးတို့သည် ကျန်းယိမင်းကို ဘယ်ဘက်နှင့် ညာဘက်တို့မှဝိုင်းညှပ်ကာ ဝင်ရောက် တိုက်ခိုက်ကြလေတော့သည်။

သရဲဓားသည် ဓားသိုင်းပညာကျွမ်းသည်။

ဓားပစ် ဓားပေါက်လည်း လက်တည့်သည်။

နောက်ကျောတွင် ဓားရှည်နှစ်လက်ကို ကြက်ခြေခတ်လွယ်ထားသလို...

ခါးပတ်ကြိုးတွင်လည်း ပေါက်ဓားချွန်လေး အချောင်း နှစ်ဆယ်ခန့် စီစီညီညီ ထိုးတပ်ထား၏။

အနီးကပ် ရင်ဆိုင်တိုက်ခိုက်ရသည့်အတွက် ပေါက်ဓား ချွန်လေးများကို ထုတ်မသုံးသေး။

ဓားရှည်တစ်လက်ကိုသာ ညာလက်တွင်ကိုင်လျက် တိုက်ပွဲဝင်သည်။

ငရဲမီးကတော့ တုတ်သိုင်းပညာ ထူးချွန်သည်။

သူကိုင်ဆောင်သော လက်နက်ကလည်း ငါးပေခန့်ရှည်သည့် သံတုတ်ရှည် ဖြစ်၏။

သံတုတ်ရှည်သည် သာမန်ရိုးရိုး သံတုတ်မဟုတ်။

လျှို့ဝှက်ခလုတ်များ တပ်ဆင်ထားသည်။

တုတ်သိုင်းပညာအတွက် လက်နက်ကောင်းအဖြစ်နိူင်သလို..အခြားသော ဖန်တီး တိုက်ခိုက်မှုများကိုလည်း ဖော်ထုတ်ပေးနိုင်သည်။

သံတုတ်ရှည်တွင် တပ်ဆင်ထားသော လျှို့ဝှက် ခလုတ်များကို နှိပ်လျှင် သံတုတ်ရှည်ထဲမှ အရည်များပန်းထွက်လာပေမည်။

ထိုအရည်များသည် ငရဲမီးကဲ့သို့ အသားအရေများကို လောင်ကျွမ်းနိုင်သည့် စွမ်းရည်သတ္တိ ရှိကြ၏။


ဤသို့သော တိုက်ခိုက်မှုများ ပြုလုပ်တတ်သည့်အတွက် ငရဲမီးဟု အမည်ရနေခြင်း ဖြစ်ပေသည်။

ပွဲဦးထွက် တိုက်ကွက်များအဖြစ် ငရဲမီးက သံတုတ်ရှည်ကို ဝှေ့ယမ်းကာ ခပ်သွက်သွက် ခပ်ကြမ်းကြမ်း တိုက်ခိုက်လာသည်။

လျှို့ဝှက်ခလုတ်များကို မနှိပ်သေး။

ကျန်းယိမင်းတွင်မူ ကိုင်စွဲစရာ လက်နက် တစ်စုံတစ်ရာ မရှိ။

ထို့ကြောင့်...

လက်နက်ကိုယ်စီဖြင့် ဘယ်ညာနှစ်ဖက်ညှပ်ကာ တိုက်ခိုက်လာသော လူကြမ်းကြီးနှစ်ယောက်ကို လက်နက်မဲ့ပင် ရင်ဆိုင်ရသည်။

ကျန်းယိမင်းသည် အတွင်းအား ကောင်းသည်။

လက်ဝါးနှစ်ဖက်ကိုထိမိစွာအသုံးချနိုင်ပေရာ တစ်ခါတစ်ရံတွင် သူ၏လက်ဝါးရိုက်ချက်သည် ဓားခုတ်ချက် ထက်ပင်ကြောက်စရာ ကောင်းနေတတ်သည်။


ကျန်းယိမင်းက နဂါးလှိုင်းစီးသိုင်းကို အသုံးချကာ သရဲဓားနှင့် ငရဲမီးတို့ နှစ်ယောက်ကို ရင်ဆိုင်သည်။

အရေးကြီးသော အချိန်အခါဖြစ် သည့်အပြင် ရန်သူနှစ်ယောက်ကို မိမိတစ်ယောက်တည်း ရင်ဆိုင်နေချိန်မို့ သိုင်းကွက်စွမ်းရည်ကို အပြည့်အဝ အကုန်အစင်ထုတ်သုံးရလေသည်။

“ကျားယားယားကျား”

“ဝှီး....ဝှီး”

“ဟိတ်....”

