သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၉ )

 အခန်း (၉)


ကျင်းကော့ထန် ခြေကုန်သုတ်ကာပြေး၏။

သရဲအရိပ်ကလည်း သူ့နောက်မှအတင်းပင် ပြေးလိုက် လာနေသည်။

သရဲအရိပ်က အဆင့်မြင့် သိုင်းသမားကြီးတစ်ယောက်၊ ကျင်းကော့ထန်ကတော့ သာမန်သိုင်းပညာ လောက်ကိုသာ တတ်မြောက်ထားသူ။

သည်တော့...

ကျင်းကော့ထန်အနေဖြင့် သရဲ အရိပ်၏ လက်မှ လွက်အောင်ပြေးနိုင်ဖို့က မလွယ်လှပါ။


ကိုယ်ဖော့ပညာမှစကာ ဘက်ပေါင်းစုံတွင် သာလွန်နေသော သရဲအရိပ်အနေဖြင့် ကျင်းကော့ထန်ကို ကြက်ကလေး ငှက်ကလေးတွေ ဖမ်းသလို အလွယ်တကူအမိဖမ်းကာ ကွပ် ညှပ်သုတ်သင်ပစ်ဖို့သာရှိ၏။

အကယ်၍...

ရှင်းရှင်းလင်းလင်းရှိသော မြေပြန့်လွင်ပြင်ကျယ်လို နေ ရာမျိုးတွင်ဆိုလျှင် ဤအတိုင်း မလွဲမသွေ ဖြစ်လာရပေလိမ့်မည်။

ကျင်းကော့ထန်သည် ခြေလှမ်း ဆယ်လှမ်းမျှပင် ပြည့်အောင်မပြေးနိုင်ဘဲ သရဲအရိပ်၏ ဓားချက် အောက်တွင် အသက်ပျောက်ရမည်ဧကန်။

သို့သော်……

ယခုကျင်းကော့ထန်နှင့် သရဲ အရိပ်တို့နှစ်ယောက် ပြေးသွားနေကြသည့် နေရာသည် မြေပြန့် လွင်ပြင်ကျယ်မဟုတ်။

ရှင်းရှင်းလင်းလင်းမရှိ။



မြွေဖြူစခန်းလျှိုမြောင်အတွင်း ထူထပ် သိပ်သည်းသည့် တောကြီးမျက်မည်းထဲတွင် ဖြစ်သည်။

မြင့်မားသောသစ်ပင်ကြီးများ၊ချုံနွယ်ပိတ်ပေါင်းများ၊ ချိုင့်ဝှမ်းများ၊ ခလုတ်ကန်သင်းများ ထူထပ်ပေါများလှသည်။

ကျင်းကော့လန်သည် အဆင့်မြင့်သိုင်းပညာများ ထက်ထက်မြက်မြက် တတ်မြောက်မထားသော်လည်း အမဲလိုက် ဝါသနာအိုး တစ်ယောက်ဖြစ်ပြီး အချိန်ရတိုင်း တောလည်

ထွက်နေရာ တောအလွန်ကျွမ်းသည်။

တောတောင်ရေမြေတို့၏ သဘာဝပရိယာယ် အသွယ်သွယ်ကို နားလည်တတ်သိသည်။

ထို့ပြင်...

ခြေသလုံးအိမ်တိုင် သိုင်းသမားများသည် ကျင်းကော့ထန်အား ပြန်ပေးဆွဲထားကြစဉ်က ဤမြွေဖြူစခန်း လျှိုမြောင်ကြီးထဲမှ တောအုပ်ထဲတွင် ဟိုနေရာ တစ်ရက်၊ သည်နေရာတစ်ရက်၊ တစ်နေ့ နေရာတစ်မျိုးပြောင်းလဲစခန်းချကာ ပုန်းအောင်းနေခဲ့ကြသည်။

ထို့ကြောင့်..

မြွေဖြူ စခန်း လျှိုမြောင်ထဲရှိ တောတောင်ရေမြေများနှင့် ကျင်းကော့ထန် အတော်အသင့် ရင်းနှီး ကျွမ်းဝင်နေသည်။

အခြေကျနေသည်ဟု ဆိုနိုင်သည်။

သရဲအရိပ်သည်    အဆင့်မြင့် သိုင်းပညာများ တတ်မြောက်ထားသည့် သိုင်းအကျော်အမော် ဖြစ်သော်လည်း တောလိုက် မုဆိုးကောင်းတစ်ယောက် မဟုတ်ပေ။

တောထဲတောင်ထဲတွင် ခရီးသွားလာဖူးသည့် အတွေ့အကြုံများ အတော်အသင့်ရှိ၏။

သို့သော်...