"ဝှစ်....ဝှစ်.....ဝှစ်”

သရဲဓားနှင့် ငရဲမီးတို့ကလည်း မာန်သွင်း ဟစ်ကြွေးသံကြီးများပြုကာ အပြင်းအထန်တိုက်ခိုက်ကြ၏။

သံတုတ်ရှည်က ဝီခေါ်အောင် ဝှေ့ယမ်း လှုပ်ရှားနေသလို ဓားရောင်များကလည်း ဖွေးခနဲလက်ခနဲ ဖြစ်နေလေသည်။

ကျန်းယိမင်းသည် သံတုတ်ရှည်ရိုက်ချက်နှင့် ဓားရှည်ခုတ်ချက်များအကြားတွင် ရှောင်တိမ်း လှုပ်ရှားကာ ဘယ်ညာလက်ဝါးရိုက်ချက်များ ဆက်တိုက်ရိုက်ထုတ်သည်။

နဂါးလှိုင်းစီးသိုင်းသည် ပေါ့ပါးမြန်ဆန်စွာ လှုပ်ရှား တိုက်ခိုက်မှုကို အခြေခံသော သိုင်းပညာရပ်ဖြစ်ပေရာ ကျန်းယိမင်းသည် သိုင်းကွက် အပြောင်းအလဲ ပရိယာယ်များ မလုပ်သော်လည်း သိုင်းကွက်၏ အခြေခံသဘောအရ သူ၏ လက်ဝါး ရိုက်ချက်များက မြန်ဆန်သွက်လက်၍ နေလေသည်။

သူ၏ကိုယ်ဟန်သည်လည်း ရိုးခနဲ ရိပ်ခနဲ ဟိုမှ သည်မှ ပြောင်းလဲ၍ နေပေရာ သရဲဓားနှင့် ငရဲမီးတို့၏ ဓားခုတ်ချက်နှင့် သံတုတ်ရိုက်ချက်များသည် ကျန်းယိမင်းကို မထိမရှနိုင်ကြပေ။

တုတ်ရှည်ရိုက်ချက်များနှင့် ဓားနုတ်ချက်များ အကြားမှ ထိုးဖောက်ဝင်လာသည့် လက်ဝါးရိုက်ချက်တို့၏ အင်အားက သိပ်သည်းကြီးမားလှပေရာ ငရဲမီးနှင့်သရဲဓားတို့၏ တိုက်စစ်များ တန့်သွားကြသည်။

အတင်း တရကြမ်းဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်မရတော့။

တစ်ချီတွင်မူ နဂါးလှိုင်းစီးသိုင်း၏ ဟန့်ထုတ် လိုက်ဖြင့် သရဲဓားနှင့်ငရဲမီးတို့ နှစ်ယောက် နောက်သို့လန်ထွက်သွားကြသည်။


“လက်နက်ပုန်းနဲ့ ပစ်….”

ကူမိုင်ခန်း၏ အော်ဟစ်ပြောဆိုသံ ရုတ်တရက်ပေါ်လာသည်။


ကျန်းယိမင်းက သရဲဓားနှင့် ငရဲမီးတို့ နှစ်ယောက် ဆီးကြိုရင်ဆိုင်လိုက်သည့် အချိန်မှာပင် ကူမိုင်ခန်းကလည်း ကျင်းကော့လန်ကို လိုက်၍မီသွားသည်။

ကူမိုင်ခန်းက လက်မောင်းကိုဆွဲထားလိုက်သောကြောင့် ကျင်းကော့ထန်အပြေးရပ်သွားသည်။


“ဘာလို့ အရမ်းလျှောက်ပြေးနေရတာလဲ၊ ရန်သူနဲ့တိုးမိရင် ခက်နေမှာပေါ့၊ ကျွန်မတို့ အနားမှာပဲနေ သိလား၊ဒါမှမင်းသားလေးကို ကာကွယ်ပေးနိူင်မှာ”

ကူမိုင်ခန်းက ကျင်းကော့လန်ကိုပြောသည်။

အပြစ်တင် ငေါက်ငမ်းသည့် စကားများဖြစ်သော်လည်း သူမ၏ အသံက မာမာထန်ထန်မဟုတ်တော့။

ခပ်နွဲ့နွဲ့ကလေး…

အပြစ်တင် ငေါက်ငမ်းသည့်နှင့် မတူဘဲ ချွဲနွဲ့ သလိုမျိုးပင် ဖြစ်နေသည်။

“ရုတ်တရက်မို့ ကျွန်တော်ကြောက်ပြီး ပြေးမို့တာပါ၊နောက်ဆို ကူမိုင်ခန်းတို့ နားမှာပဲ နေပါ့မယ်၊ အခုလိုမျိုးလဲ မလုပ်တော့ပါဘူး”

ကျင်းကော့ထန်က အပြစ် ကျူးလွန်မိသော ကလေးတစ်ယောက် ပြောပုံမျိုးဖြင့် ပြန်ပြောသည်။

ကူမိုင်ခန်းက ကျန်းယိမင်းတို့ထံ လှမ်းကြည့်သည်။

ရန်သူနှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နေသည့် ကျန်းယိမင်းအတွက် အတော်စိုးရိမ်မိသည်။

ကျန်းယိမင်းက တစ်ဖက်လူ နှစ်ယောက်ကို ကောင်းစွာဟန့်တား လွှမ်းမိုးထားနိူင်သည်ကို တွေ့နေရသော်လည်း စိုးရိမ်မှုကတော့ မပျောက်။

အနည်းငယ် လျော့သွားသည်သာရှိသည်။

ထို့ ပြင်...

ဟန့်တားလွှမ်းမိုး ထားနိုင်ပြီ ဖြစ်ပါလျက် တစ်ဖက် နှစ်ယောက်အား ထိမိပြတ်သားစွာ တိုက်ခိုက်ချေမှုန်းခြင်းမပြုနိူင်သေးသည်ကိုလည်း အားမလိုအားမရဖြစ်မိသည်။

မိမိ ဝင်ရောက်ကူညီပေးရန် စိတ်ကူး ရမိသော အခါ ကျန်းယိမင်း၏သိုင်းကွက်အဟန့် ဖြင့် တစ်ဖက်လူနှစ်ယောက် နောက်သို့ လန်ထွက်သွားကြသည်ကို ကူမိုင်ခန်း တွေ့လိုက်ရသည်။


“လက်နက်ပုန်းနဲ့ပစ်”

အကွက် ကောင်းကို မြင်မိသောကြောင့် ကူမိုင်ခန်းက ကမန်းကတန်းပင် လှမ်းအော် ပြောလိုက်သည်။

ကျန်းယိမင်းသည် နဂါးစွယ် လက်နက်ပညာကိုလည်း တတ်ကျွမ်းထားသည်။

သို့ရာတွင် သူ့ထံတွင် နဂါးစွယ်လက်နက်ပုန်းများ မရှိပေ။

သင်ကြား လေ့ကျင့်စဉ်ကလည်း နဂါးစွယ်လက်နက်ပုန်း အစစ်နှင့် လေ့ကျင့်ခဲ့ရခြင်း မဟုတ်။

ကျန်းယိမင်းသည် ကြေးပြားနှစ်ပြားကို ထုတ်ယူကာ ပစ်ပေါက်လိုက်လေတော့၏။


ကျန်းယိမင်းက ကြေးပြားဝိုင်းနှစ်ပြားကို ပစ်လွှတ်လိုက်သည်။

“ဝှီး....ဝှီး”