မုဆိုးကောင်း တစ်ယောက်ဖြစ်သော ကျင်းကော့ထန် လောက်တော့ တောမကျွမ်း။

တော၏ ပရိယာယ် ဝေဝုစ်များကို နားလည် တတ်သိခြင်း မရှိ။

ပြီးတော့ တစ်ခုရှိသေးသည်။

ဤမြွေဖြူစခန်း လျှိုမြောင်ကြီးသည် သရဲအရိပ်အဖို့ ယခုမှသာ ခြေချရောက်ဖူးသည့် ရေစိမ်းမြေစိမ်း ဖြစ်နေ၏။

တောကြီးမျက်မည်းထဲမှ ထူထပ်သိပ်သည်းသော သစ်ပင် ချုံနွယ်များအကြား တိုးဝင် ပြေးလွှားရသောအခါ တောကျွမ်းသော ကျင်းကော့ထန်က တောမကျွမ်းသော သရဲအရိပ်ထက် တစ်ပန်းသာ၍ နေသည်။

တောအုပ်၏ ထူထပ်သိပ်သည်းသော သစ်ပင်ချုံ့နွယ်သဘာဝ အတားအဆီးများသည် သရဲအရိပ်ကို အဆင့်မြင့် ကိုယ်ဖော့ပညာအား စိတ်ရှိတိုင်းသုံး၍မရအောင် ကန့်သတ်ချုပ်ချယ်၍ ထားကြ၏။

ထို့ ပြင်...

မုဆိုးကောင်း တစ်ယောက်ဖြစ်သော ကျင်းကော့ထန် တောအုပ်၏ သဘာဝအကာအကွယ်နှင့် တောအုပ်ပရိယာယ် အသွယ်သွယ်တို့ကိုကျွမ်းကျင်ပိုင်နိုင်စွာ အ သုံး ချ ၍ နေရာ သရဲအရိပ်အနေဖြင့် ကျင်းကော့ထန်ကို မီအောင် မလိုက်နိုင်၊ အမိမဖမ်းနိူင်။

ကျင်းကော့ထန်ကို မျက်ခြည် ပြတ်မသွားရအောင်ကိုပင် မနည်းကြီးကြိုးစား၍ နေရသည်။

တောတိုးပြေးလွှားရင်း ဆူးချုံပုတ်များနှင့် ဝင်တိုးမိခြင်း၊ သစ်ကိုင်းများနှင့် ရိုက်မိခြင်း၊ ခလုတ်ကန်သင်းများ တိုက်မိခြင်းတို့ကြောင့် သရဲအရိပ်မှာ ထိခိုက် ရှ နာကာ ဒဏ်ရာဒဏ်ချက်တွေ ရ၍နေသည်။

ဤအတွက်ကြောင့် သရဲ အရိပ်မှာ အထူးပင်ခံပြင်းကာ ဒေါသအထွက်ကြီး ထွက်၍နေလေ၏။

ကျင်းကော့ထန်ကို မိလုမိခင်နှင့် လွတ်၍လွတ်၍ ထွက်သွားရပြန်လေရာ သရဲအရိပ် အလွန်ပင် မခံချိမခံသာဖြစ်၍ နေသည်။

တော၏ ပရိယာယ်များကို ထိမိစွာ အသုံးချကာ သရဲအရိပ်၏ တိုက်ခိုက်သုတ်သင်မှု ခံရမည့်အရေးမှ လက်မတင်ကလေး သိုးကာသီကာ လွတ်မြောက်အောင် ရှောင်တိမ်းနေနိူင်သည့် ကောင်းကျိုးရှိသည်မှာ မှန်သော်လည်း တစ်ဖက်တွင်လည်း ကျင်းကော့ထန်အတွက် အကျိုးယုတ်

တွေကလည်း ရှိနေပြန်သည်။

ယခုလို ရှောင်ရှား ပြေးလွှားနေသည့်အတွက် ကျင်းကော့ထန်ကို ကူညီကာကွယ်ပေးရန် လိုက်လာကြလေသော မုတ်ဆိတ်နီကြီးနှင့် စီးရိနန်းတွင်းသိုင်းသမား တစ်သိုက်မှ ကျင်းကော့ထန်ကို ခြေရာမခံနိူင်တော့ဘဲ မျက်ခြည်ပြတ်ကျန်ခဲ့ ကြသည်။

သရဲအရိပ်ကမူ ကျင်းကော့ထန်နောက်သို့ပြေးလိုက်ရင်း လျှို့ဝှက်အချက်ပြ ဆက်သွယ်မှုများ ပြုလုပ်လျက် မကြာမှီမှာပင် ငါးမန်းနက်နှင့် ငှက်မိစ္ဆာတို့ လာရောက်ပူးပေါင်း နိုင်ခဲ့ကြသည်။


သူတို့ပြေးလာကြသည်မှာ မြွေဖြူစခန်း လျှိုမြောင်း၏ အရှေ့ဘက် ကမ်းပါးယံထိပ်သို့ တက်ရောက်နိုင်သော လမ်းကြောင်းများ ရှိရာ နေရာနှင့် တစ်စစ နီးကပ်၍လာသည်။


ထိုနေရာတွင်..