ကြေးပြားဝိုင်း နှစ်ပြားသည် သရဲဓားနှင့်ငရဲမီးတို့ယောက်ထံသို့ လမ်းတစ်ခုစီခွဲကာ လွင့်ပျံ ဝင်ရောက်သွားသည်။

ကြေးပြားဝိုင်းများကို ပစ်လွှတ်ခြင်း ဖြစ်သော်လည်း နဂါးစွယ် လက်နက်ပုန်းပညာကို အပြည့်အဝ ထည့်သုံးထားသည်။

ထို့ကြောင့် ကြေးပြားဝိုင်းများသည် နဂါးစွယ် လက်နက်ပုန်း၏ အရှိန်အဟုန် ဟန်ဟိတ်များဖြင့် လွင့်ပျံဝင်ရောက် သွားခဲ့သည်။

အားပြင်းသည်။ လမ်းကြောင်းဖြောင့်တန်းသည်။ အရှိန်အဟုန် မြန်ဆန်သည်။

ပြား၍ဝိုင်းပြီးလျှင် အရွယ်အစားကလည်း အတန်ငယ်ကြီးသည်မို့ လေခွင်းသံကတော့ အတော်လေး ကျယ်ကျယ်လောင်လောင် မြည်ဟိန်းသည်။ နဂါးစွယ် လက်နက်ပုန်း အစစ်ဖြင့်ပစ်လွှတ်လျှင် သည်မျှလောက်လေခွင်းသံမြည်ဟိန်းခြင်း မရှိပေ။

အလွန်တိုးညက် ညင်သာသည်။နဂါးစွယ် လက်နက်ပုန်းသည် ကဝိမနော သိုင်းပညာ၏ နာမည်ကျော်ကြားလှသည့် လက်နက်ပုန်း ဖြစ်သည်။

တရုတ်ပြည်ကြီးကို တိုင်းတစ်ပါးသားနယ်ချဲ့များ ကျူးကျော် သိမ်းပိုက်ပြီးနောက် ကဝိမနောနန်း ပြို ပျောက်ကာ ကဝိမနော သိုင်းပညာသည်လည်း တိမ်မြုပ်ပျောက်ကွယ်လု နီးပါးဖြစ်သွားသည့်တိုင် နဂါးစွယ်လက်နက်ပုန်း၏ အမည်ကျော်စောမှုနှင့် ဟန်ဟိတ်တို့ကတော့ ထင်ရှားကျန်ရှိနေဆဲ

ဖြစ်သည်။

အထူးသဖြင့် ကဝိမနောသိုင်းသမားများနှင့် အကြိတ်အနယ် အပြင်းအထန် ရင်ဆိုင်ခဲ့ဖူးလေသော ဖြူမည်းဂိုဏ်းသည် နဂါးစွယ်လက်နက်ပုန်းအကြောင်း ကောင်းကောင်းသိထားသည်။


 သရဲဓားနှင့် ငရဲမီးတို့မှာ ဖြူမည်းဂိုဏ်းနှင့် ဆက်နွှယ်ပတ်သက်မှု အတော်အတန် ရှိသူများဖြစ်ပေရာ နဂါးစွယ်လက်နက်ပုန်းအကြောင်း ကြားဖူးနားဝ ရှိထားကြသည့် သူတို့နှစ်ယောက်သည် ကမန်းကတန်း ရှောင်တိမ်းနေပေရာ မိမိတို့ထံသို့ ဝင်ရောက်လာသည့် လက်နက်ပုန်းအမျိုးအစားကို ကျကျနန မကြည့်မမြင်နိူင်ကြပေ။

လေခွင်းသံကို နားထောင်ခြင်းဖြင့်သာ အရှိန်အဟုန်ပစ်ခတ်မှုပညာနှင့် ဦးတည်လမ်းကြောင်းတို့ကို မှန်းဆကြသည်။

သူတို့ မှန်းဆရသလောက် နဂါးစွယ် လက်နက်ပုန်းအရှိန်အဟုန်နှင့် ပစ်ခတ်မှုပညာတို့ ဖြစ်နေပေရာ အတော်လေး ဖြုံသွားကြသည်။

ကျန်းယိမင်းသည် အင်္ကျီဘေးအိတ်ထဲသို့ လက်ထိုးနှိုက်ရာမှ    ကြေးပြားဝိုင်းများကို စမ်းမိကာ ထုတ်ယူပစ်ပေါက်လိုက်ရသည်မို့ ပစ်ခတ်မှုအချိန်အနည်းငယ် နှောင့်နှေးကြန့်ကြာသွားခဲ့သည်။


ဤအချက်သည် သရဲဓားနှင့် ငရဲမီးတို့ဘက်ကို အခွင့်ကောင်း အသာပေးလိုက်သလို ဖြစ်သည်။သူတို့ထံသို့ တန်းတန်းမတ်မတ် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ဝင်လာသော ကြေးပြားဝိုင်းတို့ကို သရဲဓားနှင့်ငရဲမီးတို့က လွတ်အောင် ရှောင်တိမ်းသွားနိူင်ကြသည်။

အကယ်၍ ကျန်းယိမင်းကသာ အချိန်နှောင့်နှေးခြင်းမရှိဘဲ ရုတ်ခြည်းပစ်ခတ်နိူင်လျှင်    ကြေးပြားဝိုင်းများ သည် သရဲဓားနှင့် ငရဲမီးတို့နှစ်ယောက်စလုံး၏ ချက်ကောင်း နေရာကောင်း များကို ကျကျနန ထိမှန်သွားပေမည်။ လုံးဝ လွဲချော်စရာ အကြောင်းမရှိ။

မိမိတို့ထံသို့ ပစ်လွှတ်လိုက်သည့် လက်နက်ပုန်းသည် ကြေးပြားဝိုင်းနှစ်ခု ဖြစ်ကြောင်းကိုလည်း လွတ်အောင် ရှောင်တိမ်းပြီးမှသာ သရဲဓားတို့ ရိပ်မိသိရှိသွားကြသည်။သို့သော် ပစ်လွှတ်လိုက်သည့် ပညာစွမ်းရည်က မြင့်မားထက်မြက် လှသည့်အတွက် ကြောက်လန့်သည့်စိတ်များကတော့လျော့ပါး

မသွားပါ။

သရဲဓားတို့နှစ်ယောက် ရှေ့ပြန်မတိုးရဲကြတော့။ ဆက်လက်  တိုက်ခိုက်ဖို့လည်း ရွံ့တွန့်တွန့် ဖြစ်နေကြသည်။ မိမိတို့ရင်ဆိုင်ရသည့် ကောင်လေး၏ သိုင်းပညာစွမ်းရည် မြင့်မား ထက်မြက်ကြောင်းကို သူတို့ကောင်းကောင်း အကဲခတ်မိလေပြီ။

အကယ်၍ သရဲဓားနှင့် ငရဲမီးတို့ နှစ်ယောက်တည်းသာ ဆိုလျှင် ကျန်းယိမင်းတို့အနေဖြင့် ဘာမျှ အခက်အခဲမရှိ ထွက်ခွာနိုင်ဖို့ သေချာပေသည်။

သို့သော် အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။


အချက်ပေး လေချွန်သံများနှင့်အတူ လူရိပ် သဏ္ဌာန် လှုပ်ရှားမှုများ ရိုးခနဲရိပ်ခနဲ ပေါ်လာ၏။

စားသောက်ဆိုင်ရှေ့သို့ သိုင်းသမားများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။

သရဲဓားက အချက်ပေးမီးကျည် ပစ်လွှတ် အကြောင်းကြားလိုက်ချက်အရ ရောက်လာကြသော ကြူအုန်းယို တို့လူစုပင် ဖြစ်၏။

အရိပ်မဲ့အဆိပ်၊ ငါးမန်းနက်နှင့် ငှက်မိစ္ဆာတို့အပါအဝင် အင်အား ငါးယောက်ဖြစ်၏။

မိမိတို့ဘက်မှ စစ်ကူများ ရောက်လာသည့်အတွက် ကြောက်ရွံ့ရွံ့ ဖြစ်နေကြလေသော သရဲဓားနှင့် ငရဲမီးတို့လည်း အတော်လေး အားတက်၍ လာကြ၏။

တစ်ဖက်ရန်သူများဘက်တွင် စစ်ကူရောက်လာပြီး အင်အားများပြားလာသည့်အတွက် ကျန်းယိမင်းမှာ ရုတ်တရက် ဘာဆက်လုပ်ရမည်မှန်းမသိ ဖြစ်သွား၏။

ထို့ကြောင့်..