မြွေဖြူ စခန်းလျှိုမြောင်ကြီးထဲသို့ တောရိုင်းတိရစ္ဆာန်များ အဆင်းအတက် လုပ်ရာမှ ဖြစ်ပေါ်နေသော လမ်းကြောင်း ဖုံဖုံကလေးများ ရှိနေသည်။

အရိပ်မဲ့အဆိပ်က ငါးမန်းနက်နှင့် ငှက်မိစ္ဆာတို့အားဘယ်ညာ ခွဲဖြန့်ကာ ကျင်းကော့ထန်၏ ပုန်းခိုရှောင်တိမ်းမှု နယ်ပယ် ကျဉ်းမြောင်းသွားအောင် ဝိုင်းပတ်၍ လိုက်ရန် ပြောဆိုညွှန်ကြားလိုက်သည်။

ဤသို့ပြောဆို လမ်းညွှန်နေသည့် အတွက်…

ကျင်းကော့ထန်၏ နောက်သို့ အတင်းလိုက်နေမှု အရှိန်အဟုန်ကတော့ အနည်းငယ်လျော့ပါး၍ သွားသည်။

ကျင်းကော့ထန်သည် အရိပ်မဲ့အဆိပ်တို့ကို နောက်ဘက်တွင် အတော်ကွာလှမ်း ပြတ်ကျန်နေအောင် ပြေးသွားနိုင်ခဲ့သည်။

ဤသည်ကို ကျင်းကော့ထန်က မိမိအနေဖြင့် အရိပ်မဲ့အဆိပ်တို့ကို မျက်ခြည်ဖြတ် ထားနိုင်ခဲ့ပြီဟု တွက်သည်။


မိမိကိုယ်မိမိ အထင်ကြီးမိသော ကျင်းကော့ထန်သည် မြွေဖြူ စခန်း လျှိုမြောင်ကြီး၏ အရှေ့ဘက် ကမ်းပါးသို့ အရောက်တက်ရန် ဆုံးဖြတ်ကာ တိရစ္ဆာန်များ     အတက်အဆင်း ပြုလုပ်၍ ဖြစ်ပေါ်နေလေသော လမ်းကြောင်းဖုံဖုံကလေး တစ်ခုအတိုင်း ပြေး၍ တက်သွားလေသည်။

ဤသည်မှာ ကျင်းကော့လန်၏ အမှားကြီးတစ်ခု ဖြစ်၏။ ထိုလမ်းကြောင်း ဖုံဖုံလေး၏ ဝဲယာ အနီးဝန်းကျင်တွင် အတန်ငယ် ရှင်းရှင်းလင်းလင်း ရှိ၍နေသည်။

ပြေးတက်သွားသော ကျင်းကော့ထန်ကို ထင်းထင်းကြီးပင် အထင်အရှား မြင်သာသည်။

မျက်ကွယ်ယူ ပုန်းခို အယောင်ဖျောက်နိုင်သည့် သစ်ပင် ချုံနွယ် ထူထူထပ်ထပ်များလည်း လက်လှမ်းမီရာတွင် မရှိ။

ထင်ရှားစွာ မြင်နေရသော ကျင်းကော့ ထန်ရှိ ရာသို့ အရိပ်မဲ့အဆိပ်၊ ငါးမန်းနက်နှင့် ငှတ်မိစ္ဆာတို့ သုံးယောက် ပြိုင်တူလိုလိုပင် အပြေးရောက်၍ အမီလိုက်နိုင်ခဲ့ကြသည်။

ကျင်းကော့ထန်၏ဝဲဘက်၊ ယာဘက်နှင့် အနောက်ဘက် နေရာသုံးခုမှ ရန်သူသုံးယောက်တို့ ဝိုင်းပိတ် ရောက်ရှိကြပြီ။


ကျင်းကော့ထန် ဘယ်လိုမှ ပြေးလွှားရှောင်တိမ်း၍ မရ နိုင်တော့။

“ကဲ..ပြေးလို့ မလွတ်နိူင်တော့ပါဘူး မင်းသား လေးရယ်...”

ကျင်းကော့ထန်တို အမီလိုက်ကာ     ဝိုင်းပတ်ညှပ် အမိဖမ်းလိုက်ပြီးနောက် အရိပ်မဲ့အဆိပ်က ပြော၏။

ကျင်းကော့ထန် ဘာမျှမပြောနိုင်။

အရိပ်မဲ အဆိပ်တို့ကိုသာ ကြောက်လန့်တကြား ကြည့်နေသည်။

လက်စတုံး လုပ်ဆောင်နိုင်ရန် အတွက် သရဲအရိပ်က လခြမ်းပုံ ဓားပျော့ကို ပင့်မြှောက်လိုက်၏။

တက်သစ်စ နေရောင်ခြည်အောက်တွင် ဓားရောင် တစ်ချက် လင်းလက်၏။


Comments

Popular posts from this blog

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၂ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁ )

သစ္စာသခင်နှင့် မေတ္တာရှင် အခန်း ( ၁၃ )