အသာ ပြန်နောက်ဆုတ်ကာ ကူမိုင်ခန်းတို့ရှိရာသို့ သွားရောက် ပူးပေါင်းလိုက်၏။

ကျင်းကော့ထန်၊ ကျန်းယိမင်းနှင့် ကူမိုင်ခန်းတို့သုံးဦတစ်နေရာတည်းတွင် စုစည်းမိ၏။

သရဲဓားနှင့် ငရဲမီးတို့ကလည်း စစ်ကူရောက်လာသူများနှင့် ပူးပေါင်းကြလျက် စုစုပေါင်း လူအင်အားခုနစ်ယောက် ဖြင့် ကျန်းယိမင်းတို့ကို ပတ်လည် ဝန်းရံထားလိုက်ကြ၏။

ဤရွာသို့ သိုင်းသမားများ အရောက်အပေါက်မရှိကြ။

သာမန် ခရီးသွားများသာ ရံဖန်ရံခါ ရောက်လာကြ၏။

ရွာသူရွာသားများသည်လည်း အေးအေးလူလူ ကုပ်ကုပ် နေထိုင်လေ့ ရှိသူများသာ ဖြစ်ကြ၏။

ရွာထဲတွင် ရပ်သူရွာသားချင်း ခိုက်ရန် ဖြစ်ပွားမှုပင် မရှိသလောက် နည်းပါးသော အေးချမ်းဆိတ်ငြိမ်သော နေရာဒေသလေး ဖြစ်၏။

ယနေ့တွင်မူ မကြုံစဖူး ရင်ဆိုင်တိုက်ခိုက်မှုများ ဖြစ်ပွားလျက် ထိုတိုက်ခိုက်မှုများမှာလည်း အဆင့်မြင့် သိုင်းသမားများ၏ ရင်ဆိုင်ပွဲဖြစ်၍ ပြင်းထန်ကြမ်းတမ်းလှပေရာ ရပ်သူရွာသားများတို့ များစွာကြောက်လန့် တုန်လှုပ်နေကြ၏။

အိမ်ထဲမှ အိမ်ပြင်သို့ပင် မထွက်ရဲ ကြ။

မိမိတို့၏ အိမ်များထဲတွင်သာ ကြောက်ကြောက်လန့်လန့်နှင့် ကုပ်၍နေကြလေသည်။

စားသောက်ဆိုင်ထဲတွင်မူ မည်သူမျှမရှိတော့။

စားသောက်နေကြသူများရော ဆိုင်ရှင်နှင့်အလုပ်သမားများပါ မကျန် အားလုံး ဆိုင်ထဲမှ ထွက်ပြေးကုန်ကြပြီ။

စားသောက်ဆိုင်သည် သည်အတိုင်း ဟာလာဟင်းလင်းကြီး လူသူကင်းမဲ့စွာ ကျန်ရှိနေလေသည်။

စားသောက်ဆိုင် ရှေ့တွင်တော့ ပြင်းထန် ကြမ်းတမ်းသည့် တိုက်ခိုက်မှုကြီးဆင်နွှဲရန် တာစူနေကြလေသည့် သိုင်းသမားတစ်စု။


ကြူ အုန်းယိုနှင့် သူ့လူများသည် ကျန်းယိမင်းတို့ သုံးယောက်အား ပတ်ပတ်လည်မှ ဝန်းရံထားကြပြီးဖြစ်သော်လည်း ချက်ချင်း ဝင်မတိုက်ကြသေး။

လူခုနစ်ယောက်တွင် အရိပ်မဲ့အဆိပ်၊ သရဲဓားနှင့် ငရဲမီးတို့ သုံးယောက်သည် ကျန်းယိမင်းနှင့် လက်တွေ့ရင်တိုက်ခိုက်ခဲ့ကြဖူးပြီး ကျန်းယိမင်း၏ သိုင်းပညာအစွမ်းမြင့်ပုံကို ကိုယ်တိုင်သိရှိထားကြသူများ ဖြစ်သည်။

ငါးမန်းနက်နှင့် ငှက်မိစ္ဆာတို့မှာလည်း ကျန်းယိမင်း တိုက်ခိုက်သည်ကို တစ်စွန်းတစ်စ တွေ့မြင်ထားကြသည်၊

သူတို့သည် ကျန်းယိမင်းကို လျှော့မတွက်ရဲကြ။

မိမိတို့ဘက်မှ လူအင်အားများပြား၍ စိတ်ဓာတ်တက်နေသည်မှာ မှန်သော်လည်း အရဲကိုး၍ အရမ်းမလုပ်ရဲ။

အရိပ်အခြည်ကို ကြည့်နေကြသည်။

အကယ်၍…

လူအင်အားနှင့်ဖိကာ အတင်းဝင်တိုက်ခိုက်ရလျှင်လည်း ကျန်းယိမင်းနှင့် တေ့တေ့ဆိုင်ဆိုင် ရင်ဆိုင်ခြင်း မပြုဘဲအတတ်နိူင်ဆုံး ရှောင်မည်ဟုလည်း သူတို့ ငါးယောက်လုံးကျိတ်၍ စိတ်ကူးထားကြသည်။

ကြူအုန်းယိုမှာမူ ကျန်းယိမင်း သိုင်းစွမ်းရည်ပြ တိုက်ခိုက်ပုံများကို ကိုယ်တိုင်တွေ့ကြုံရခြင်း မရှိသေး။

သို့ရာတွင်...

အရိပ်မဲ့အဆိပ်လို လူတစ်ယောက်က ချီးမွမ်း ပြောဆိုထားသည့်အတွက် ကျန်းယိမင်း၏ သိုင်းပညာစွမ်း မသေးကြောင်းကိုတော့ အသိအမှတ်ပြုထားသည်။

ကြူအုန်းယိုသည် သိုင်းပညာ ကောင်းသည်သာမက ဉာဏ်နီဉာဏ်နက်လည်း များသူတစ်ယောက် ဖြစ်၏။

 လက်ရှိအခြေအနေ အတွက် အသင့်တော်ဆုံးနှင့် အကောင်းဆုံး ဆုံးဖြတ်မည့် နည်းပရိယာယ်များကို ကြူအုန်းယိုက အကြံထုတ်ကာ စဉ်းစားသည်။


သူတို့၏ အဓိကပစ်မှတ်က ကျင်းကော့ထန်။

ကျန်နှစ်ယောက်သည် ဘာမျှ အရေးမဟုတ်။

ထို့ကြောင့်..

ကျန်နှစ်ယောက်ကို လှည့်စားကာ အယောင်ပြတိုက်ခိုက်ထားပြီး အခွင့်ကောင်းပေါ်အောင် ဖန်တီးယူမည်။

အခွင့်ကောင်း ပေါ်လာသည်နှင့် ကျင်းကော့ထန်ကို အပြတ်ချေမှုန်း သုတ်သင်ပစ်ရမည်။

ဤသို့ စဉ်းစားမိသည့်အတွက်…

လှုပ်ရှားဆောင်ရွက်ရမည့် အစီအစဉ်များကို သူ့လူများအား ပြောဆို ညွှန်ကြားလိုက်လေသည်။


“အရိပ်မဲ့အဆိပ်ရယ်၊ သရဲဓားနဲ့ ငရဲမီးတို့က ကောင်လေးကို ဝင်တိုက်၊ ငါးမန်းနက်နဲ့ ငှက်မိစ္ဆာက ကောင်မလေးကို ကျင်းကော့ထန်နားက အလှမ်းကွာသွားအောင်ဖယ်ထုတ်ကြ၊ လို့အပ်တဲ့နေရာမှာ ကျုပ်တို့က ဝင်ကူထောက် ပေးမယ်”


ကြူအုန်းယိုက ဤစကားများကို မိမိတို့အချင်းချင်းသာနားလည်သည့် စကားဝှက်များနှင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကျန်းယိမင်းသည် ကြူအုန်းယိုပြောကြားသည်များကိုကောင်းစွာ ကြားနေရသော်လည်း တစ်လုံးမျှနားမလည်ပါချေ။

သိုင်းလောက အမှောင်နယ်မှ သိုင်းသမား များသည်စကားဝှက်များဖြင့် ပြောဆိုဆက်သွယ်သည့်အကျင့် ရှိကြသည်။

ဘီလူးဂိုဏ်းမှာလည်း တစ်ချိန်က အမှောင်နယ်မှဂိုဏ်းတစ်ခုဖြစ်ပေရာ စကားဝှက်များရှိခဲ့သည်။

မြွေဆိုးဂိုဏ်းတွင်လည်းရှိသည်။

ကူမိုင်ခန်းသည် ဘီလူးဂိုဏ်း၏ လက်ရင်း ဂိုဏ်းဝင်အမာခံ တစ်ယောက်ဖြစ်ရာ ဘီလူးဂိုဏ်း၏ စကားဝှက်များကို နားလည်သည်။

ဘီလူးဂိုဏ်းထဲတွင် မြွေဆိုးဂိုဏ်းဝင် အများအပြားပါရှိနေရာ မြွေဆိုးဂိုဏ်း၏ စကားဝှက်များကိုလည်း သိနေသည်။

အမှောင်နယ်မှ သိုင်းအဖွဲ့ အချို့၏ စကားဝှက်အနည်းအကျဉ်းကိုလည်း ကြားဖူးသိဖူးထားသည်။

ထို့ကြောင့်..

ကြူအုန်းယိုပြောကြားသည်များကို လုံးစေ့ပတ်စေ့ မဟုတ်သော်လည်း ရိပ်ဖမ်းသံဖမ်းလောက်တော့နားလည်

သည်။

 မိမိနှင့် ကျန်းယိမင်းတို့ကို လူစုခွဲကာ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ရိပ်စားမိသည်။

ကူမိုင်ခန်းမှာလည်း ကြူအုန်းယိုကဲ့သို့ပင် ဉာဏ်နီဉာဏ်နက် များသူကလေးဖြစ်သည်။

ပရိယာယ်ဝေဝုစ်အရာတွင် ကြူအုန်းယို ထက်ပင် သာကောင်းသာလွန်နိုင်သည်။

သည်တော့ မြွေမြွေချင်း ခြေမြင်သည်။

မိမိနှင့် ကျန်းယိမင်းတို့ကို ဦးတည်၍ တိုက်ခိုက်ကြမည် ဖြစ်သော်လည်း တစ်ဖက်လူများ၏ အဓိက ပစ်မှတ်သည် ကျင်းကော့ထန်ကိုသာ ဖြစ်နိူင်ကြောင်း ခန့်မှန်းမိ၏။

ကျန်းယိမင်းအား ကျင်းကော့ထန်၏အနားမှမခွာတမ်း နေရန်ပြောဆိုသတိပေးဖို့ စိတ်ကူးရသည်။

သို့သော်…

ဝန်းရံထားသည့် တစ်ဖက်လူများ ကြားသွားနိုင်သောကြောင့် သည်အတိုင်း ပြောင်ပြောင် တင်းတင်း ပြောလို့

လည်းမသင့်။

ကျန်းယိမင်းသည် စကားဝှက်တွေဘာတွေလည်း တတ်သည်မဟုတ်၍ လျှို့ဝှက်ပြောကြားဖို့ ကလည်းမရ။

အကြံအိုက်၍ နေသည်။

ထိုအခိုက်မှာပင်ကြူ အုန်းယိုက သူ့လူများကို တိုက်ခိုက်မှုစတင်ရန် အချက်ပေးလိုက်လေတော့သည်။


Comments

Popular posts from this blog

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၂ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၃ )